ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဟာ ဒီကနေ့မှာတော့ မောင်တော ဒေသက ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်ဆောင်ရွက်နေ တာတွေအပြင်၊ ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကိုပါ သွားရောက်ကြည့်ရှုခဲ့ပါ တယ်။ ၂ရက်ကြာမယ့် ဒီလေ့လာရေးခရီးစဉ်က အကြံပေးအဖွဲ့ရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာ ပိုင်းကမေခက တင်ပြသွားမှာပါ။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ၏ အကြံပေးအဖွဲ့ဟာ စတင်တည်ထောင်ပြီးချိန်မှစပြီး အခုခရီးစဉ်က ပထမဆုံးလာရောက်လေ့လာတဲ့ ခရီးစဉ်လဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အငြိမ်းစား ဒုတိယဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီး H.E. Prof. Dr. Surakiart Sathirathai ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီနဲ့ လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဒီလိုတွေ့ဆုံပြီး အခုလို ရခိုင်ဒေသကို ပထမဆုံးအကြိမ်သွားရောက်လေ့လာ တာဖြစ်ပါတယ်။
အကြံပေးအဖွဲ့ ဒီကနေ့သွားရောက်လေ့လာခဲ့တဲ့ နေရာတွေနဲ့ပတ်သတ်လို့ ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှုး ဦးတင်မောင်ဆွေက ဗွီအိုအေ ကို အခုလို ပြောပြ လာတာပါ။
"မောင်တောမှာ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး လက်ခံရေးစခန်းတွေကို သွားကြည့်တယ်။ နောက်တခါ ယာယီ နေရာချထားမယ့် လှဖိုးခေါင်ကိုကြည့်တယ်နောက်တခါ ပြန်လည်နေရချထားမယ့် ငါးခူရတို့ တောင်ပြိုလက်ဝဲတို့ အဲဒါတွေကို သွားကြည့်တယ်။ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ တွေ့တယ်။ အဲဒီမှာ အိမ်ဆောက်လုပ်နေတဲ့ UEHRD လူငယ် project ကအဖွဲ့တွေနဲ့လည်းတွေ့ပါတယ်။ အိမ်ဆောက်လုပ်နေတဲ့ကိစ္စတွေ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေတဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ပါတယ်။ အခုဘယ်ကိုရောက်နေလဲ ဆိုတော့ ကျောက်ဖြူကို ရောက်နေပါတယ်။ ကျောက်ဖြူကိုသွားပြီးတော့ ကြည့်နေပါတယ်။ ဒါပြီးရင်တော့ သူတို့ဟိုဘက်ကိုသွားမှာပေါ့ ငပလီမှာ တညအိပ်မယ်။ ကျောက်ဖြူက အထူးစီးပွားရေးဇုံနဲ့ အဲဒီမှာရှိနေတဲ့ လုပ်ငန်းတွေကို သွားကြည့်တာဖြစ်ပါတယ်။ ဓါတ်ငွေ့လွှတ်တဲ့လုပ်ငန်းတွေ ၊ ဓါတ်အားခွဲရုံတွေ။"
ဒီခရီးစဉ်မှာ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီဝင်တချို့နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့လည်းလိုက်ပါကြတယ်လို့ ပြောပါတယ်။ ဒီညမှာတော့ သူတို့ဟာ သံတွဲ ငပလီမှာ ညအိပ်မှာဖြစ်ပြီး မနက်ဖြန် နေပြည် တော်ကို ပြန်မှာဖြစ်တယ်လို့ ဦးတင်မောင်ဆွေကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်သြဂုတ်လက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင်က အကြံပြုချက် ၈၈ချက်ပါ အပြီးသတ် အစီရင်ခံစာထုတ်အပြီး ဒါတွေကို အစိုးရဘက်က အကောင်အထည်ဖော်ဆောင် ရွက်ဖို့ ကော်မတီအပြင်၊ အဲဒီအတွက် အကြံပေးအဖွဲ့ကို နိုင်ငံတကာက ထင်ရှားတဲ့ပုဂ္ဂိုလ်အချို့ကို ဖိတ်ကြားပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဖွဲ့ခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုက New Maxico ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း Bill Richardson လည်း ဒီအဖွဲ့မှာ ပါဝင်ပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ် ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေ ဇန်န၀ါရီလ ၂၃ရက်နေ့မှာမြန်မာနိုင်ငံကိုပြန်ပို့ဖို့ ဘင်္ဂလားဒေရှ်ဘက်နဲ့ သဘောတူညီမှုရရှိထားပေမယ့် လည်း ပြန်ပို့ရေးအစီအစဉ်ကို ရက်ရွှေ့ဆိုင်း လိုက်တာကြောင့် ဒီကနေ့အထိ ပြန်လာတာမရှိသေးပါဘူး။ လက်ရှိမှာမြန်မာ အစိုးရဘက်က တော့ ပြန်လည်လက်ခံရေး အဆင်သင့်ဖြစ်နေပြီလို့ ဆိုထားပေမယ့် တဖက်နိုင်ငံဘက်ကတော့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ရက်ရွှေ့လိုက်တာဖြစ်ပါတယ်။
အခုလို ရွှေ့ဆိုင်းလိုက်တာနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူကတော့ အခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။
"ဘင်္ဂလားဒေ့ရှ်ဘက်က ရရှိတဲ့ Information ကတော့ သူတို့ ဒီ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နဲ့ မစ္စတာ ခါလမ်က သူကတော့ Joint Working Group မှာ အဖွဲ့ဝင်လည်းဖြစ်ပြီးတော့ ဒီ technical working Group ကို ဦးဆောင်မယ့်သူလည်း ဖြစ်ပါတယ်။ သူတို့ တကယ့်လက်တွေ့ကွင်း On Ground မှာ ဆောင်ရွက်တဲ့ အချိန်မှာ Form ဖြည့်ဖို့ Paper works တွေ သူတို့အများကြီးလုပ်ရမယ်။ UNHCR နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ နောက်ဒီလူတွေသည် voluntary return ဖြစ်မဖြစ်ကို UNHCR ကနေ Verify လုပ်ပေးဖို့ လိုပါမယ်။ ဒီအဆင့်တွေပြီးတော့မှ Form တွေကို ကျနော်တို့ဘက်ကို တရားဝင်လွှဲဖို့ဖြစ်ပါတယ်။ On Ground မှာသူတို့ဘက်က အချိန်ယူပြီးဆောင်ရွက် ရမှာဖြစ်တဲ့အတွက် သူတို့က Delay လုပ်တဲ့သဘောပါ။ ဒီအစီအစဉ် သူတို့ဘက်ကလည်း Delay လုပ်တယ်ဆိုပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ ပုံစံတွေဖြည့်တာတွေ UNHCR နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ သူတို့ဘက်မှာ စလုပ်နေပါပြီ။ အဲဒီတော့ သူတို့ဘက်က Form ဖြည့်ပြီး ကျနော်တို့ဘက်ကို စလွှဲတဲ့အချိန်မှာ ကျနော်တို့ဘက်က လိုအပ်တဲ့ စစ်ဆေးမှုတွေ စလုပ်မှာ ဖြစ်ပါတယ်။"
ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်သြဂတ်လ ၂၅ရက်နေ့ ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် ဒုက္ခသည် ၆သိန်းခွဲလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွကိသွားကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ဆိုထားပါတယ်။