သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်တိုင်းရင်းညီလာခံ တပ်မတော် ဘဝင်မကျ


တပ်မတော်သတင်းစာရှင်းလင်းပွဲ
တပ်မတော်သတင်းစာရှင်းလင်းပွဲ

မိုင်ဂျာယန်မှာလုပ်မယ့် တိုင်းရင်းသားညီလာခံဟာ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်မှုတွေ ရှိလာမှာကို တပ်မတော်ဖက်က စိုးရိမ်မှုတွေရှိနေပါတယ်။ ရှမ်းပြည်နယ် မိုင်းယောမှာ အရပ်သား ၅ ဦး ဖမ်းဆီး စစ်ဆေးခံရစဉ် သေဆုံးခဲ့တဲ့ဖြစ်ရပ်ကိုလည်း စစ်ခုံရုံးဖွဲ့ပြီး အရေးယူကိုင်တွယ်နေတယ်လို့လည်း တပ်မတော်ဖက်က ထုတ်ပြန်ပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူခဲ့တဲ့ မမေခက သတင်းပေးပို့တားထာပါ။

လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပါအဝင် တပ်မတော်နဲ့ဆိုင်တဲ့ ကိစ္စရပ်အတော်များများကို စစ်ဖက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလိုလားတာမို့ အစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ တပ်မတော်ဟာ အစိုးရနဲ့ တသဘောတည်းရှိပါတယ်လို့ ပြောပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ အစိုးရက ကမကထလုပ်မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ သူတို့ရဲ့ လိုလားချက်တွေကို တင်ပြတောင်းဆိုသင့်တယ်လို့ တပ်မတော်က မြင်ပါတယ်။ ဒါကြောင့် မကြာခင် မိုင်ဂျာယန်မှာလုပ်မယ့် တိုင်းရင်းသားညီလာခံဟာ လက်ရှိ လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်မှု တစုံတရာဖြစ်မှာကို တပ်မတော်ဖက်က စိုးရိမ်တယ်လို့ ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“တယောက်နဲ့တယောက် အစည်းအဝေးတွေမှာတွေ့တဲ့အခါမှာ သဘောတူညီချက်တွေများစွာယူထားမယ်။ ပြီးလို့ရှိရင် ဒါမပြီးလို့ရှိရင်ရင် ဒါမလုပ်ရဘူး စသည်ဖြင့် ပြောရင်းဆိုရင်းနဲ့ အချေတင်တရပ်ဖြစ်လာတဲ့ အခါမှာ ရှေ့တိုးနိုင်ဖို့အတွက်ကို တော်တော်လေးခက်ခဲသွားမှာကို စိုးရိမ်ပါတယ်ဆိုတဲ့အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောခဲ့ပါတယ်။ မတူညီတဲ့အဖွဲ့အစည်းကြားထဲမှာ သဘောထားအားလုံးကူညီဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အလုပ်ပါ။ အဲဒီလိုအခက်အခဲတွေရှိလာမယ်ဆိုရင် ငြိမ်းချမ်းရေးညီလာခံမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ တက်နိုင်သမျှ မိုင်ဂျာယိုင်အစည်းအဝေးကို မလုပ်စေချင်ဘူး။ နယ်မြေတည်ဆောက်မှုတွေ၊ အင်အားတည်ဆောက်မှုတွေမရှိစေချင်ပါဘူး။ ငြိမ်းချမ်းရေး သီးသန့်သွားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးညီလာခံမှာ ယုံကြည်မှုအပြည့်အဝနဲ့ တဦးနဲ့တဦး ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းဟာ အကောင်းဆုံးရလဒ်ကို ရရှိစေပါမယ်ဆိုတဲ့အကြောင်း တပ်မတော်ရဲ့ကိုယ်စား ကျနော်တင်ပြလိုပါတယ်။”

တပ်မတော်ဖက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အစိုးရရဲ့မူအတိုင်း လိုက်ပါဆောင်ရွက်မယ်လို့ ဆိုပါတယ်။ မကြာခင်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့တဲ့ကိစ္စတွေကိုလည်း တပ်မတော်ဖက်က ရှင်းလင်းပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ ဇွန်လအတွင်းက ကချင်လူငယ် ဂွမ်ဆန်အောင် သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းရာမှာတော့ အရင် တပ်မတော်က ထုတ်ပြန်သလိုပါပဲ၊ အရပ်သားလူငယ်တွေဖက်က တပ်မတော်က ရဲဘော်နှစ်ဦးနဲ့ ခိုက်ရန်ဖြစ်ပွားပြီး မတော်တဆ ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကိုလည်း တပ်မတော်ဖက်က အသေးစိတ် စစ်ဆေးခဲ့ပြီးပြီလို့ ပြောသွားပါတယ်။ ရှမ်းပြည်နယ် မိုင်းယောမှာ အရပ်သား ၇ ဦး သေဆုံးတဲ့ကိစ္စမှာတော့ နှစ်ဦးဟာ အပြန်အလှန်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်ဆိုပေမယ့်၊ ကျန် ငါးဦးကတော့ တပ်မတော်က ဖမ်းဆီး စစ်ဆေးထားစဉ် သေဆုံးခဲ့တယ်ဆိုတာကို တပ်မတော်ဖက်က ဝန်ခံခဲပါတယ်။ ဒီအတွက် ဒီ ငါးဦး သေဆုံးတဲ့ကိစ္စကို စစ်ခုံရုံးဖွဲ့ပြီး အရေးယူကိုင်တွယ်နေတယ်လို့ ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

“သို့သော် ကျနော်တို့စစ်ဆေးတဲ့အခါကျတော့ ဘာပဲပြောပြော ရွာသားပဲဖြစ်ဖြစ်၊သောင်းကျန်းသူဖြစ်ဖြစ် ကျနော်တို့က စစ်ဆေးတဲ့အခါမှာ စည်းကမ်း၊ စည်းမျဉ်းတွေ နည်းဥပဒေတွေရှိပါတယ်။ ဒီဥပဒေတွေကို ကျနော်တို့ လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီဥပဒေတွေကို မလိုက်နာဘူးဆိုရင် ၊ ဒီစည်းကမ်းတွေကို ပျက်ကွက်မယ်ဆိုရင် ကျနော်တို့က အရေးယူရမှာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့က စစ်ခုံရုံးနဲ့ လိုက်လျောဖွဲ့စည်းစစ်ဆေးနေတာပဲဖြစ်ပါတယ်။ စစ်ဆေးနေတဲ့အခါမှာ ဒီဟာတွေကို ဘယ်သူတွေဘာတွေတာဝန်ရှိတယ်၊ ဘယ်လိုအရေးယူမယ်ဆိုတာတို့ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။ သူတို့မိသားစုတွေအတွက်ကို အကောင်းဆုံး ကူညီစောင့်ရှောက်ပေးသွားမှာ ထောက်ပံ့ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ကျနော်ပြောလိုပါတယ်။”

အခု သတင်းစာရှင်းလင်းပွဲကတော့ တပ်မတော်အပေါ် အရပ်ဖက်က အမြင်မရှင်းနိုင်တဲ့ကိစ္စတွေကို အထူးသဖြင့် ရှင်းလင်းပြောဆိုတဲ့ပွဲလို့ ယူဆနိုင်ပါတယ်။ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက အရပ်သားအချို့ သေဆုံးခဲ့တဲ့ကိစ္စအပြင်၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ဆိုရင်လည်း တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို အထူးလိုလားကြောင်း အဓိကထား ပြောတာတွေ့ရပါတယ်။ ဒါ့အပြင် NCA လို့ ခေါ်တဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားအဖွဲ့တွေက လက်မှတ်ထိုးဖို့ အရေးကြီးတယ်ဆိုတာကိုလည်း အထူး ထောက်ပြပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ တိုင်းပြည်တည်ငြိမ်မှုရှိတဲ့အချိန် လိုအပ်လာရင် ဖွဲ့စည်းပုံပြင်ဆင်ပြင်ရမှာပဲ ဆိုတဲ့ သဘောထားကိုပဲ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG