သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကာကွယ်ရေး ဦးစီးချုပ် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစတင်


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံ ခရီးစဉ်။ (Souce - Senior General Min Aung Hlaing FB)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံ ခရီးစဉ်။ (Souce - Senior General Min Aung Hlaing FB)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနေ့က သွားရောက်တဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ ရခိုင်အရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ထောက်ခံအားပေးမှုကို ရယူဖို့ ဖြစ်တယ်လို့ စစ်ရေးနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ရခိုင်အရေးမှာ စစ်တပ်က အဓိက တာဝန်ရှိတယ်ဆိုပြီး နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ ထွက်ပေါ်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ် အတွင်း မြန်မာပြည်ရဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ကိစ္စတွေကို တရုတ်နိုင်ငံ တာဝန်ရှိသူတွေဘက်က ဆွေးနွေးလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

တရုတ် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်လည်းဖြစ် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ရဲ့ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၂၁ ရက် အင်္ဂါနေ့ မနက်ပိုင်းက နေပြည်တော်ကနေ တရုတ်နိုင်ငံကို ထွက်ခွာသွားတာပါ။

အမေရိကန် အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ဖို့နဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးတွေ လျှော့ချဖို့ လုပ်ဆောင်နေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ် ပေါ်လာတာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာစစ်ဘက် ခေါင်းဆောင်တွေဘက်ကနေ တရုတ်နိုင်ငံက ရပ်တည်နေ တယ်ဆိုတာကို ပြသလိုက်တဲ့ ခရီးစဉ်ပဲလို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာနေတဲ့ စစ်ရေးနိုင်ငံရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောက မြင်ပါတယ်။

“ အခုအချိန်ဟာ တရုတ်အတွက် အချိန်ကောင်းလေ။ ဘာဖြစ်လို့လဲ ဆိုတော့ ဗမာပြည်က အစိုးရကော စစ်တပ်ကော ရခိုင်အရေးကြောင့် ဖိအားတွေ နိုင်ငံတကာက ဖိအားတွေ ရနေတဲ့အချိန်မှာ သူတို့အတွက် သက်သာရာ သက်သာကြောင်း အသက်ရှုပေါက်က တရုတ်ပြည်ပဲ ရှိတာကို။ ဒါကြောင့် တရုတ်ကလည်း သူ ရတုန်းရခိုက် စွတ်ပြီးတွန်းပြီး ကြိုးစားနေပုံရတယ်။ ဒါဟာ အခု ဒီဇင်ဘာလမှာ ကျင်းပမယ့် ပင်လုံညီလာခံအတွက်လည်း တစုံတရာ အကျိုးသက်ရောက်မှု ရှိနိုင်မယ်ထင်တယ်။”

ရခိုင်အရေးခင်းပေါ် ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ကို တရုတ်အစိုးရက ထောက်ခံအားပေးမှု ပြသလိုတာကြောင့် တရုတ် ပူးတွဲ စစ်ဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားတဲ့ ခရီးစဉ်လို့ သုံးသပ်သူကတော့ တရုတ်မြန်မာအရေး လေ့လာသူ ဦးသန်းစိုးနိုင်ပါ။

“ အနောက် အုပ်စုကနေပြီးတော့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကိုပေါ့လေ ရခိုင်ဘင်္ဂါလီ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲပြစ်တင်ပြီးတော့ ဖြစ်နိုင်လို့ရှိရင် နိုင်ငံတကာ ခုံရုံးအထိ တင်ဖို့၊ ဂုဏ်သိက္ခာချဖို့ အားထုတ်နေတဲ့ အချိန်မှာ တရုတ်ပြည်ကတော့ ဒီမူဝါဒနဲ့ ပြောင်းပြန်ပဲ ဘာမှကို အရေးယူစရာ မရှိဘူးဆိုတဲ့ ရပ်ခံကာကွယ်မှုကနေ အခုလက်တွေ့ကျတဲ့ ဖိတ်ကြားလိုက်တာကတော့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အတွက်ရော၊ မြန်မာ့တပ်မတော် အတွက်ရော၊ အားတက်စရာဖြစ်တယ်လို့ ထင်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်တို့ အကျိုးစီးပွားအတွက် အဓိကကျတဲ့ မြန်မာပြည်ရဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ကိစ္စကိုပါ ဆွေးနွေးလိမ့်မယ်လို့ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

“၂၀၁၃ ခုနှစ်ကတည်းက သမ္မတ ရှီကျင့်ပင် တင်ထားတဲ့ ဒီ ပိုးလမ်းမသစ် စီမံကိန်းထဲမှာနော် အဲဒီက ဖြတ်မယ့် လမ်းအားလုံးဟာ ဗမာပြည်နဲ့ တရုတ်နဲ့ နယ်ခြားစပ်နေတဲ့ မငြိမ်းချမ်းသေးတဲ့ ဒေသတွေဖြစ်တယ်။ အဲဒီဒေသတွေက ငြိမ်းချမ်းဖို့ မုချ လိုအပ်တယ်။ အဲဒီအတွက်က ဗမာ့တပ်မတော်က ဒီငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့ အလျှော့ပေးမှ သို့မဟုတ် သူကိုယ်တိုင် လိုလားနှစ်သက်လာမှ ဖြစ်တဲ့အတွက် ဒီမြန်မာ့တပ်မတော်ကို တရုတ်က အများကြီး ချဉ်းကပ်နေတာ ဖြစ်တယ်။”

မြန်မာ တပ်ချုပ်ရဲ့ ခရီးစဉ်အတွင်း အပစ်ရပ်ဖို့ ကျန်နေသေးတဲ့ အဖွဲ့တွေ ကိစ္စကို နှစ်ဘက် တပ်ခေါင်းဆောင်ကြား ဆွေးနွေးနိုင်တယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ ဒါသူ့ရဲ့ မဟာဗျူဟာ လမ်းကြောင်းမှာ အရေးပါတဲ့ နေရာ ဖြစ်တဲ့အတွက် ‘ဝ’ ခေါင်းဆောင်နဲ့ FPNCC မြောက်ပိုင်းအဖွဲ့တွေပေါ့အထူးသဖြင့် ကျနော်တို့ ပြည်တွင်းစစ် ရပ်စဲရေး လုပ်ငန်းစဉ်တွေမှာ ဗမာ့တပ်မတော်နဲ့ တရုတ် တပ်မတော် ညှိနှိုင်းဆွေးနွေးကြတဲ့ နေရာမှာ အလေးအနက် ဆွေးနွေးကြလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ တချိန်ထဲမှာ မြန်မာ့တပ်မတော်က နေပြီးတော့ လိုအပ်တဲ့ စစ်လက်နက် ဝယ်ယူမှု စာချုပ်စာတမ်းတွေ ချုပ်လာလိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်ခင်ဗျ။”

အခုအချိန်ဟာ အာဆီယံနိုင်ငံတွေက စစ်ခေါင်းဆောင်တွေကို တနိုင်ငံချင်းအလိုက် တရုတ်နိုင်ငံကို ဖိတ်ခေါ်ပြီးတွေ့ဆုံနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ တောင်တရုတ် ပင်လယ်ပြင် အရေးနဲ့ ပတ်သက်လို့ လာမယ့် ဒီဇင်ဘာလထဲ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား သဘောတူစာချုပ်တွေ ချုပ်ဆိုမှု မတိုင်ခင် ဒီခရီးစဉ်တွေ ဖြစ်ပေါ်လာတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို၊ တရုတ် စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းတွေ၊ စက်ရုံတွေနဲ့ အထင်ကရ နေရာတွေကို သွားရောက် လေ့လာမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG