သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်ညီလာခံ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမည်ဟု တိုင်းရင်းသားခေါင်းဆောင် ယူဆ


ပန်ဆိုင်း တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေး (မေလ ၆ ရက်၊ ၂၀၁၅)
ပန်ဆိုင်း တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေး (မေလ ၆ ရက်၊ ၂၀၁၅)

ဒီလထဲ မိုင်ဂျာယန်မြို့မှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီ အစည်းအဝေး ဟာ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ပိုမို တည်ဆောက်နိုင်အောင် အထောက်အကူဖြစ်စေမယ့် အစည်းအဝေးတရပ် ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ၂၁ ရာစုပင်လုံညီလာခံ နဲ့ မိုင်ဂျာယန် တိုင်းရင်းသား စုံညီအစည်းအဝေးတွေ အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ခေါင်းဆောင်တွေ ချင်းမိုင်မြို့မှာ ၃ ရက်တာ ဆွေးနွေးခဲ့ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဒီလ နောက်ဆုံးပတ် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စုံညီအစည်းအဝေး ဟာ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် တစုံတရာထိခိုက်စရာ ဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်း ဒီကနေ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ လုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ စစ်ဘက်လုံခြုံရေးုဆိုင်ရာ အရာရှိတဦးက ပြောသွားပေမဲ့၊ တိုင်းရင်းသားခေါင်းဆောင်တွေ ကတော့ ဒီအစည်းအဝေးဟာ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကျင်းပတာလို့ ဆိုပါတယ်။ တပ်မတော်ဘက်က စိုးရိမ်သလို မိုင်ဂျာယန် အစည်းအဝေးဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်စရာမရှိဘူးလို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းအဖွဲ့ ညှိနှိုင်းရေးတာဝန်ခံ ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

“ကျနော်တို့ဒီ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ကြီးကတော့ အခုဒီ မိုင်ဂျာယိုင်မှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မျက်နှာစုံအစည်းအဝေးက ငြိမ်းချမ်းရေးကို ပိုမိုပြီးတော့ တည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ အဲဒီလိုပဲ ယုံကြည်တယ်လေ။ ဒီငြိမ်းချမ်းရေးကို ထိခိုက်မယ့်ဆောင်ရွက်မှုမျိုးတော့ ကျနော်တို့ဆောင်ရွက်မှာမဟုတ်ပါဘူး။ ဆိုလိုတာက ကျနော်တို့ရည်ရွယ်ချက်ထဲမှာ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတက်ရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုကို ပြင်ဆင်တဲ့သဘောဖြစ်တဲ့အတွက် ထိခိုက်မှုတော့ မရှိပါဘူး။ သို့သော်လည်း အချို့ကတော့ စိုးရိမ်မှုဖြစ်မှာပေါ့။ ကျယ်ကျယ်ပြန့်ပြန်လုပ်တဲ့အတွက် ။ တချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်းပါတယ်။ နောက်တခုကလည်း နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေလည်းပါတယ်ဆိုတော့ စိုးရိမ်မှုတွေလည်းရှိရင်ရှိမှာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဘက်မှာကတော့ အခုဒီနှစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ရဲ့ ဆွေးနွေးတာကတော့ ပိုမိုပြီးတော့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို ဆွေးနွေးတာဖြစ်ပါတယ်။”

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ နဲ့ လာမယ့် မိုင်ဂျာယန် အစည်းအဝေးတွေ အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ခေါင်းဆောင်တွေရဲ့ သုံးရက်ကြာ အစည်းအဝေးကို ဒီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့အကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ အဓိကတော့ ကျနော်တို့အခု လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေပေါ်မူ တည်ပြီးတော့ အထူးသဖြင့်ပေါ့လေ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကို ကျနော်တို့သိရသလောက်ကတော့ သြဂုတ် လအကုန်ပိုင်းမှာ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကလည်း ခေါ်ယူဖို့ သတ်မှတ်ထားတဲ့အပေါ်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျနော်တို့ ဆွေးနွေးပွဲလုပ်တာပါ။ နောက်တချက်က အခု ကျနော်တို့ဒီ မကြာခင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ တက်ရောက်ဖို့အတွက်လည်း ကျနော်တို့ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေကလည်း ဒါကိုကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ဆွေးနွေးတာပါ။ နောက်တခုကတော့ လက်ရှိ ကျနော်တို့ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေက ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ ဆောင်ရွက်မှုတွေ ကိုဆောင်ရွက်နိုင်ဖို့အတွက် ဒါကို သုံးသပ်ပြီးတော့ ဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ် ချတာဖြစ်ပါတယ်။”

အစိုးရက ဦးဆောင်ပြီး ၂၁ ရာစုပင်လုံညီလာခံ ပေါ်ပေါက်ရေး ကြိုးပမ်းနေပေမဲ့ တိုင်းရင်းသားဒေသတချို့မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကြား လက်နက်ကိုင်ပဋိပက္ခတွေ ကတော့ ဆက်ပြီး ရှိနေဆဲပါ။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ အနေနဲ့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေတဆင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး သဘောတူညီချက်တွေ ရတဲ့အထိ မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ အစိုးရ၊ တပ်မတော်တို့နဲ့ ညှိနှိုင်း ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့တဲ့ သုံးရက်တာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့ အကြံပေးပုဂ္ဂိုလ်တွေ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG