သုံးရလွယ်ကူစေသည့် Link များ

UNFC ၂၁ ရာစု ပင်လုံညီလာခံ အကြို ညှိနှိုင်း


UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ ။

အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကြို ညှိနှိုင်းတဲ့ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အလုပ်အမှုဆောင်တွေ အရေးပေါ် စည်းဝေး တိုင်ပင် နေကြပါတယ်။ ဆယ်စုနှစ် ၆ ခုကျော်ကြာ ပြည်တွင်းစစ် ကို အေးအေး ချမ်းချမ်း အဖြေရှာဖို့ ကြိုးစားတဲ့ လုပ်ငန်းစဉ်အပေါ် အဟန့်အတား ဖြစ်စေမယ့် လှုပ်ရှားမှုတွေကိုလည်း အစိုးရဘက်က တရားဥပဒေနဲ့ အညီဆောင်ရွက်ဖို့ လိုတယ်လို့လည်း UNFC က ထောက်ပြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ရဲ့ အလုပ်အမှုဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အရေးပေါ် အစည်းအဝေး ကျင်းပနေပါတယ်။ ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာ ဖြစ်တယ်လို့  ရခိုင်အမျိုးသား ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ် UNFC ရဲ့ တွဲဘက်အတွင်းရေးမှူး အဖြစ်လည်း တာဝန်ယူထားတဲ့ ဦးထွန်းဇော်က အခုလို ပြောပါတယ်။

“လာမယ့်ကာလတွေမှာ ကျနော်တို့ ၂၁ ရာစု ပင်လုံညီလာခံလိုမျိုး အခင်းအကျင်းတွေရှိမယ်။ နောက်ပြီးတော့မှ ဒီလောလောလတ်လတ်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကြားထဲမှာ မျက်နှာစုံညီအစည်းအဝေးလုပ်ဖို့ပြင်ဆင်နေတယ်။ ဒီအတွက် ကျနော်တို့ အကြိုညှိနှိုင်းကြတယ် ပြင်ဆင်ကြတယ်။ ဒီအကြောင်းအရာတွေပဲ အဓိကဖြစ်ပါတယ်။ အခုလက်တလောမှာတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျနော်တို့ UNFC ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ပြင်ဆင်နေတုန်း ပဲရှိနေပါသေးတယ်။ လာမယ့် ၁၇ ရက်နေ့မှာ ရန်ကုန်မှာတွေ့ဆုံဖို့ရှိပါတယ်။ အဲဒီအတွက် ပြင်ဆင်မှုတွေလည်းလုပ်နေတဲ့ တပိုင်းရှိပါတယ်။ ဆိုတော့ ၂၁ ရာစု ပင်လုံညီလာခံလုပ်ဖို့အတွက်ကြတော့ ကျနော်တို့ တိုင်းရင်းသားတွေဘက်မှာတော့ ဒီ မိုင်ဂျာယိုင်မှာလုပ်မယ့် စုံညီအစည်းအဝေးကြီးပြီးရင်တော့ ကျနော်တို့ အတိုင်းအတာတခုအထိတော့ အဖြေထွက်လာမှာဖြစ်ပါတယ်။”

ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေမှာ တပ်မတော် ဘက်ကတော့ မူဝါဒ မပြောင်းဘဲ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ပြောင်းလဲလာတယ်လို့လည်း ဦးထွန်းဇော်က သုံးသပ်ပါတယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို အာမခံပေးနိုင်မယ့်၊ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက်တော့ အစိုးရနဲ့ အကြိတ်အနယ် ဆွေးနွေးကြရမှာ ဖြစ်တယ်လို့လည်း ဦးထွန်းဇော်က ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ လက်ကိုင်ပြု ဆွေးနွေးဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တခု အဆင်သင့် ရှိထားပြီလို့လည်း ဦးထွန်းဇော်က ပြောပါတယ်။ တချိန်တည်းမှာဘဲ အစိုးရဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကပါ စိတ်အားထက်သန်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ နီးကပ်လာချိန်မှာဘဲ အမုန်းစကား ပြန့်ပွားရေး လှုပ်ရှားမှုတွေကို အစိုးရ အနေနဲ့ တရားဥပဒေကြောင်းကနေ ထိထိရောက်ရောက် ကိုင်တွယ်ဖို့လည်း အခုလို ထောက်ပြပါတယ်။

“ကျနော်တို့တိုင်းပြည်ကတော့ အကောင်းဘက်ကို ဦးတည်မယ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့အဖြေရှာမယ့်အခင်းအကျင်းကို ရောက်တော့မယ်ဆိုရင်တော့ မတည်မငြိမ်ဖြစ်အောင် ဖန်တီးတဲ့ လုံ့ဆော်တဲ့အနေအထားတွေ ဒါ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဆိုတော့ အခုလည်း ကျနော်တို့ သုံးသပ်မိတာကတော့ ၂၁ ရာစု ပင်လုံညီလာခံဟာ တတိုင်းပြည်လုံးက စိတ်ဝင်စားနေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံကလည်း တက်လာတဲ့ NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ တိုင်းပြည်ရဲ့ပြည်တွင်းငြိမ်းချမ်းရေးအပါအ၀င် လက်ရှိ ရှိနေတဲ့ အခြေခံ နိုင်ငံရေးပြဿနာ ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့အတွက် ကြိုးပမ်းနေကြတဲ့ကာလမျိုးမှာ အားလုံးကလည်း တက်တက်ကြွကြွရှိနေတဲ့ ကာလမျိုးမှာ ဒီလိုမျိုးဖြစ်လာတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်ဆောင်မယ့် စည်းရုံးလှုံ့ဆော်မှုတွေ ကြိုးပမ်းမှုတွေဟာ ဒီအပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ အနှောက်အယှက်ပြုလိုတယ်လို့ပဲ ကျနော်တို့က အဲဒီလို သုံးသပ်လို့ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တချို့တို့ တွေ့ဆုံဆွေးနွေးကြဖို့ ရက်ပိုင်းအလိုမှာဘဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသကလည်း မဘသ ရှိဖို့ မလိုအပ်ဘူးဆိုတဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရဲ့ ပြောဆိုချက်ကိုသမ္မတ ဦးထင်ကျော် အစိုးရအနေနဲ့ ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုထားတာပါ။ ဇူလိုင်လ ၁၄ ရက်နေ့မှာလည်း ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ သံဃမဟာနာယက အဖွဲ့ရဲ့ ၄၇ ပါး စုံညီ အစည်းအဝေး ရှိနေတာပါ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မဘသ အဖွဲ့နဲ့ ပတ်သက်ပြီး ပြည်ထောင်စု သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာနဘက်က သံဃမဟာနာယက အဖွဲ့ကို လျှောက်ထားဖို့ ရှိပါသလားဆိုတာကိုတော့ ၀န်ကြီးဌာန ပြောခွင့်ရ ဦးအောင်ဆန်းဝင်းက အခုလို ပြောပါတယ်။

“ကျနော်တို့ရဲ့လက်အောက်မှာမရှိပါဘူးခင်ဗျ။ မဘသသည် သာသနာရေး ၀န်ကြီးဌာနရဲ့ လက်အောက်မှာလည်းမရှိဘူး။ နိုင်ငံတော် သံဃနာယက လက်အောက်မှာလည်း မရှိပါဘူး။

မေး။ ။ ဟုတ်ကဲ့ပါ။ ဆိုတော့ ဆရာတို့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘာမှလုပ်ဖို့တော့မရှိဘူးပေါ့နော်။

ဦးအောင်ဆန်းဝင်း။ ။ဟုတ်ပါတယ်ခင်ဗျ။”

အစိုးရသစ် လက်ထက်မှာ လူမျိုးရေး ဘာသာရေးဆန်တဲ့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ နိုင်ငံတွင်း လူနည်းစု ဖြစ်တဲ့ ခရစ်ယာန်နဲ့ မူဆလင်တို့ရဲ့ ဘာသာရေး အထွဋ်အမြတ်နေရာတွေမှာ ဗုဒ္ဓဘာသာ စေတီတွေ ၀င်တည်တာ၊ ၀င်ရောက်ဖျက်ဆီး တာတွေ ဖြစ်လာခဲ့ပြီး ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအ၀ိုင်းဆိုတဲ့ အခေါ်အဝေါ်ကို သဘောမကျသူတို့က ရခိုင်ပြည်နယ်နဲ့ ရန်ကုန်မြို့တို့မှာ ဆန္ဒပြခဲ့ကြပါသေးတယ်။

XS
SM
MD
LG