သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ထဲရေးဝန်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ရိုဟင်ဂျာဒုက္ခသည်အရေးဆွေးနွေး


မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သုံးရက်တာခရီး သွားရောက်နေတဲ့ပြည်ထဲရေးဝန်ကြီးဟာ ဒီကနေ့မှာတော့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးနဲ့တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေအရေး အဓိကဆွေးနွေးမှာဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် တရားမဝင်လက်နက်ရောင်းဝယ်နေတဲ့ကိစ္စတွေနဲ့ မူးယစ်ဆေးပြသနာတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒုက္ခသည်တွေ ဘေးကင်း လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိနေရပ်ရင်းပြန်လာရေး မြန်မာအစိုးရအနေနဲ့ အလေးထားလုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတကလည်း မြန်မာပြည်ထဲရေးဝန်ကြီးကို မနေ့က တွေ့ဆုံချိန် တိုက်တွန်းခဲ့ပါတယ်။ မြန်မာပြည်ထဲရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အပေါ် သုံးသပ်ချက်အမြင်တွေကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၅ရက်နေ့က စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်တဲ့ သုံးရက်တာခရီးစဉ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ နောက် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနဲ့ နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံး (Border Liaison Office) ဖွင့်လှစ်မည့်ကိစ္စရပ်တွေကို အဓိက ဆွေးနွေး ဆွေးညှိနှိုင်းကြမှာဖြစ်တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၅ရက်နေ့ ကြာသပတေးနေ့ မနေ့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတ Md Abdul Hamid နဲ့ မြန်မာပြည်ထဲရေးဝန်ကြီးတို့ ဒါကားမြို့တော်မှာတွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေအရေး အဓိကဆွေးနွေးခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီးတော့ နှစ်နိုင်ငံသဘောတူညီချက်တွေအရ စခန်းတွေဖွင့်လှစ်ထားပြီး တဖြေးဖြေးချင်းပြန်လက်ခံသွားမယ်လို့ ပြည်ထဲရေးဝန်ကြီး က ပြောဆိုခဲ့သလို ဒုက္ခသည်တွေ ဘေးကင်း လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိနေရပ်ရင်းပြန်လာရေး မြန်မာအစိုးရအနေနဲ့ အလေးထားလုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတကလည်း မြန်မာပြည်ထဲရေးဝန်ကြီးကို တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့ သောကြာနေ့ ညနေ ၃နာရီမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကားမြို့တော်မှာ မြန်မာပြည်ထဲရေးဝန်ကြီးဟာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khanနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ တရားမဝင်လက်နက်ရောင်းဝယ်ရေးကိစ္စတွေနဲ့ မူးယစ်ဆေးဝါးပြသနာ နယ်စပ်ရေးရာကိစ္စတွေကို အဓိကထားဆွေးနွေးကြမှာဖြစ်တယ်လို့ ဒါကားက လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

အခုလို မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်နိုင်ငံတာဝန်ရှိသူတွေကြား ရခိုင်မြောက်ပိုင်းပဋိပက္ခတွေကြောင့် တိမ်းရှောင်သွားကြတဲ့ ဒုက္ခသည်တွေအရေး တစိုက်မတ်မတ်တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ညှိနှိုင်းဆွေးနွေးနေကြတဲ့အခြေအနေနဲ့ အခုနောက်ဆုံး ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် သွားရောက်ဆွေးနွေးနေတဲ့အနေအထားအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်အရေး လေ့လာသုံးသပ်သူဒေါ်စောမြရာဇာလင်းက အခုလို သုံးသပ်ပါတယ်။

"ထွက်သွားတဲ့ပုဂ္ဂိုလ်တွေကို ပြန်လည်လက်ခံဖို့ကိစ္စကတော့ မြန်မာနိုင်ငံအစိုးရဘက်က အများကြီး ကြိုးစားပါတယ်။ ဒါပေမဲ့ ဟိုဘက်က ကျတော့ အခြေအနေအမျိုးမျိုးကို အကြောင်းပြပြီးတော့ ပြန်မလာသေးဘူးဆိုပြီး ပြောနေတာတွေလည်း ရှိပါတယ်။ အခုက ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်သွားပြီးတော့ ကြိုးစားတဲ့အခါမှာတော့ အရင်ထက် ပိုမိုအဆင်ပြေတဲ့ အနေအထားတခုခု ကိုတော့ ရလာလိမ့်မယ်လို့ ကျမ ထင်ပါတယ်။ ဒါပေမဲ့လို့ ဒေသခံတွေဘက်ကလည်း စိုးရိမ်မှုတွေက အများကြီးရှိပါတယ်။ ဆိုရင် ကျမတို့အနေနဲ့က ပြောချင်တာက အနာဂတ်မှာ ဒီလိုမဖြစ်ဖို့ရန်အတွက် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ ဘယ်လိုရှိမလဲ။ အနာဂတ်မှာ ထွက်ပြေးလိုက် ပြန်ဝင်လိုက် ပုံစံမျိုးတွေ မဖြစ်အောင် ပြည်တွင်းမှာ ဘာတွေလုပ်ထားဖို့လိုသလဲ အစိုးရမှာ ဘယ်လိုမူတွေရှိသလဲ ဆိုတာကိုတော့ ပြောရမယ့်အနေအထားတွေလည်း ရှိနေပါသေးတယ်။ ဒီလိုပြသနာတခုခုဖြစ်လာပြီဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အသာစီးရတဲ့ပုံစံမျိုးတွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးအရ စာနာထောက်ထားမှုတွေ အများကြီးရနိုင်တာတွေရှိတယ်။ အဲ့တာကြောင့်မို့ ဒီလိုဖြစ်နေတာတွေက တိုင်းပြည်တခုရဲ့ Image အရလည်း အများကြီးထိခိုက်တယ် အခက်အခဲလည်းရှိပါတယ်။ လူတွေကို လူလို့မြင်ဖို့ကလည်း အရေးကြီးပါတယ်။"

မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ အစိုးရတွေကြား ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ ပြန်လည်ပို့ဆောင်ပေးရေး ဆွေးနွေးတိုင်ပင်နေတဲ့အနေအထားအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားက ဘာလုခါလေ ဒုက္ခသည်စခန်းနေ ကိုအီစလံကတော့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ ခိုင်မာတဲ့အာမခံချက်ရမှ ပြန်သွားရဲကြမယ်လို့ အခုလိုပြောပါတယ်။

"နှစ်ဘက်အစိုးရကြား ရိုဟင်ဂျာဒုက္ခသည်အတွက် ပြေလည်မှုရအောင် လုပ်နေကြတာ ကြိုဆိုပါတယ် ဒါပေမဲ့ ဒီနေ့အထိက ပြည်တွင်းမှာ အကြမ်းဖက်မှုတွေက မပြီးသေးဘူးခင်ဗျ။ အဲ့မှာ လူတွေက ယနေ့အထိ ထွက်ပြေးလာနေကြတုန်းပဲ။ ကိုဖီအာနန်ရဲ့ အကြံပြုချက်ကို အကောင်အထည်ဖော်မယ်ဆိုပြီးတော့ ပြောထားတာရှိတယ် အမြဲတမ်းလည်း ပြောနေတာပါပဲ ဒါပေမဲ့ အပြောပဲရှိတယ် အလုပ်ဆိုတာ မရှိသေးဘူး။ အခုကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေအားလုံးရဲ့ အဓိက တောင်းဆိုချက်ကတော့ ကျနော်တို့ နိုင်ငံသားအခွင့်အရေးအပြည့်အဝ ရရှိဖို့နဲ့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂ ဘင်္ဂလားဒေ့ရှ်အစိုးရ မြန်မာအစိုးရ သုံးပွင့်ဆိုင်ပြီးတော့ ကျနော်တို့ လက်ခံမယ်ဆိုရင် ဘေးကင်းလုံခြုံစွာနဲ့ ကျနော်တို့ ပြန်လည်နေထိုင်ခွင့်ရမယ်ဆိုရင် ကျနော်တို့ သွားဖို့အဆင်သင့်ပါပဲ။"

မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ ကြား အခုရင်ဆိုင်နေရတဲ့ ဒုက္ခသည်အရေးအပါအဝင် နယ်စပ်ပြသနာတွေကိုတော့ ရေရှည်ပြေလည်နိုင်ရေးနဲ့ ဖြစ်စဉ်တွေ ဖြစ်လာရတဲ့ အဓိက အခြေခံအချက်အလက်တွေကို တာဝန်ရှိသူတွေအနေနဲ့ ရှာဖွေစဉ်းစားအဖြေရှာကြဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း ဒေါ်စောမြရာဇာလင်းက အကြံပြုပါတယ်။

" ဒီလို ထွက်ပြေးသွားတဲ့လူတွေကို ကျလို့ရှိရင်လည်း ပညာပေးမှုတွေက ဘယ်လိုပညာပေးမှုတွေရှိမလဲ ဆိုတာကို အစိုးရဘက်က အသေအချာပြင်ဆင်ဖို့လိုပါတယ်။ ဥပမာ နိုင်ငံတကာကလည်း Pressure ပေးနေတယ် အဲ့လိုပေးနိုင်ရုံနဲ့တော့ အားလုံးကို အပြုသဘောမျိုးနဲ့ ကြည့်တယ်ဆိုတာမျိုးထက် ကိုယ့်တိုင်းပြည်ရဲ့ လုံခြုံရေးအနေအထားတွေကိုပါ ထည့်သွင်းရမယ် ပြီးလို့ရှိရင် လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာတဲ့ပုံစံမျိုးကိုလည်း အမှန်တကယ် သတိပြုဖို့လည်း လိုအပ်ပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒေသတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ အဆင်ပြေစေမယ့် အခြေအနေတခု ဖန်တီးပေးပြီးတော့ သူတို့ရဲ့ယုံကြည်မှုကို ပြန်ရ အောင်တည်ဆောက်ဖို့ မြန်မာအစိုးရအနေနဲ့ အလေးထားသင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်သမ္မတက ပြောဆိုထားပါတယ်။

မြန်မာပြည်ထဲရေးဝန်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ရိုဟင်ဂျာဒုက္ခသည်အရေးဆွေးနွေး
please wait

No media source currently available

0:00 0:05:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG