သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခကို အဖြေရှားရေး အတွက် နှစ်ဘက်တို့ ယုံကြည်မှု တည်ဆောက်ဖို့ တရုတ်ဘက်က တိုက်တွန်းသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပေါင်းကူး တံတား အဖြစ် ဆက်ပြီး ပါဝင်ဆောင်ရွက်သွားဖို့လည်း ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် နဲ့ ဒေါ်အောင်ဆန်းစုကြည် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သီးခြားစီ တွေ့ဆုံပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့ကြတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang (Ministry of Foreign Affairs Myanmar)
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang (Ministry of Foreign Affairs Myanmar)

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံပြီး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို တရုတ်ဘက်က ဆက်လက် ပံ့ပိုးသွားမယ့် အကြောင်း တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang က အလေးထား ပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။

“ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ကတော့ ဝင်ပြီးတော့ ပါဝင် ပတ်သက်နေတဲ့အနေအထားရှိတယ်။ သူတို့က ပံ့ပိုးတာပေါ့နော် ၊ ထောက်ခံအားပေးတဲ့ အနေအထားပေါ့လေ။ အဲဒါလေးတွေကို ဆက်ပြီးတော့ သူတို့ ဆက်ထောက်ခံ အားပေးမယ်ဆိုတဲ့ အကြောင်းကို ပြောတဲ့သဘော။”

တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး ခဲ့တာပါ။ တပ်မတော်ဘက်က အားလုံးပါဝင်ရေးကို လိုလားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ နိုင်ငံရေး အရ ဆွေးနွေးပြီး နိုင်ငံရေး အခွင့်အရေး အားလုံး တောင်းဆိုလိုသော်လည်း လက်နက်ကိုင် လမ်းစဉ်ကို စွဲကိုင်ထားလိုတာ ဖြစ်တဲ့ အကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်လောင်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းစေလိုတဲ့ တရုတ်ရဲ့ လိုလားချက်ကိုလည်း နားလည်ပါတယ်လို့လည်း ထပ်လောင်း ပြောဆို သွားတာပါ။ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ တရုတ်ဘက်က မြန်မာ့ ငြိမ်းချမ်းရေး အပေါ် ပိုပြီး တွန်းတွန်းတိုက်တိုက် ဖြစ်လာတဲ့ အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“ဟိုတလောကလည်း ဝနဲ့ကိစ္စတို့ ၊ UNFC တို့ဘာတို့ ရှုပ်ခတ်လာတဲ့အချိန်ကျတော့ သူတို့လည်းနည်းနည်း စိတ်ပူလာတာနဲ့ တူပါတယ်။ အဲဒီငြိမ်းချမ်းရေး အတွက် လောလာ ကြတယ်ထင်တယ်။ နောက်တခုကလည်း အခုက မြန်မာပြည်တခုပဲ ကျန်တာ တရုတ်ရဲ့ ပိုး လမ်းမ လုပ်ငန်းတွေ က တောက်လျှောက်ဆက်ဖို့တွေ ရှိနေတယ်လေ။ ဟိုတလောက ကျမတို့ ဒီမှာ Kuming နဲ့ Guizhouနဲ့ ဆက်တဲ့တံတားဖွင့်ပွဲနေ့တုန်း ကတောင် မှ ပြောနေတယ် တရုတ်ပြည်ကနေ -မြန်မာပြည်ထဲကို မီးရထားလမ်း ၂ လမ်း ဖောက်မယ် ၊ တလမ်းက ရွှေလီက ဖြတ်မယ်။ ချင်းရွှေဟော် ၊ ကိုးကန့်ဘက် က ဖြတ်မယ် ဆိုပြီးတော့ ပြောသံကြားရတယ်။”

ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အစိုးရနဲ့ တပ်မတော်တို့ကြား မကြာခဏ တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်တွန်းခဲ့တဲ့အကြောင်း တရုတ် ကိုယ်စားလှယ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာပါ။ တပ်မတော်ရဲ့ အခန်းကဏ္ဍ အပေါ် တရုတ်ဘက်က တိုက်တွန်းနိုင်မယ့် အခြေအနေ ရှိပါသလားဆိုတာကိုတော့ ဒေါက်တာ လှကျော်ဇောက အခုလို သုံးသပ်ပါတယ်။

“တောက်လျှောက်ကတော့ နဝတ၊ နအဖ ခေတ်တလျောက်တော့ တရုတ်က စစ်တပ်အပေါ်မှာ တစုံတရာ ပြောအားဆိုအားရှိတာပဲလေ၊ ဘာဖြစ်လို့လဲဆိုတော့ နဝတ၊ နအဖ ခေတ်သူတို့ အသက်ရူချောင်ခဲ့တာ ကုလသမဂ္ဂတို့ဘာတို့မှာ တရုတ်က ကာကွယ်ပေးခဲ့တာ ဖြစ်တာကို။ အဲဒီတော့ တရုတ်က နအဖ ခေတ်လောက်အထိတော့ သူက တော်တော်အကျိုးသက်ရောက်မှုရှိတယ်။ နောက် အခုကျမ အခု တလောတွေ့တွေ့ နေတာ တရုတ်ပြည်က အထူးသံတမန်တွေသွားရင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုတောင် ဝင်တွေ့တာတွေ တွေ့ရတယ်။ ဒါကြောင့်မို့လို့ သူတို့ အဆက်အစပ်တွေ တစုံတရာတွေ ရှိနိုင်ပါတယ်ထင်တယ်။”

တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang က မကြာသေးခင်ကဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ လက်နက်ကိုင် ပဋိပက္ခ အတွင်း ငြိမ်းချမ်းတဲ့နည်းကို အသုံးပြုဖို့ တပ်မတော်ကို တိုက်တွန်းပေးပါလို့ တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်ကို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG