သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ် လက်နက်ကိုင်အဖွဲ့များ ဇူလိုင် ၁၇ တွေ့မည်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Photo- Myanmar State Counsellor FB )
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Photo- Myanmar State Counsellor FB )

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ကိုယ်စား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲခေါင်းဆောင်တွေ အခုလာမယ့် ဇူလိုင်လ ၁၇ ရက်နေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။ ၂၁ရာစုပင်လုံညီလာခံကိုလည်း လာမယ့် သြဂုတ်လ နောက်ဆုံးသီတင်းပတ်မှာ ကျင်းပနိုင်ခြေရှိတယ်လို့ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအတွင်းရေးမှူးက ပြောပါ တယ်။ တချိန်တည်းမှာပဲ အပစ်ရပ် လက်မှတ်မထိုးသေးတဲ့ ကိုးကန့်၊ ရခိုင်၊ တအာင်း လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နဲ့လည်း အကြို ပြင်ဆင်ရေးကော်မတီအနေနဲ့ သီးခြားတွေ့ဆုံဖို့ ရှိနေပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးကြမယ့် ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ နောက်ဆုံးပတ်မှာကျင်းပနိုင်ဖို့ ပြင်ဆင် နေကြချိန်မှာပဲ အခုလာမယ့် ဇူလိုင်လ ၁၇ရက်နေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ရှိတယ်လို့ ညီလာခံပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“UNFC ဥက္ကဋ္ဌနဲ့အဖွဲ့ကိုတွေ့မှာပါ။ UNFC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့တာပါ ။ အခုဟာတော့ ကြိုတင်ပြင်ဆင်နေတဲ့ လုပ်ငန်းတွေလည်း တော်တော်လေးတော့ ခရီးရောက်နေပြီ။ သြဂုတ်လ နောက်ဆုံးပတ်မ တိုင်ခင်မှာပဲ စတင် ကျင်းပနိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျနော်တို့ဆီက ရှိနိုင်တာက အခု ဒီ ၁၅ ရက်လောက်ဆိုရင် DPN က ကိုယ်စားလှယ်တွေ ရောက်လာမယ်။ ၁၆ ရက်နေ့မှာတော့ UNFC ဥက္ကဋ္ဌနဲ့ အဖွဲ့တွေရောက်လာမယ်။ ၁ရ ရက်နေ့မှာတော့နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ကျနော်တို့ တွေ့ဆုံဖို့ တွေရှိပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း DPN နဲ့ ကျနော်တို့ ထပ်ပြီး ညှိနှိုင်းမှုတွေရှိမယ်။ ပြီးရင်တော့ မိုင်ဂျာယန်မှာလည်း တိုင်းရင်းသားတွေအနေနဲ့ ၂၆-၂၉ ကို တွေ့ဖို့ရှိပါတယ် ပြင်နေပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဇွန်လ ၂၈ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်အဖွဲ့(၈)ဖွဲ့နဲ့ တွေ့တဲ့ အခါတုန်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို သြဂုတ်လ နောက်ဆုံးအပတ်ထက် နောက်မကျပဲ လုပ်သင့်တယ် ဆိုတာကို နှစ်ဘက်စလုံးက ပြောကြားချက်တွေ ၊ စဉ်းစားချက်တွေရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီ သြဂုတ်လ နောက်ဆုံးပတ်မတိုင်ခင်မှာ လုပ်နိုင်ဖို့အတွက်ကိုတော့ ကြိုတင်ပြင်ဆင်ရေးကော်မတီ အနေနဲ့ ဆောင်ရွက်နေတာတွေရှိပါတယ်။”

ဒီရက်ပိုင်းအတွင်းမှာပဲ အပစ်ရပ် လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ကိုယ်စား DPN ခေါ် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေနဲ့ ညီလာခံအကြိုပြင်ဆင်ရေးကေ်ာမတီ တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

တချိန်တည်းမှာပဲ တပ်မတော် နဲ့ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ အပစ်ရပ် လက်မှတ်မထိုးထားရသေးတဲ့ ကိုးကန့်တပ် MNDAA၊ ရခိုင် တပ် AA၊ တအာင်းပလောင်တပ် TNLA တို့နဲ့ အစိုးရကိုယ်စားလှယ်တွေကြား တိုင်းရင်းဒေသ တနေရာရာမှာ တွေ့ဆုံပြီးတော့ ပထမဆုံးအကြိမ်ဆွေးနွေးနိုင်ရေး ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) က ဦးသိန်းဇော်ဦးဆောင်တဲ့ အဖွဲ့က စီစဉ်နေတယ်လို့လည်း သိရပါတယ်။

“၀ နဲ့ မိုင်းလားဘက်မှာတော့ ဆရာဦးသိန်းဇော်တို့ တာဝန်ယူပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ နောက် သုံးဖွဲ့အတွက်လည်း ဆရာဦးသိန်းဇော်တို့ AA၊ TLNA ၊ MNDAA အတွက်လည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲဒါတွေလည်း သိပ်မကြာခင်မှာ ဆက်ပြီးတော့ တွေ့ဆုံပြီးပြင်ဆင်နိုင်မယ့် အနေအထားတွေရှိပါတယ်။”

အရင် ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကတော့ ဒီလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို ချန်လှပ်ထားခဲ့ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးစားခဲ့တာကြောင့် အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောထားကွဲလွဲမှု ဖြစ်ခဲ့တာပါ။ အခုအစိုးရသစ်လက်ထက်မှာတော့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်နိုင်ရေး ဖိတ်ခေါ်ချက်အရ အခုလို TNLA အပါအဝင် MNDAA နဲ့ AA အဖွဲ့တွေကို သီးခြားစီတွေ့ဆုံဖို့ အစိုးရဘက်က စီစဉ်တဲ့အပေါ် TNLA ဘက်ကတော့ ကြိုဆို လိုက်ပါတယ်။ TNLA ပြောခွင့်ရ မိုင်အိုက်ကျော်ကတော့ တွေ့ဆုံမယ့်ရက် တရားဝင်မသတ်မှတ်ရသေးသလို မိုင်းလားနဲ့ ပန်ဆန်း နယ်မြေ တနေရာရာမှာ တွေ့ဆုံနိုင်ခြေ ရှိပါတယ်လို့ ပြောပါတယ်။

“သူတို့ကတွေ့ဖို့တော့ ပြောထားတာကတော့ ချိန်းထားတယ်လို့တော့ ကျနော်တို့ ကြားတယ်ပေါ့နော်။ ဒါပေမယ့် ရက်ကတော့ ကျနော်တို့မရသေးဘူးခင်ဗျ။ ကျနော်တို့မိုင်းလားမှာ တွေ့ဖို့အတွက်ကတော့ ကျနော်တို့ ၂ ဘက် ကတော့ အကြမ်းဖျင်းအားဖြင့် သဘောတူထားတာပေါ့နော် ။ တွေ့ဆုံချင်တယ်ဆိုရင်တော့ အများ ကျနော်တို့သွားလို့လာလို့ လွယ်ကူတဲ့နေရာမှာပေါ့နော် ကျနော်တို့က လွတ်မြောက်နယ်မြေ မရှိတဲ့အတွက် မဟာမိတ်ရဲ့ နယ်မြေ ပန်ဆိုင်းမဟုတ်ရင် မိုင်းလား တခုခုပေါ့။ ကျနော့်အထင်ကတော့ သူတို့လည်း ဘာမှ အကြောင်းမပြန်သေးဘူး။ ဒါပေမယ့် ပန်ဆိုင်းမဟုတ်ရင် မိုင်းလား အဲဒီက တခုပဲ ထင်တယ်။ ဘာတွေဆွေးနွေးသွားမလဲဆိုတော့ အဓိကတော့ ကျနော်တို့ဒီ ၂၁ ရာစု ညီလာခံကို အခြားတိုင်းရင်းသားတွေနည်းတူ ကျနော်တို့တက်ချင် တယ်ပေါ့နော်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ကျနော်တို့ ပါဝင်ချင်တယ်ဆိုတယ်ဆိုတဲ့ ဆန္ဒကို ထုတ်ဖော် ပြီးတင်ပြသွားဖို့တော့ ရှိတယ်။”

ဒီအတောအတွင်းမှာပဲ ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တူညီတဲ့ အခြေခံမူ သဘောထား ရပ်တည်ချက် ရနိုင်ဖို့အရေးအတွက် ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ မျက်နှာစုံညီအစည်းအဝေးကို ကချင် ပြည်နယ် မိုင်ဂျာယန်မှာ အခုလာမယ့် ဇူလိုင် ၂၆ ရက်နေ့ကစလို့ ဇူလိုင်လ (၂၉) ရက်နေ့အထိ ကျင်းပပြီး တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ မိုင်ဂျာယန်ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂၁) ဖွဲ့က ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG