သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ခရီးစဉ် စတင်


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ခရီးစဉ်စတင် (ဓါတ်ပုံ-Senior General Min Aung Hlaing)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ခရီးစဉ်စတင် (ဓါတ်ပုံ-Senior General Min Aung Hlaing)

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဂျပန်နိုင်ငံခရီးစဉ်အဖြစ် ဒီကနေ့ပဲ စတင်လိုက်ပါတယ်။ ဂျပန်ထိပ်တန်း စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ ၂ နိုင်ငံ စစ်တပ်ကြားပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင် က အပြည့်အစုံပြောပြပေးမှာ ဖြစ်ပါတယ်။

နီပွန်ဖေါင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei Sasakawa ရဲ့ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ သြဂုတ်လ(၁)ရက်နေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ဂျပန်နိုင်ငံအစိုးရ တာဝန်ရှိသူတွေ၊ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များရဲ့ ပူးတွဲစစ်ဦးချုပ်နဲ့ရော အခြား ဂျပန်စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်တွေကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေ ဆွေးနွေးသွားဖို့ ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း မြောက်ကိုရီးယားအရေးလို ဒေသတွင်းမှာ အပူတပြင်းဖြစ်နေတဲ့ ကိစ္စရပ်တွေလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ ဂျပန်-မြန်မာအရေး ကျွမ်းကျင်သူ ဦးရွှေဘ(ခေါ်) Mr. Hisao Tanabe က ပြောပါတယ်။

“မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုဆိုတာက အခု တကမ္ဘာလုံးအတွက် ပြဿနာဖြစ်တယ်ဆိုတာမျိုး၊ မြန်မာနိုင်ငံအနေနဲ့လည်း ဒါကိုနားလည် ထားဖို့သင့်တယ် ဆိုတာမျိုး၊ ဂျပန်ကပြောဖို့ ရှိမယ် ထင်ပါတယ်။”

နျူကလီးယား စမ်းသပ်ပစ်လွှတ်မှုတွေလုပ်ပြီး ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကိစ္စကို ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားအရေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ဆွေးနွေးဖွယ်ရှိတယ်လို့ သုံးသပ်သူ နောက်တဦးကတော့ တိုကျိုအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဦးကျော်ကျော်စိုး ဖြစ်ပါတယ်။

“ခုလတ်တလောကာလမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေမှာ ဂျပန်တင်မကဘူး၊ အမေရိကကို ခြိမ်းခြောက်တာမျိုး။ ဂျပန်ကလည်း ဒီကိစ္စကို အထူးအလေးထားနေတယ်ဆိုတဲ့အခါကျတော့ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာတဲ့ကိစ္စမှာ ဒါကိုဆွေးနွေး ကောင်းဆွေးနွေးမယ်လို့ ကျနော်ယူဆတယ်။ ဒါပေမယ့် အဲဒါကို ကျနော်တို့အနေနဲ့ ပြောရမယ်ဆိုရင် လူသိရှင်ကြားထုတ်ပြန်ကြေညာမယ်လို့တော့ ကျနော်ကတော့ မထင်ပါဘူး။”

ပြီးခဲ့တဲ့နှစ်ထဲ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး Nakatani မြန်မာနိုင်ငံကို လာရောက်ပြီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ရာမှာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြောင်းလည်း ဂျပန်မီဒီယာတွေက သတင်းတွေ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အခုအခါ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း ဦးရွှေဘက သုံးသပ်ပါတယ်။

“ ဂျပန်ပြည်တွင်းမှာ ပြည်သူလူထုက ဂျပန်ကာကွယ်ရေး (ဂျပန် SDF)ကို သိပ်မယုံဘူးဗျ၊ အဲဒီတော့ အဲဒီ SDF ကနိုင်ငံခြားမှာ တခုခု လုပ်မယ် ဆိုရင် ကျနော်တို့ ဂျပန်ပြည်သူလူထုက အဲဒါကို ဆန့်ကျင်ကြမှာပဲလို့ ကျနော်ထင်တယ်။ မြန်မာပြည်နဲ့ တခုခု လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။”

ဒါပေမယ့်လည်း ဂျပန်ရဲ့ နိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာရော လူသားချင်းစာနာမှုကဏ္ဍတွေမှာတော့ အကူအညီ ပေးနိုင်ကြောင်း ဦးကျော်ကျော်စိုး မြင်ပါတယ်။

“ဖိတ်ကြားတဲ့ နီပွန်ဖေါင်ဒေးရှင်းပေါ့လေ သူကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လှုပ်ရှားမှုတွေထဲမှာ တော်တော်လေးကို လှုပ်လှုပ်ရှားရှားပါဝင်ပတ်သက်ကူညီပေးနေတယ်ဆိုတဲ့ အတွက်ကြောင့်ဒီလိုမျိုး ဂျပန်အစိုးရက အသိအမှတ်ပြုထားတဲ့ ထောက်ခံထားတဲ့ အဖွဲ့အစည်းကြီးတခုကနေပြီးတော့ ဖိတ်ကြားချက်အရ ဂျပန်ကို ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်လာပြီးတော့ ဒီမှာ ဆွေးနွေးမှုတွေပြုမယ် နောက် လှည့်လည်ကြည့်ရှုမှုတွေလုပ်မယ်ဆိုတာက ၂၀၁၄ တုန်းကလာတာထက်စာရင်တော့ ပိုပြီးတော့ အဆင့်မြင့်တယ်လို့ ကျနော် ယူဆပါတယ်။ ဂျပန်ကတော့ အထူးသဖြင့် နိုင်ငံရေးမဟုတ်တဲ့ ၊ စစ်ရေးမဟုတ်တဲ့ ပံ့ပိုးမှုတွေကို သူလုပ်တာ ပိုပြီးတော့ များပါတယ်ခင်ဗျ။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ဇနီးဒေါ်ကြူကြူလှနဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)က ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုဗိုလ်ချုပ်ကြီးညိုစောနဲ့ အခြား တပ်မတော်အရာရှိတွေ လိုက်ပါသွားကြပါတယ်။ ဒီခရီးစဉ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဂျပန်နိုင်ငံ ဒုတိယခရီးစဉ်ဖြစ်ပြီး ဂျပန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Shigeru Iwasaki ရဲ့ဖိတ်ကြားချက်အရ ၂၀၁၄ မှာ ပထမအကြိမ် သွားရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG