သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံညီလာခံအကြို တိုင်းရင်းသားတွေ နဲ့ CSO တွေ ပြင်ဆင်


ဇူလိုင်လ ၅ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး။ ဓါတ်ပုံ - (Myanmar State Counsellor Office)
ဇူလိုင်လ ၅ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး။ ဓါတ်ပုံ - (Myanmar State Counsellor Office)

၂၁ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ အခြေခံ ဘုံသဘောထား ရပ်တည်ချက် ရနိုင်ဖို့ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ မျက်နှာစုံညီ စည်းဝေးကြတော့ မှာ ဖြစ်ပါတယ်။ မိုင်ဂျာယန်မှာ လာမယ့် ဇူလိုင်လ ၂၆ရက်နေ့က စတင်ကျင်းပ မှာ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ဖွဲ့ တက်ရောက် မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ကျင်းပမယ့် ၂၁ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေး အဖွဲ့အစည်းတွေရဲ့ ကြိုတင် ပြင်ဆင်နေ မှုတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဇူလိုင်လ ၈ရက်နေ့ က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် မှာတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု အားလုံးပါဝင်တဲ့ မျက်နှာစုံညီ အစည်းအဝေးကို လာမယ့် ဇူလိုင်လ ၂၆ရက်နေ့ ကနေ ဇူလိုင်လ ၂၉ရက်နေ့ အထိ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပဖို့ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။

၂၁ရာစု ပင်လုံ ညီလာခံ ကြိုတင် ပြင်ဆင်မှုအဖြစ် တွေ့ဆုံကြမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုင်းရင်းသားတွေရဲ့ အခြေခံ ဘုံသဘောထား ရပ်တည်ချက် ရရှိနိုင်ဖို့ အဓိက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဘုံ သဘောတူညီချက် ရဖို့ အဓိကထား ဆွေးနွေးမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသား ကောင်စီ ANC ရဲ့ အထွေထွေ အတွင်းရေးမှူး လည်းဖြစ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC) တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) အဖြစ်ပါ တာဝန်ယူထားတဲ့ ဦးထွန်းဇော်က အခုလိုပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ မျက်နှာ စုံညီ အစည်းအဝေး လို့ ခေါ်ပါတယ်။ မျက်နှာစုံညီ အစည်းအဝေးကတော့ ၂၁ ရာစု ပင်လုံ ညီလာခံ အတွက် အကြို ညှိနှိုင်းတဲ့ ရည်ရွယ်ချက် တစ်ချက်ရှိတယ်။ နောက်ပြီးတော့၊ တိုင်းရင်းသားအားလုံး အဖွဲ့အစည်းတွေ ကြားမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ ဘုံ ရည်မှန်းချက်တွေပေါ့။ အဲဒီ ရည်မှန်းချက်တွေကို ချမှတ်ဖို့ ရှိပါတယ်။ ဒီအကြောင်းအရာ ဒီရည်ရွယ်ချက် နှစ်ချက်ကို အခြေခံ ရပြီးတော့မှ ကျွန်တော်တို့ ဆွေးနွေးသွားဖို့ ရှိပါတယ်။ အဓိက အားဖြင့်ပေါ့။”

ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် မျက်နှာစုံညီ အစည်းအဝေး မှာတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အားလုံးပါဝင်ရေးဆိုတဲ့မူကို ဆက်လက် ဆုပ်ကိုင်ထားမှာဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

“ကျွန်တော်တို့ ဒီဘက်ကတော့ UNFC နဲ့တကွ တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးဟာ အားလုံး ပါဝင်ရေးဟာ အဆင့်တိုင်းမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီတိုင်းပြည်ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာမှပဲ တိုင်းပြည် ဟာ ရှေ့ဆက်သွားလို့ ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်ဆိုတာ အားလုံးပါဝင်မှပဲ ဖြစ်မယ်လို့ ယုံကြည်ထားတာနဲ့ အညီပေါ့လေ။ အားလုံး ပါဝင်ရေးဟာ အဆင့်တိုင်းမှာ ဖြစ်ပါတယ်။ ဆိုလိုတာ ကတော့ အပစ်အခတ်ရပ်စဲရေးမှသည် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်တိုင်းမှာ အားလုံး ပါဝင်ဖို့ လိုတယ်ဆိုတဲ့ သဘောထားဖြစ်ပါတယ်။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကျင်းပမယ့် ၂၁ရာစု ပင်လုံညီလာခံ ကနေ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှု အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်မယ်လို့ တိုင်းရင်းသားတွေ ဘက်ကတော့ မျှော်လင့်ချက်များစွာ ရှိတယ်လို့လည်း UNFC တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ဦးထွန်းဇော်က ပြောပါတယ်။

“ဒီ ၂၁ရာစု ပင်လုံ ညီလာခံကတော့ ကျွန်တော်တို့ မျှော်လင့်ချက်တွေ အများကြီးရှိပါတယ်။ ဒီ ၂၁ရာစု ပင်လုံ ညီလာခံလို့ ဒေါ်အောင်ဆန်းစုကြည်ကနေ နာမည် ပေးထားကတည်းကနေပေါ့လေ။ တိုင်းရင်းသား အားလုံး ပါဝင်ပြီးတော့ လုပ်မယ်လို့ လမ်းဖွင့်ပေးထားတဲ့အတွက် ဒီအပေါ်ကနေပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကြီးကို စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပုံစံနဲ့ တည်ဆောက်မယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကို သွားဖို့အတွက် ရည်မှန်းချက် ရှိနေပါတယ်။ ဒီလို ကြီးမားတဲ့ ရည်မှန်းချက် ရှိတဲ့အတွက် ဆွေးနွေးပွဲကတော့ တစ်ကြိမ်ထဲတော့ ပြတ်မှာ မဟုတ်ဘူးပေါ့လေ။ အကြိမ်ကြိမ် ဆွေးနွေး ညှိနှိုင်း ပြီးတော့မှ အဖြေရှာသွားဖို့ ရှိတဲ့အတွက် ကျွန်တော်တို့ ဘက်ကလည်း ပြင်ဆင်မှု အားကောင်းဖို့လိုတယ်။ ဘက်ပေါင်းစုံက ဆွေးနွေး ညှိနှိုင်းပြီးတော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ ရှိတဲ့အတွက် ရလဒ်ကောင်းတွေ ထွက်ဖို့ ပဲ ရှိပါတယ်။”

မိုင်ဂျာယန် အစည်းအဝေး ဖြစ်မြောက်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အစည်းအဝေး ပြင်ဆင်ရေးနဲ့ အစည်းအဝေး ကျင်းပရေး ကော်မတီ၂ရပ်ကို ဖွဲ့စည်းထား ပါတယ်။ ပြင်ဆင်ရေးကို ကချင် လွတ်လပ်ရေးအဖွဲ့ KIO က ဦးလာနန် ဦးဆောင်တဲ့ အဖွဲ့က ဆောင်ရွက်မှာဖြစ်ပြီး ကျင်းပရေး ကိုတော့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ခူဦးရယ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကြမှာ လည်းဖြစ်ပါတယ်။ အစည်းဝေးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်သလို တိုင်းရင်းသား နိုင်င်ငံရေး ပါတီတွေရဲ့ ကိုယ်စား တိုင်းရင်းသားပါတီတွေ စုဖွဲ့ထားတဲ့ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF တို့ကိုလည်း ဖိတ်ကြားသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အခုလို ၂၁ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်မှု အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပြင်ဆင်နေကြချိန်နဲ့ တပြိုင်နက်တည်း မှာပဲ ၂၁ ရာစု ပင်လုံနဲ့ ပတ်သက်လို့ CSO အရပ်ဖက် အဖွဲ့အစည်းတွေကလည်း ပြင်ဆင်နေကြပါပြီ။ အရပ်ဖက် အဖွဲ့အစည်း CSO တွေအနေနဲ့ ပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေး အတွက် မူဝါဒသဘောထားတွေရရှိနိုင်ဖို့ အဖွဲ့အစည်းများဖိုရမ် (CSO Forum) ကို ကျင်းပနိုင်ရေး အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပြင်ဆင်မှုတွေ ကို ဆောင်ရွက်နေကြတယ်လို့ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေး ယာယီ ကော်မတီ အဖွဲ့ ကိုသွင်လင်းအောင် ကလည်း ပြောပါတယ်။

“အဲတော့ ကျွန်တော်တို့ အမြင်ကတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံတော် အတိုင်ပင်ခံက အခု လုပ်လိုက်တဲ့ဟာက အစကဟာထက်တော့ သာတယ်။ ကျွန်တော်တို့ရဲ့ အသံတွေကို ပိုပြီးတော့ ပေးနိုင်လိမ့်မယ်လို့ ထင်တယ်။ မျှော်လင့်တာ ကတော့ ရှေ့အစိုးရထက်စာရင် တချို့ သာလာတဲ့ အချက် ကလေးတွေ တွေ့ရတဲ့ အတွက်တော့ ပိုပြီးတော့တော့ ကျွန်တော်တို့ အသံတွေ ပါမလားလို့ မျှော်လင့်မိ တာပေါ့ဗျာ။”

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တပ်မတော်၊ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ လွှတ်တော်စတဲ့ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်နိုင်ရေး ၂၁ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေး ကေ်ာမတီက ကြိုးစား ဆောင်ရွက်နေပြီး လာမယ့် သြဂုတ်လ မှာတော့ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ခြေ ရှိတယ်လို့ မျှော်လင့်ကြောင်း ၂၁ရာစု ပင်လုံညီလာခံ ကျင်းပရေး ပြင်ဆင်နေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG