သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်များ ပြန်ပို့ရေးဆိုင်းငံမှု ကန် ကြိုဆို


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Heather Nauert (ဒီဇင်ဘာ ၁၄ ၊ ၂၀၁၇)

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆိုင်းငံ့လိုက်တဲ့အပေါ် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။

"အစီအစဉ် ဆိုင်းငံ့လိုက်တာဟာ စိတ်ကူးကောင်းတခုဖြစ်တယ်လို့ အမေရိကန် အနေနဲ့ ယူဆကြောင်း၊ ရိုဟင်ဂျာတွေ နေရပ်ပြန်တဲ့အခါ ဘေးကင်းလုံခြုံမှုရှိဖို့ သာမက၊ ကိုယ့်သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့ လိုအပ်ကြောင်း၊" အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Heather Nauert က ၀ါရှင်တန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာပဲ တိုက်ခိုက်မှုတွေ ကြုံခဲ့ရသလို၊ နောက်ဆက်တွဲ ပဋိပက္ခတွေလည်း ရှိနေတဲ့ အခြေအနေမှာ၊ လုံခြုံမှုရှိတယ်လို့ မခံစားရဘဲ ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်ခိုင်းလို့ မဖြစ်နိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်း တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို လုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၆ သိန်းခွဲကျော် ရှိကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကိုတော့ စိစစ်ပြီး တနေ့ကို ၃၀၀ နှုန်းနဲ့ မနေ့တုန်းက စတင်လက်ခံဖို့ စီစဉ်ခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်သင့် မဖြစ်သေးဘူးဆိုပြီး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ်နဲ့ ပတ်သက်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့အတူ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဆွေးနွေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်မကင်းသံတွေ ထွက်ပေါ်နေချိန်မှာပဲ၊ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ကလည်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ နိုင်ငံတကာ သတင်းမီဒီယာကြီးတွေမှာ ဖော်ပြနေတာတွေထက် ပိုပြီးအခြေအနေ ဆိုးတဲ့အကြောင်း မနေ့တုန်းကပဲ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်အတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG