သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်မရပ် အဖွဲ့တွေနဲ့ ဒေါ်စု အစည်းအဝေးအတွက် ပြင်နေကြပြီ


ဇူလိုင်လ ၁၆ရက်နေက ရန်ကုန်မြို့သို့ ရောက်ရှိလာ သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ခေါင်းဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနေသူများ။ (ဓါတ်ပုံ - Facebook/ Khon Ja )
ဇူလိုင်လ ၁၆ရက်နေက ရန်ကုန်မြို့သို့ ရောက်ရှိလာ သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ခေါင်းဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနေသူများ။ (ဓါတ်ပုံ - Facebook/ Khon Ja )

၂၁ရာစု ပင်လုံညီလာခံ မတိုင်ခင် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ရ သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ မနက်ဖြန် တနင်္ဂနွေနေ့မှာ တွေ့ဆုံကြတော့ မှာ ဖြစ်ပါတယ်။ ဒီနေ့ စနေနေ့မှာတော့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ရန်ကုန်ကို စတင် ရောက်ရှိ လာကြပြီ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် အစိုးရနဲ့ အပစ်မရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံ ကြတော့မယ့်အပေါ် အလားအလာ ကောင်းတွေကို ဘယ်လောက် မျှော်လင့်ချက် ရှိကြပါသလဲ ဆိုတာ မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။

သြဂုတ်လ နောက်ဆုံးပတ်မှာ ကျင်းပနိုင်ခြေ ရှိတဲ့ ၂၁ရာစု ပင်လုံညီလာခံ အတွက်လည်း အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စတဲ့ ဘက်ပေါင်းစုံက အဖွဲ့တွေ ကြိုတင် ပြင်ဆင် နေကြပြီ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကျင်းပမယ့် ၂၁ရာစု ပင်လုံ ညီလာခံမှာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင် ဖော်ဆောင်နိုင်ရေး အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ကိုယ်စား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ မနက်ဖြန် ဇူလိုင်လ ၁၇ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပထမဆုံး အကြိမ် မျက်နှာခြင်းဆိုင် တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကြိုတင် ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ အတွက်ကိုလည်း UNFC အထွေထွေ အတွင်းရေး မှူး နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (Delegation for Political Negotiation – DPN) အဖွဲ့ခေါင်းဆောင် ဦးခူဦးရယ် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ကလည်း မနေ့ သောကြာနေ့နေ့လည်ပိုင်း ကတည်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြပြီး၊ ဒီကနေ့ စနေနေ့ မှာတော့ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ ဦးခူဦးရယ် ခေါင်းဆောင်သော DPN ကိုယ်စားလှယ် အဖွဲ့တို့ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC - ရန်ကုန်ရုံးမှာ တွေ့ဆုံဆွေးနွေး ကြပါတယ်။

အပစ်မရပ် ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ကိုယ်စား နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံတဲ့ အခါမှာတော့ ၂၁ရာစု ပင်လုံ ညီလာခံအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ တို့ကြား ယုံကြည်မှု တည်ဆောက်ကြပြီး ငြိမ်းချမ်းရေး မူဘောင်ရေးဆွဲမှုတွေမှာ ပူးပေါင်း ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်လို့ ဒေါက်တာတင်မျိုးဝင်းက ပြောကြားခဲ့ပါတယ်။

“ယုံကြည်မှု တည်ဆောက်ပြီးသွားပြီ၊ တစ်ဖက်နဲ့ တစ်ဖက် အရမ်းကို ယုံကြည်လေးစားမှုနဲ့ အပြန်အလှန် လေးစားပြီး၊ အရမ်းကို ညီအစ်ကို မောင်နှမ မိသားစုဖြစ်သွားပြီ။ အဲဒီတော့ ဒီအချိန်မှာဘာမှလဲ အားနာမနေနဲ့။ ရင်ထဲရှိတာကို ရှိတဲ့အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းပဲ မေးပါ။ ကျနော်တို့ဘက်ကလည်း သိသမျှဖြေပါ့မယ်။ နောက် ပြဿနာရှိလို့ ရင်းရင်းနှီးနှီးတိုင်ပင်ချင်လို့ရှိရင်လည်း ကျနော်တို့ဘက်က အဆင်သင့်ပဲဆိုတာ ပြောပါရစေ။ ”

အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘက်ကလည်း မြန်မာ့ငြိမ်းချမ်းရေးမှာ အဓိက အရေးကြီးဆုံး အချက်ဖြစ်တဲ့ ခိုင်မာတဲ့ ယုံကြည်မှုတရပ် ထူထောင်နိုင်အောင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ရင်းနှီးမှုကို အခြေခံ တည်ဆောက်ကြဖို့ အရေးကြီးတယ် ဆိုတာကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စား နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) အဖွဲ့ခေါင်းဆောင် ဦးခူဦးရယ်က ပြောပါတယ်။

“ ရှင်းရှင်းပြောရရင်တော့ အဓိက ကျတာကတော့ ယုံကြည်မှု တည်ဆောက်ဖို့ ကြိုးစားတဲ့ဲ့အခါ မျိုးတွေမှာ မကြာခဏ တွေ့ဆုံခြင်းဖြင့်သာ ရင်းနှီးမှုကို အခြေခံပြီး တည်ဆောက်လို့ရမယ်ထင်ပါတယ်။ ”

ပင်လုံ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ မနက်ဖြန်မှာ တွေ့ဆုံကြမယ့်ကိစ္စ၊ ပင်လုံညီလာခံမှာ အခြေခံ ဘုံသဘောထား ရရှိစေရေး ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက်ကို်င် အဖွဲ့တွေချည်း တွေ့ဆုံဆွေးနွေးကြမယ့် ကိစ္စအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိက ဆွေးနွေးဖြစ်ခဲ့ကြတယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကလည်း အခုလိုရှင်းပြပါတယ်။

“ အဓိကကတော့ ခေါင်းစဉ်လေးခုကို ဆွေးနွေးခဲ့တယ်။ နံပါတ် တစ်ကတော့ မနက်ဖြန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ UNFC ဥက္ကဌ နဲ့ တွေ့ဆုံဖို့ ကိစ္စကို ဆွေးနွေးတယ်။ ဒုတိယကတော့ မိုင်ဂျာယန်မှာ ဆောင်ရွက် မယ့် ကိစ္စတွေကို ရှင်းပြတယ်။ တတိယကတော့ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ညီလာခံ ကြိုတင် ပြင်ဆင်ရေး ကော်မတီကို ထပ်မံ တွေ့ဆုံဖို့ ကိစ္စကို ကျွန်တော်တို့ ဆွေးနွေး တယ်။ နောက်ဆုံး နံပါတ်လေးကတော့ မိုင်ဂျာယန်အတွက် လိုအပ်တဲ့ ကူညီ ဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို နှစ်နာရီခွဲလောက် ဆွေးနွေး ပြီးတဲ့အခါ ပြီးပါပြီ။ ”

ဇူလိုင်လ ၁၆ရက်က ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ - DPN ဆွေးနွေးမှု။ (ဓါတ်ပုံ - Facebook/Hla Maung Shwe)
ဇူလိုင်လ ၁၆ရက်က ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ - DPN ဆွေးနွေးမှု။ (ဓါတ်ပုံ - Facebook/Hla Maung Shwe)

တချိန်တည်းမှာပဲ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ဒီကနေ့ စနေနေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာပြီ ဖြစ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကို ရန်ကုန်မြို့ရောက် ကချင်၊ ကရင်၊ ရခိုင်၊ မွန် စတဲ့ တိုင်းရင်းသားတွေက လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပြီး ဒီဆွေးနွေးမှုတွေ ကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ့် မျှော်လင့်ချက် ကြီးမားပါတယ်လို့ ကချင်အမျိုးသား ကိုဂျော်ဂွန်းက လည်း ပြောပါတယ်။

“ဟုတ်တယ်။ နှစ်နာရီမှာ ရောက်တယ် သွားကြိုကြတာ။ နောက်ထပ် တစ်သုတ်တော့ ဒီ ၇နာရီမှာ ရောက်တယ် ပြောတယ်။ အဲဒီအတွက် လည်း ပြင်ဆင်နေတယ်။ ရန်ုကုန် ရောက်နေတဲ့ ကချင် တိုင်းရင်းသား၊ မွန်၊ ရှမ်း၊ ကယား၊ ချင်းတို့၊ ရခိုင်တို့ ပါတယ်။ ခြောက်ယောက် ရောက်ပြီလို့တော့ပြောတယ်။ ကျွန်တော်တို့ သိတာက UNFC က ဆိုရင် မွန်ခေါင်းဆောင် နဲ့ ကချင် ခေါင်းဆောင်တော့ ရောက်ပြီလို့ သိတယ်။ မနက်ဖြန် ကတော့ အရေးကြီးတဲ့ အစည်းအဝေးတော့ ဖြစ်လာနိုင်တယ်။ ၂၁ ရာစု ပင်လုံ ညီလာခံ မှာ တိုင်းရင်းသား လက်နက်ကိုင်၊ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အနေနဲ့၊ သူတို့ ပါဝင်မှု ကဏ္ဍကို မနက်ဖြန် အစည်းအဝေး ပြီးရင် ရှင်းရှင်းလင်းလင်း မြင်ရမယ်လို့ ထင်တယ်။”

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အားလုံးပါဝင်ရေး ဆိုတဲ့မှုကို အခြေခံပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အဓိက ဆွေးနွေးကြဖို့မျှော်လင့်သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ကျင်းပမယ့် ၂၁ရာစု ပင်လုံညီလာခံ ကနေ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှု အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်မယ်လို့ တိုင်းရင်းသား ပြည်သူတွေ ဘက်ကတော့ မျှော်လင့်ချက်တွေ ရှိနေကြ တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG