သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ လက်ခံဖို့အသင့်ရှိကြောင်း မြန်မာအစိုးရပြောဆို


ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး ဒီကနေ့ စတင်မယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုင်းငံ့လိုက်ပေမဲ့လည်း၊ မြန်မာအစိုးရဘက်ကတော့ ပြန်လည်လက်ခံဖို့ အသင့်ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က အစီအစဉ် ဆိုင်းငံ့လိုက်တဲ့အကြောင်းရင်းကို တိတိကျကျ မသိရပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာဘက်ကတော့ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က သိန်းနဲ့ချီတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အစီအစဉ် ကို ဇန်နဝါရီ ၂၃ရက်နေ့မှာ စတင်မယ်လို့ စီစဉ်ထားပေမယ့် လိုအပ်ချက်တချို့ကြောင့် အချိန်မီ စတင်နိုင် မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ပြန်ပို့ဖို့ ၁ ရက်အလို ဇန်နဝါရီလ ၂၂ ရက်နေ့မှာဘဲ ပြောကြားလိုက်တာပါ။

ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ဟာ အချိန်ယူ လုပ်ဆောင်ရတာမို့ အခုလို ကြန့်ကြာ တာကို နားလည်သလို မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အဆင့်သင့် ဖြစ်နေပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဗွီအိုအေကို ပြောပါတယ်။

"နှောင့်နှေးနေတယ်ဆိုတာက နှောင့်နှေးနေတယ်လို့တောင်ပြောလို့မရသေးတာက ၂၃ မှာ စလက်ခံလို့ရပြီဆိုတာ ကျနော်တို့ အဆင်သင့်ဖြစ်ရတာ ကျနော်တို့ တာဝန်၊ ပို့တာက တဖက်က ဘင်္ဂလားဒေ့ရှ်ရဲ့တာဝန်။ ပို့တဲ့နေရာမှာ ခုနက ကျနော်ပြောတယ် အချိန်ယူရတာလည်းရှိနိုင်တယ်၊နှောင့်နှေးတဲ့ အကြောင်းအရင်းကတော့ ဒါပဲဖြစ်နိုင်တာပေါ့နော်။ ကျနော်တို့ဘက်ကတော့ ပြောလို့ရတာဒါပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဘက်က လုပ်ရမယ့်တာဝန်တွေကတော့ ကျနော်တို့ဘက်က လုပ်ထားပြီးပြီ။ ကျနော်တို့နိုင်ငံက ဒီနေ့ Ready ဖြစ်ပါတယ်။"

ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဒုက္ခသည်တွေ ပြန်ပို့ဖို့ အစီအစဉ်ဟာ ဧရာမ လုပ်ငန်း တာဝန်ကြီးဖြစ်တာ မို့ ဒုက္ခသည်တွေ လွှဲပြောင်းရေးစခန်းတွေကို ပြင်ဆင်ဖို့နဲ့ နေရပ်ပြန်မယ့်သူတွေကို စာရင်းကောက်ဖို့ အချိန်ယူရမယ်လို့ ပြောထားတာပါ။

ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေးအစီအစဉ်ကို အချိန်မီမစတင်နိုင်တာဟာ နှစ်နိုင်ငံအစိုးရကြား နားလည်မှုလွဲတာလည်းမဟုတ်သလို အစီအစဉ် ပျက်သွားတာလည်းမဟုတ်ဘူးလို့ ဒေါက်တာ ဝင်း မြတ်အေးက အခုလိုရှင်းပြပါတယ်။

"သဘောတူစာချုပ်က ၂ နိုင်ငံက သဘောတူလို့ အောင်မြင်မှုတခုအနေနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီစာချုပ်ထဲမှာက ၂ လပြည့်ရင် စတင်လက်ခံနိုင်ပြီလို့ ရေးထားတာလေ။ ဆိုတော့ စတင်လက်ခံနိုင်ပြီဆိုတော့ ကျနော်တို့ဘက်က တာဝန်က လက်ခံတဲ့လူတွေဆိုတော့ အဲဒီ ၂၃ ရက်နေ့က ၂ လပြည့်တဲ့လူတွေအတွက်ကြောင့် အဆင်သင့် ကျနော်တို့ ဖြစ်အောင်လုပ်ထားရတာပေါ့ဗျာ၊ တဖက်ကပို့တဲ့လူကလည်း သူပို့ဖို့အတွက်ဆိုရင် သူကအဆင့်တွေက အများကြီးရှိတယ်။ ဒီစိစစ်တာတို့ လုပ်ငန်းဆောင်ရွက်တာတို့ ပုံစံဖြည့်တာတို့ ဒီဘက်ကိုမပို့ခင်မှာ စခန်းကို ပို့ရတာပေါ့နော်။ ပြန်လည်ပို့ဆောင်ရေးစခန်းပေါ့ ၊ ကျနော်တို့ကတော့ လက်ခံရေးစခန်းပေါ့။ အဲဒီဟာတွေကို စီစဉ်ရတာတို့ ဒါတွေမှာ အချိန်ယူနေရတာ ဖြစ်လိမ့်မယ်ခင်ဗျ။ ကျနော်တို့ ကတော့ စာရင်းပေးထားတယ်၊ verify လုပ်ထားတယ် မြန်အောင်လို့ပေ့ါနော် ဒီဘက်က verifyလုပ်ထားတဲ့ စစ်ပြီးသားစာရင်း တခုပို့ထားတာပေါ့နော်။ ဆိုတော့ အဲဒါကို အမြန်ပို့လို့ ရနိုင်မယ့်နည်းလမ်း။ သို့သော် စာရင်းကတော့ ရပြီ ဒါပေမယ့် ဒါက voluntary repatriation and safe သူတို့ဘက်က voluntary အနေနဲ့ သူတို့က ပြန်လာဖို့ဆိုတဲ့ ပုံစံဖြစ်ရမယ်။ နောက်စာရင်းလုပ်ရမယ် အဆင့်ဆင့် ဆောင်ရွက်ရတာတွေရှိမှာပါခင်ဗျ။ အဲဒါတွေ ကြန့်ကြာတာဖြစ်ပါလိမ့်မယ်။ ပျက်သွားတာမဟုတ်ပါဘူး။"

မြန်မာအစိုးရဘက်ကတော့ဒုက္ခသည်တွေကို ပြန်လည်လက်ခံ ဖို့အတွက် မောင်တောမြို့နယ်ထဲက ငါးခူ ရနဲ့ တောင်ပြိုလက်ဝဲတို့က ပြန်လည်လက်ခံရေးစခန်းတွေမှာ စတင်လက်ခံဖို့ ရှိနေတာပါ။ ဒီကနေ့ ဇန်နဝါရီ ၂၃ရက်နေ့ကစလို့ သတင်းတပတ်ကို လူ ၁၅၀၀ စိစစ်လက်ခံဖို့ မြန်မာဘက်က သတဘောတူ ထားတာဖြစ်ပြီးငါးခူရနဲ့ တောင်ပြိုလက်ဝဲတို့မှာရှိတဲ့ စခန်းတွေမှာ အသင့်ပြင်ထားပေမယ့်လည်း ဘင်္ဂ လားဒေ့ရှ်ဘက်က ဒုက္ခသည်တွေ တယောက်မှ ရောက်မလာသေးပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်လို့ တောင်ပြို လက်ဝဲက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဌာနက ညွှန်ကြားရေးမှူး ဦးသောင်းရွှေက အခု လို ပြောပြပါတယ်။

"ဒီနေ့တော့မရှိသေးပါဘူး။ သူတို့လာလို့ရှိရင် ထောက်ပံ့ဖို့ ကျနော်တို့က အဆင်သင့် ပြင်ဆင်ထားပါတယ်။ ကျနေ်ာတို့ကတော့ ဒီဘက်မှာတော့ ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံးကတော့ အဆင်သင့်ဖြစ်နေပါပြီ။ အကုန်လုံးအဆင်သင့်ဖြစ်တယ်လေ။ ကျနော်တို့ဘက်ကတော့ အကုန်လုပ်နိုင်ပါတယ်။"

ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေ ပြောဆိုထားကြတာပါ။ Human Rights Watch ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုင်းငံ့လိုက်တဲ့ အစီအစဉ်ဟာ ဒုက္ခသည်တွေအတွက် လုံခြုံမှုမရှိတဲ့အတွက် ၂ ဘက်သဘောတူ ဆိုင်းငံ့ဖို့ တိုက်တွန်းခဲ့တာပါ။ရိုဟင်ဂျာဒုက္ခသည်တွေကို မောင်းထုတ်ခဲ့တဲ့ စစ်တပ်က စောင့်ကြပ်မယ့် ဒုက္ခသည်စခန်းတွေကို ပြန်မပို့သင့်တဲ့အတွက် အစီအစဉ်ကို ဆိုင်းထားဖို့ လိုကြောင်း HRW က တိုက်တွန်းခဲ့ပါသေးတယ်။

Amnesty International အဖွဲ့ကလည်း အစီအစဉ် ဆိုင်းငံ့လိုက်တဲ့အပေါ် ကြိုဆိုလိုက်ပြီး၊ ဒုက္ခသည်တွေ ထွက်ပြေးရတဲ့ အကြောင်းရင်းတွေကို အရင်ဖြေရှင်းဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG