သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်ချုပ်ကို ICC တင်ဖို့ ဗြိတိန်အမတ် ၁၀၀ ကျော် စာရေးတောင်းဆို


 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ အကြီးအကဲကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က အရေးယူနိုင်အောင် ဗြိတိန်အစိုးရက ဦးဆောင်ကြိုးပမ်းဖို့ ဗြိတိသျှ လွှတ်တော်အမတ် ၁၀၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC မှာ စစ်ဆေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်နိုင်အောင် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်တွေကို စည်းရုံးဖို့ တိုက်တွန်းထားတဲ့ စာတစောင်ကိုတော့ ဗြိတိန်နိုင်ငံရေးပါတီ ပေါင်းစုံက လွှတ်တော်အမတ် ၁၀၂ ယောက်က လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားကြပါတယ်။ စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းခွဲကျော်ရှိကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ငြင်းဆန်ထားပြီး၊ အရပ်သားတချို့ သတ်ဖြတ်မှုလို လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူ တပ်ဖွဲ့ဝင် တချို့ကို အရေးယူတာတွေလည်း လုပ်ခဲ့တာပါ။ ဗြိတိသျှလွှတ်တော်အမတ်တွေရဲ့ ကြေညာချက်မှာတော့ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံက သံတမန်ရေးအရ ဦးဆောင်ကြိုးပမ်းခဲ့တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်နိုင်ခဲ့တဲ့အထိ ရလဒ်တွေ ထွက်ပေါ်ခဲ့သလို၊ ဗြိတိသျှစတာလင်ပေါင် ၅၉ သန်း အကူအညီအထောက်အပံ့တွေ ပေးအပ်ခဲ့တဲ့အပေါ် ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်တွေကို အကြီးအကျယ် လျစ်လျူရှုထားဆဲ ဖြစ်တဲ့အတွက် နောက်တဆင့်တက်ဖို့ လိုအပ်နေကြောင်းနဲ့ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံ အရေးကို ICC ထံ လွဲှပေးဖို့ အချိန်တန်ပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG