သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ ယုံကြည်မှုတည်ဆောက်ရေး အဓိကကျ 


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့မှာ တွေ့ဆုံ(Photo-ထက်အောင်ခန့်)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့မှာ တွေ့ဆုံ(Photo-ထက်အောင်ခန့်)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ မြန်မာနိုင်ငံ တဝန်း တိုင်းရင်းဒေသတွေမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး၊ တိုင်းရင်းသားပေါင်းစုံ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးတွေမှာ အပြန်အလှန်ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်နိုင်ရေးက အဓိကကျတယ်လို့ တိုင်းရင်းသားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ပြောဆိုလိုက်ပါတယ်။ သြဂုတ်လကုန်မှာ ကျင်းပနိုင်ခြေရှိတဲ့ ၂၁ရာစုပင်လုံညီလာခံအတွက် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းအသီးသီးက ဘက်ပေါင်းစုံကနေ ကြိုတင်ပြင်ဆင်နေကြတဲ့ အခြေအနေ အသေးစိတ် မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ဒီကနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေရဲ့ကိုယ်စား ဗိုလ်ချုပ်ကြီးအင်ဘန်လဦးဆောင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့မှာ တွေ့ဆုံနေကြပြီဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်စေချင်ပါတယ်လို့ ပြောထား တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးမူအတိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တာမှာ လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ရေးဆိုတဲ့မူကို ခိုင်မာစွာဆုပ်ကိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှုအပေါ် အကောင်းမြင်မျှော်လင့်မှုတွေရှိပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစုပင်လုံ ဆိုတဲ့ အမည်နာမနဲ့အညီ ဒီညီလာခံကနေ တိုင်းရင်းသားတွေအားလုံးလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အခြေခံဘုံသဘောတူညီချက် အလားအလာကောင်းတွေ ပေါ်ထွက်လာဖို့ ယုံကြည်ပါတယ်လို့ဆိုသူကတော့ ငြိမ်းဖောင်ဒေးရှင်းက မူဝါဒရေးရာနဲ့ မဟာဗျူဟာ လက်ထောက်ဒါရိုက်တာ ဒေါ်နန်ရော်ဖြစ်ပါတယ်။

“နံမည်ကို၌ က NCA ကိုလက်မှတ်လာမထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေစိတ်ဝင်စားစေတဲ့နံမည်ဖြစ်တယ်ပေါ့နော် ဒါတော့တခုပေါ့။ ဒီလက်နက်ကိုင်တော်လှန်တဲ့ကိစ္စရပ်တွေရဲ့ အရင်းအမြစ်က တိုင်းရင်းသားကိစ္စပေါ့လေ။ ပင်လုံကတိစာချုပ်ကို အစိုးရအဆက်ဆက်က မဖြည့်ဆည်းခဲ့လို့ဆိုတဲ့ အကြောင်းအရင်းလည်းရှိတယ်ပေါ့နော်။ အဲဒီတော့ ပင်လုံညီလာခံဆိုတဲ့နာမည်ကိုသုံးလိုက်ခြင်းအားဖြင့် တကယ်ပဲ ပင်လုံမှာအရင်တုန်းက ထားခဲ့တဲ့ကတိတွေ ပင်လုံစာချုပ်ကိုပဲ ပြန်ပြီးတော့ပြည့်စုံအောင်ကြိုးစားမယ်ဆိုတဲ့ ပုံစံမျိုးတွေလည်း သက်ရောက်စေတယ်ပေါ့နော်။ ၂၁ ရာစု ပင်လုံလို့ပြောလိုက်တဲ့အတွက် ပင်လုံရဲ့အနှစ်သာရ၊ပင်လုံမူ၊ ပင်လုံစိတ်ဓါတ်ကိုတော့ ပြန်ပြီးတော့ ဖော်ထုတ်မယ်လို့အပြုသဘောနဲ့မြင်ကြပါတယ် လို့ပြောချင်ပါတယ်။”

မြန်မာနိုင်ငံတဝန်း တိုင်းရင်းဒေသတွေ စစ်မီးငြိမ်းရေး စစ်ရေးပဋိပက္ခတွေ ပြေလည်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးနေကြချိန်မှာတော့ အဓိက အရေးကြီးဆုံးကတော့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေး ပဲ ဖြစ်တယ်လို့ လည်း ဒေါ်နန်ရော်က မြင်ပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလုပ်ရတဲ့ အဓိကအကြောင်းအရင်းက တိုင်းရင်းသားလက်နက်ကိုင် ကိစ္စကြောင့်ပေါ့။ အရေးကြီးတာကတော့ အရင်အစိုးရလက်ထက်တုန်းက NCA ကို နှစ်ဘက်က ဆွေးနွေးရေးဆွဲနေတဲ့ ၂ နှစ်ခွဲကာလအတွင်းမှာ အစည်းအဝေးလုပ်နေတဲ့ကာလမှာကိုပဲ Offensive Attack တွေရှိခဲ့ပါတယ်ပေါ့နော်။ အထူးသဖြင့် ရှမ်းမြောက်နဲ့ ကချင်ဒေသပေါ့။ အဲဒီတော့ ယုံကြည်မှုတည်ဆောက်ချင်တယ်ဆိုရင် အစိုးရ ဒီငြိမ်းချမ်းရေးလုပ်ငန်းကို အထူးသဖြင့် NRPC ကိုရော UPDJC ကိုရော ဦးဆောင်သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုက ရှေ့ကနေ မူကောင်းကောင်းနဲ့ပေါ့နော်။ အားလုံးပါဝင်မှုအားကောင်းကောင်းနဲ့ ဦးဆောင်လုပ်ဆောင်တဲ့နေရာမှာ တပ်မတော်အနေနဲ့လည်း တသားထဲပါဝင်ခွင့်ကိုလည်း သူပေးထားတယ်ပေါ့နော်။ အဲဒီတော့ ဒါတွေလည်း ကောင်းတဲ့အလားအလာလို့ ကျမတို့မြင်ပါတယ်။”

အခုလို ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်မှုအနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ၂၁ ရာစု ပင်လုံနဲ့ ပတ်သက်လို့ CSO အရပ်ဖက် အဖွဲ့အစည်းတွေကလည်း ပြင်ဆင်နေကြ ပါပြီ။ ၂၁ ရာစုပင်လုံမှာ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က တတ်နိုင် သလောက်အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်နေတဲ့အခြေအနေတွေကိုလည်း အရပ်ဖက် လူမှုအဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ယာယီကော်မတီက နည်းပညာအကြံပေး ကိုအောင်စိုးမင်းကအခုလိုရှင်းပြပါတယ်။

“ဒီညီလာခံမှာဆွေးနွေးမယ့်အကြောင်းအရာအားလုံးက နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ လုံခြုံရေးစသဖြင့် အဲဒီအခန်းကဏ္ဍတွေမှာ ဘယ်အခန်းကဏ္ဍတွေဆွေးနွေးမလဲဆိုတာထက်စာရင် ဒေသအလိုက်ပြည်သူတွေတကယ်လိုအပ်နေတဲ့ ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့အကြောင်းအရာတွေကို ဦးတည်ဆွေးနွေးပြီးတော့ ပင်လုံညီလာခံကို ဆွေးနွေးသွားပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေကိုယ်စားလှယ်ကိုယ်တိုင် ဒီညီလာခံမှာဝင်ရောက်ဆွေးနွေးသွားဖို့ကို ကျနော်တို့က မျှော်လင့်ထားပါတယ်။ အဲဒီအတွက်ကိုလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်နေပါတယ်ခင်ဗျ။ ကျနော်တို့မြင်တာကတော့ အပစ်အခတ်ရပ်စဲထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကရော၊ အပစ်အခတ်မရပ်စဲရသေးတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကရော အရင်အစိုးရထက်စာရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကို ယုံကြည်မှုပိုရှိတဲ့အလားအလာတွေတွေ့ရပါတယ်။ အဲဒီအခါကျတော့ ကျနော်တို့ငြိမ်းချမ်းရေးဟာ အရင်ကထက်စာရင် မြန်ဆန်သွားနိုင်မယ်လို့တော့ မျှော်လင့်မိပါတယ်ခင်ဗျ။”

သြဂုတ်လကုန်မှာ ကျင်းပနိုင်ခြေရှိတဲ့ ၂၁ရာစုပင်လုံညီလာခံအတွက် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းအသီးသီးက ဘက်ပေါင်းစုံကနေ ကြိုတင်ပြင်ဆင်နေကြတာပါ။ ၂၁ရာစု ပင်လုံညီလာခံအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ အခြေခံ ဘုံသဘောထား ရပ်တည်ချက် ရနိုင်ဖို့အတွက်ကိုလည်း လာမယ့် ဇူလိုင်လ ၂၆ရက်နေ့ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအားလုံး မျက်နှာစုံညီ စည်းဝေးကြမှာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG