သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း အစိုးရလုပ်ငန်းစဉ်တွေအပေါ် ANP ဝေဖန်


ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ပြန်လည် ထူထောင်ရေးနဲ့ တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး အစိုးရရဲ့ လုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှု မရှိသလို ဒေသခံတွေနဲ့ ညှိနှိုင်း တိုင်ပင်တာ မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ဘူးသီးတောင် မဲဆန္ဒနယ် ကိုယ်စားပြု ရခိုင်အမျိုးသားပါတီ လွှတ်တော်အမတ်က ပြောကြားလိုက်ပါတယ်။ အစိုးရအနေနဲ့ အလုပ်ဖြစ်ရေးကို ဦးစားပေးနေ လုပ်ကိုင်နေတဲ့အတွက် ဒေသခံတွေနဲ့ သဘောထားကွဲပြားမှု ရှိနေတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နိုင်ငံတော် အချုပ်အခြာ အာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေး အပါအဝင် ဌာနေ တိုင်းရင်းသားတွေရဲ့အသက်အိုးအိမ် ထာဝရ လုံခြုံမှုရှိတဲ့ ဘ၀ ထူထောင်နိုင်ရေး အတွက် ထိရောက်တဲ့ အကောင်အထည်ဖော်မှု ပြုလုပ်ပေးရေး ဘူးသီးတောင် မဲဆန္ဒနယ် ကိုယ်စားပြု ANP ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေနဲ့ တခြား လွှတ်တော်အမတ်တွေက အင်္ဂါနေ့မှာတင်ပြ ဆွေးနွေးခဲ့တာမှာ -ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက - ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ အညီ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက်က ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကို ရေရှည် ဖြေရှင်းနိုင်အောင် အစိုးရအနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအဆိုကို ဦးဆောင် တင်သွင်းခဲ့တဲ့ ANP ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက အစိုးရရဲ့ လုပ်ဆောင်မှုတွေ အပေါ် အားမလို အားမရ ဖြစ်မိတဲ့အကြောင်း ဒီကနေ့ တုန့်ပြန် ပြောဆိုလာတာပါ။

“အဓိက အစိုးရလုပ်နေတာက ပူးပေါင်း ပါဝင်ခွင့် မရဘူးပေါ့ဗျာ။ သူတို့က ပြည်ထောင်စုကနေ အဖွဲ့တွေ ဖွဲ့ပြီးတော့ ဗဟိုဦးစီး စနစ်နဲ့ လုပ်နေတယ်။ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ မရှိဘူး။ အထူးသဖြင့် ကျနော်တို့ ရခိုင်မှာ ဆိုလို့ရှိရင် ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေ ရှိတယ်။ နောက်ပြီးတော့ CSO တွေ ရှိတယ်။ မြို့မိ မြို့ဖတွေရှိတယ်။ ဌာနေတိုင်းရင်းသား ခေါင်းဆောင်တွေ ရှိတယ်။ တယောက်မှ ဆွေးနွေး တိုင်ပင်မှု မရှိဘူး။ သူတို့က အပေါ်ကလာတယ်၊ ပြန်သွားကြတယ်။ အခု UEHRD လုပ်နေတယ် ဆိုတာကလည်း နိုင်ငံတကာ လူတွေကို ခေါ်လာတယ်။ ဒီမှာ ဒေသခံတွေ ဘယ်လိုနေရသလဲ ဆိုတာကိုတောင်မှ သူတို့ကဝင်ပြီး သတင်းတောင် မမေးဘူး ဖြစ်နေတယ်။ ဆိုတော့ ကျနော်တို့မှာ သူတို့လုပ်နေတာတွေကို ကြည့်ပြီးတော့ အရမ်း အားမလို အားမရ ဖြစ်မိတယ်။ နောက်ပြီးတော့ သူတို့ လုံခြုံရေးစခန်းတွေ တိုးချဲ့ပြီးတော့ ချထားတယ်လို့ ပြောတယ်။ အဲဒီ လုံခြုံရေးစခန်း တိုးချထားတယ် ဆိုတာကလည်း ကျနော်တို့ ဘယ်လောက်ဘဲ ချထားချထား သူတို့မှာက ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု မရလို့ရှိရင် ဒီအလုပ်တွေဟာ အလုပ်မဖြစ်ဘူး။”

ဦးအောင်သောင်းရွှေ တင်သွင်းတဲ့ အဆိုကို လွှတ်တော်မှာ အင်္ဂါနေ့က မဲခွဲဆုံးဖြတ်တာမှာတော့ ရှုံးနိမ့်သွားခဲ့ပြီး အဲဒီအဆိုပြုချက်ကို မှတ်တမ်းဘဲ တင်ထားလိုက်နိုင်ပါတယ်။ ဦးအောင်သောင်းရွှေကတော့ အစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ယူဆကြောင်း အခုလို ဆက်ပြောပါတယ်။

“ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်၊ အစိုးရက ဘယ်လိုလုပ်မလဲ ဆိုတာကို ချပြဖို့လိုတယ်။ ဆိုတော့ အခုတော့ အစိုးရအနေနဲ့ ဘာမှလည်း လူထုကို အသိပေးတာလည်း မရှိဘူး။ သူတို့ လက်ခံမယ်၊ လက်ခံမယ်ဘဲ ပြောနေတယ်။ ဆိုတော့ အဲဒီလို လက်ခံမယ် ဆိုတိုင်းလည်း မဖြစ်ဘူးနော်။ တကယ်တန်း ပြောလို့ရှိရင် သူတို့ ဘယ်လိုထားမယ်၊ ဘယ်လိုလုပ်မယ်၊ အစီအမံတွေကို ပြည်သူကို ချပြသင့်တယ်။ ကျနော်တို့ဆီကလည်း အကြံညာဏ်ကို ယူူသင့်တယ်။ အဲဒီလိုလုပ်မှ ကျနော်တို့ အကြံညဏ် ပေးနိုင်မယ်။ ပြီးမှ အစိုးရအနေနဲ့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို အဖြေမှန်ရမယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဟာ နိုင်ငံတကာ အရေးအထိ ကြီးထွားလာတာကြောင့် ဒီကိစ္စ ပြေလည်အောင် အစိုးရဘက်က ဆောင်ရွက်နေခြင်း ဖြစ်တာကြောင့် ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ ပြောဆိုမှုဟာ မမှန်ကန်ဘူးလို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“ပြဿနာ ကြီးသွားတဲ့အခါမှာ ဒါဟာ နိုင်ငံတကာကရော အတိုင်းအတာ တခုအထိ၊ ပြည်တွင်းကရော အတိုင်းအတာ တခုအထိ ပြေလည်မှုရအောင် အစိုးရက လုပ်တယ်။ လုပ်တော့ အစိုးရဟာ ပွင့်လင်း မြင်သာမှု မရှိဘူး၊ သူတို့ဖာသာ သူတို့လုပ်တယ် ဆိုတဲ့ဥစ္စာ၊ အဲဒါကတော့ မမှန်ဘူး။ ကျနော်သိသလောက် အခုလက်ရှိအစိုးရက သူလုပ်မယ့်ဟာတွေကို သေသေချာချာ သူပြောပြီးတော့မှ တရားဝင် သူကြေညာပြီးတော့မှ သူလုပ်တာတွေဘဲ။ အဲဒီ စွပ်စွဲချက်ကတော့ မမှန်ဘူး။”

ရခိုင်ပဋိပက္ခကို ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ အစိုးရနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအကြား သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့ကိစ္စဖြစ်တယ်လို့ ဦးစည်သူအောင်မြင့်က ဆက်ပြောပါတယ်။

“ဒီသဘောထား ကွဲလွဲမှုကြီးဟာ ထင်ထင်ရှားရှားကြီးကို မြင်နေရတယ်လေ။ မြင်နေရတဲ့ အခါကျတော့ အစိုးရ အနေနဲ့ကျတော့ အလုပ်ဖြစ်ဖို့က လိုတာကိုး၊ အလုပ်လုပ်နေဖို့လိုတယ်၊ ရှေ့ကိုသွားနေဖို့ လိုတယ်။ မဟုတ်ဘူးဆိုရင် ဒီငြင်းခုန်မှုတွေဟာ တကယ့်ကို ဆန့်ကျင်ဘက်ဘဲ။ ဆန့်ကျင်ဘက်မှ တော်တော့်ကို ဆန့်ကျင်ဘက်။ အချက်အလက်တွေ တော်တော်များများမှာ ဆန့်ကျင်ဘက်။”

ဘူးသီးတောင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေကတော့ အစိုးရအနေနဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း မပေးနိုင်တာဟာ သူတို့ရဲ့ အားနည်းချက်ဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည် ၇ သိန်းနီးပါး ပြန်လည် လက်ခံရေးကိစ္စတွေကို ဦးစီး ဆောင်ရွက်နေတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့နိုင်ရေး လုပ်ငန်းစဉ် စတင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် ဘက်က မြန်မာ ပြည်ထဲရေးဝန်ကြီးကို ပေးပို့လိုက်တဲ့ စာရင်းကို တာဝန်ရှိသူတွေအနေနဲ့ အခု သီတင်းပတ် အတွင်းမှာ စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း၊ စစ်ဆေးမှုတွေ ပြီးဆုံးသွားရင် အဲဒီ စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့ပြီး ပြန်လည်လက်ခံရေးကို စတင် ဆောင်ရွက်သွားမှာ ဖြစ်တယ်ကြောင်း အင်္ဂါနေ့က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG