သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် နဲ့ အပစ်မရပ်အဖွဲ့ မခွဲခြားပဲ ဆွေးနွေးအဖြေရှာဖို့ KIO တိုက်တွန်း


မိုင်ဂျာယန်တိုင်းရင်းသားညီလာခံ
မိုင်ဂျာယန်တိုင်းရင်းသားညီလာခံ

ငြိမ်းချမ်းရေးအတွက် အဖြေရှာရာမှာ အပစ်ရပ်လက်မှတ်ထိုးတဲ့အဖွဲ့ မထိုးတဲ့အဖွဲ့ဆိုပြီး တိုင်းရင်းသားတွေအကြား ခွဲခြားနေဖို့မလိုပဲ တပေါင်းတစည်းထဲ ဆွေးနွေးအဖြေရှာကြဖို့ ကေအိုင်အို ဒု ဥက္ကဌက မိုင်ဂျာယန်တိုင်းရင်းသားညီလာခံ အဖွင့်မှာ တိုက်တွန်းပြောလိုက်ပါတယ်။ မိုင်ဂျာယန် မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံမှာ ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခက ညီလာခံပထမနေ့ အခြေအနေနဲ့ပတ်သက်လို့ သတင်းပေးပို့ထားတာပါ။

ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ၄ ရက် တာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံကို ဒီကနေ့ စတင်ကျင်းပတာမှာ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုင်းရင်းသားတွေအကြား အချင်းချင်းခွဲခြားမနေပဲ ငြိမ်းချမ်းရေးအတွက် စုစည်းအဖြေရှာဖို့ တိုက်တွန်းသွားတာပါ။

“အပစ်ရပ်၊ အပစ်မရပ်အဖွဲ့ဆိုတဲ့ ကန့်သတ်ချက်တွေဟာ မိမိတို့တိုင်းရင်းသားတွေကြားမှာ မရှိသင့်ပါဘူး။ ဒီဆွေးနွေးပွဲတလျှောက် အဖွဲ့အစည်းတခုနဲ့တခုအကြား ၊ လူမျိုးတခုနဲ့တခုအကြား သံသယနဲ့ အမုန်းတရားတွေ ပွားများစေပြီး ယုံကြည်မှုနဲ့ စုစည်းညီညွှတ်မှုကို ကျဆင်းစေမယ့် အကြောင်းအရာတွေကိုလည်း ရှောင်ရှားကြဖို့ နှိုးဆော်လိုပါတယ်။”

ဒီကနေ့ကျင်းပတဲ့တိုင်းရင်းသားညီလာခံမှာ UWSA (ဝပြည်သွေးစည်း ညီညွှတ်ရေးပါတီ) ၊ TNLA(ပလောင် တအောင်း ပြည်လွတ်မြောက်ရေး တပ်ဦး) ၊ MNDAA (မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်)၊ တို့တက်ရောက် ခဲ့ခြင်းမရှိပါဘူး။ မိုင်းလားအဖွဲ့ကတော့လေ့လာသူတွေစေလွှတ်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း စုစုပေါင်း (၁၇) တတ်ရောက် ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကတော့ ခေတ်အခြေအနေရဲ့တောင်းဆိုချက်အရ ငြိမ်းချမ်းရေးကြိုးပမ်းခဲ့ကြပေမယ့်လို့၊ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ခွင့် မရခဲ့ဘူးလို့ ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကပြောပါတယ်။

ဒီကနေ့ညီလာခံကို နိုင်ငံတကာကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂအထွေထွေတွင်းမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအကြံပေးမစ္စတာနမ်ဘီးယား၊ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ Sun Guo Xiang တို့တက်ရောက်ခဲ့ပါတယ်။ ပြည်တွင်းကလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့အပြင် ညီညွှတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ (UNA)၊ညီနောင်တိုင်းရင်းသားများပါတီများဖက်ဒရေးရှင်း (NBF) နဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တို့တက်ရောက်ခဲ့ပါတယ်။

မစ္စတာနမ်ဘီးယားက မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာတွေကို ဆက်လက် ကူညီသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့သလိုတရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ Sun GuoXiang ကတော့ အခုအစိုးရအသစ် အပြောင်းအလဲတွေဖြစ်လာပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ကူညီမယ်လို့ အသိပေး ပြောဆိုခဲ့ပါတယ်။

“အခုမြန်မာနိုင်ငံအစိုးရသစ်တက်လာပါတယ်။ တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးဟာပြောင်းလဲသွားမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံအစိုးရရဲ့မိမိနိုင်ငံဖွံဖြိုးတိုးတက်ဖို့လုပ်ဆောင်တာမှာ ကျနော် တို့ဘက်ကတတ်နိုင်သမျှကူညီပေးမှာပါ။”

ဒီညီလာခံမှာပင်လုံလက်ဆွဲစာတမ်းဆွေးနွေးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာဖွဲ့စည်းပုံအခြေခံမူများ၊ လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာအခြေခံမူများနဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကိစ္စ တွေကိုဆွေးနွေးမယ်လို့ ပွဲကျင်းပရေးကော်မတီက ခူးဦးရယ်ကပြောပါတယ်။ မိုင်ဂျာရမ် ညီလာခံဟာ အစိုးရက ပြုလုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံအတွက် တိုင်းရင်းသားတွေဖက်က ကြိုတင်ပြင်ဆင်ခြင်းဖြစ်တယ်လို့ ဆိုပေမယ့်လို့၊ ဒီညီလာခံဟာ လာမယ့် ငြိမ်းချမ်းရေးအတွက် တစုံတရာအနှောက်အယှက်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြီးခဲ့ဲတဲ့ သီတင်းပတ်အတွင်းကပဲ မြန်မာ့တပ်မတော်ဘက်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG