သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မကြာခင် မြန်မာစတင်လက်ခံမည်


ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်ကပေးလိုက်တဲ့ ဒုက္ခသည်စာရင်း ၈,၀၀၀ ကို မြန်မာအစိုးအနေနဲ့ စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီး မကြာခင်အချိန်အတွင်း ပြန်လည်လက်ခံမှုတွေ စတင်နိုင်တော့မှာဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေကိုလည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဖြေကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့နိုင်ရေး လုပ်ငန်းစဉ် စတင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် ဘက်က မြန်မာ ပြည်ထဲရေးဝန်ကြီးကို ပေးပို့လိုက်တဲ့ စာရင်းကို မြန်မာ တာဝန်ရှိသူတွေက လွန်ခဲ့တဲ့ ၂ ရက်ကတည်းက စတင် စစ်ဆေးနေပြီ ဖြစ်ပါတယ်။

စစ်ဆေးဆောင်ရွက်တာ ပြီးဆုံးသွားရင်တော့ အဲဒီ စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့ပြီး ပြန်လည်လက်ခံရေးကို စတင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက VOA ကို ပြောပါတယ်။

"အခု ၈ ထောင်ပေးလိုက်တဲ့ စာရင်းကို အခုလောလောဆယ် တာဝန်ရှိတဲ့ ဝန်ကြီးဌာန ဥပမာ လူဝင်မှုကြီးကြပ်ရေးပေါ့။ လဝက လူဝင်မှုကြီးကြပ်ရေးကနေပြီးတော့ တာဝန်ရှိတဲ့ဝန်ကြီးဌာန Immigration ကနေပြီးတော့ ဒါကို Verify လုပ်မယ်။ ဆောင်ရွက်နေတယ်ဆိုလိုတာက ဒါကိုစီစစ်ဆောင်ရွက်တဲ့ပုံစံပေါ့နော်။ ဒါကတော့ သဘောတူညီချက်အတိုင်း အမှန်တိုင်းစီစစ်ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့ Process ကသွားနေပြီ လုပ်နေပြီ ၂ ရက်ရှိပါပြီခင်ဗျ။ အဲ့တော့ တပတ်အတွင်း လောက်ဆို ပြီးနိုင်ကောင်းတယ်လို့ ယူဆရတယ် ပြီးသွားရင် စာရင်းကို ဘင်္ဂလားဒေ့ရှ် ကိုပို့မယ် ပို့လို့ရှိရင် သူကနေပြီးတော့ ဒီလူတွေကို စုပြီးတော့ တနေ့ကို လမ်းကြောင်း ၂ ခုလုံးကနေပြီးတော့ တနေ့ကို ၃၀၀ ပို့မယ်ပေါ့နော်။ အဲ့ပုံစံနဲ့သွားမှာပေါ့နော်"

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာတော့ ဘူးသီးတောင်မဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးအောင်သောင်းရွှေ က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အချုပ်အခြာ အာဏာ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ ဌာနေတိုင်းရင်းသားတို့ရဲ့ အသက်အိုးအိမ် ထာဝရလုံခြုံမှုရှိတဲ့ လူမှုဘ၀ ထူထောင်နိုင်ဖို့ ရေတိုရေရှည် စီမံကိန်း ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို တင်သွင်းခဲ့ပါတယ်။

အဆိုနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ပါဝင်ဆွေးနွေးခဲ့ပါတယ်။ တင်သွင်းတဲ့အဆိုနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ပြည်ထောင်စု အဆင့်ဖြစ်တဲ့UEHRD အစီစဉ် ၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက် စတာတွေကို လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြည်သူ့လွှတ်တော်မှာ လာရောက်ဖြေကြား ခဲ့ပါတယ်။

"အဓိက ကျွန်တော်တို့ဆောင်ရွက်နေတာကတော့ အားလုံးထင်သာမြင်သာတဲ့ ကိစ္စတွေ ကို ဆောင်ရွက်နေ တယ်လေ။ အဲ့ဒါကဘာလည်းဆိုတော့ ကျွန်တော်တို့ဒီ UEHRD ပြည်ထောင်စု စီမံကိန်းကြီးထဲမှာ ရည်ရွယ်ချက် ၃ ခုကိုပါတဲ့အတွက်ကြောင့် ရည်ရွယ်ချက် ၃ ရပ်က ထင်သာမြင်ဆောင်ရွက်နေတဲ့ အဲ့ကိစ္စတွေပဲလေ UEHRD ရဲ့ ဆောင်ရွက် ချက်ပေါ့။ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ရှိရင် နောက်တခုက ကိုဖီအာနန် ကော်မရှင်ရဲ့ recommendation တွေပေါ့။ အကြံပြုချက်တွေပေါ့ အကြံပြုချက်တွေကို အကောင်ထည်ဖော်နေတယ်ပေါ့။ ဒါကလည်း ထင်သာမြင်သာတဲ့အချက်တွေပဲ။ ကျွန်တော်တို့ UEHRD ရဲ့ အကောင်ထည်ဖော်နေတဲ့ စီးပွာရေး စီမံကိန်းတွေက တနယ်လုံးအတွက်ကို ဆောင်ရွက်တဲ့အတွက်ကြောင့် ရခိုင်က ရခိုင်ပြည်နယ်တခုလုံးမှာ ရခိုင်က ၇၀ ရာခိုင်နှုန်းရှိတဲ့အတွက်ကြောင့် အားလုံးဖွံဖြိုးတိုးတက်မှုကို ရှိတဲ့အတွက်ကြောင့် အားလုံးဖွံဖြိုးတိုးတက်မှုကို ဦးတည်ပါတယ်ဆိုတာကို ရခိုင်တိုင်းရင်းသားတွေကလည်း ခံယူမယ်ဆိုရင် အကုန်လုံးကောင်းမွန်သွားမယ်လို့ နှစ်ဖက်အဆင်ပြေမယ်။ နောက်ဖွံဖြိုးတိုးတက်မှုတွေလည်း ရရှိသွားမယ်။"

ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အစိုးရအနေနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ဥပဒေအတိုင်းဆောင်ရွက်နေပြီးတော့ နှစ်ဖက်အဖွဲ့အစည်းတွေ သဟဇာတဖြစ်အောင် ကောင်းတာတွေ လုပ်နေတာဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ လျော့သင့်ပြီးလို့ ဝန်ကြီးကပြောပါတယ်။

"ကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တာတွေကို တကယ်ကို သတ်မှတ်ထားတဲ့ ဥပဒေတွေအရ ဆောင်ရွက်မယ်။ ဥပမာ သဘောတူညီချက်တွေဆောင်ရွက်တယ်။ ဘင်္ဂလားဒေ့ရှ် နဲ့ နှစ်ဦးသဘောတူစာချုပ် ချုပ်ထားတာတွေလည်းရှိတယ်။ မတည်ငြိမ်မှုတွေ မဖြစ်ဖို့ ပဋိပက္ခမဖြစ်ဖို့ ဦးတည်တဲ့ဆောင်ရွက်ချက်တွေ ဆောင်ရွက်နေတာမို့လို့ နိုင်ငံတကာအနေနဲ့ ဖိအားတွေဆိုတာလည်း ကျွန်တော်တို့ အပေါ်မှာမရှိသင့်ဘူးပေါ့လျော့သင့်တယ်။ နှစ်ဖက်လူမှုအဖွဲ့အစည်းကလည်း ကျေကျေနပ်နပ် နဲ့ အဆင်ပြေပြေ သဟဇာတပူးပေါင်း ဆောင်ရွက်နိုင်မယ့်လမ်းစဉ်ကို ကျွန်တော်တို့သွားနေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်ပကဖိအားတွေလည်း လျော့သင့်ပြီ။ နောက်ပြီးတဲ့ အခါကျတော့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်တဲ့နေရာ မှာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကျဖို့ ကျွန်တော့်အနေနဲ့ဆန္ဒပြုပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မြန်မာအစိုးရရဲ့ ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို လူ သိန်းချီ ထွက်ပြေးခဲ့ပါတယ်။ အဲဒီ ဒုက္ခသည်တွေကို မြန်မာအစိုးရအနေနဲ့ ပြန်လည်လက်ခံရေး စခန်း ၂ ခုဖွင့်ထားပြီး တရက်ကို လူ ၃၀၀ စီစစ်ပြီး ပြန်လည် လက်ခံဖို့ စီစဉ်ထားတာပါ။

မြန်မာအစိုးရအနေနဲ့ ထွက်ပြေးတဲ့ဒုက္ခသည်တွေ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ဇန်နဝါရီ ၂၃ ရက်မှာ ပြန်လည်လက်ခံဖို့ စီစဉ်ထားပေမယ့်လည်း မြန်မာဘက်က ပြင်ဆင်မှုတွေမှာ လိုအပ်ချက်တွေ ရှိသေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ ခဲ့ပါတယ်။ မြန်မာဘက်ကတော့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG