သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ ဆွေးနွေးမှုတွေ အပေါ် မြန်မာသံအမတ်ကြီးအမြင်


ရိုဟင်ဂျာဒုက္ခသည်အရေး ဖြေရှင်းဖို့ကိစ္စမှာ မြန်မာအစိုးရဘက်က တိုးတက်ပြင်ဆင်မှုတွေ ရှိနေတဲ့အတွက် လုံခြုံရေးကောင်စီဘက်က ဖိအားပေးဖို့ မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။ မနေ့ အင်္ဂါနေ့က နယူးယောက် ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ အခြေအနေကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ကုလသမဂ္ဂအကြီးအကဲတွေရဲ့ မြန်မာ့အရေး နောက်ဆုံး တင်ပြချက်တွေနဲ့ ပတ်သက်လို့ သံအမတ်ကြီးက အခုလို စပြောပါတယ်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ နိုင်ငံရေးရာ ဌာန ဒုတိယ အကြီးအကဲပေ့ါ လက်ထောက် အတွင်းရေးမှူးချုပ် Miroslav Jenca က Brief လုပ်တယ်။ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့။ နိုင်ငံရေး အခြေအနေကတော့ အားလုံး သိတဲ့ အတိုင်းပါဘဲ။ ကိုယ့်ပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေလေးတွေကို အရှိကို အရှိအတိုင်းပါဘဲ ပြောသွားတာ။ နောက် Fillipo Grande ကတော့ သူက ဒုက္ခသည်တွေ ဘင်္ဂလားဒေရှ့်ဘက်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေ အခြေအနေ၊ နောက် ပြန်လည်လက်ခံဖို့ အခြေအနေမှာ ကျနော်တို့ ဘက်ကနေပြီးတော့ အဆင်သင့် မဖြစ်သေးဘူးလို့ ဟိုဘက်ကနေ ပြောနေတဲ့ဟာ အခြေအနေတွေပေါ့လေ။ ဒီအခြေအနေလေးတွေ သူရှင်းပြတယ်။

ကျနော်တို့ ဘက်ကတော့ မြန်မာနိုင်ငံ အနေနဲ့ ကျနော်တို့ လုပ်ထားတဲ့ ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ကျနော်တို့ ပြန်ပြောပြတယ်။ ပြန်ပြောပြပြီးတော့ ကျနော်တို့ ဘက်က အဆင်သင့် ဖြစ်တယ်။ ဘင်္ဂလားဒေရှ့်ဘက်က စိစစ်မှုတွေ မပြီးသေးတဲ့ အတွက် ကျနော်တို့ ဘက်ကို သူတို့ စာရင်းမပို့တဲ့ အတွက် ကျနော်တို့ လက်မခံနိုင်သေးဘူး ဆိုတဲ့ဟာ။ နောက်ပြီးတော့ ဟို သူတို့ ပြောတဲ့ အထဲမှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ Reuters သတင်းထောက် နှစ်ဦး အဖမ်းခံရတဲ့ ကိစ္စ၊ နောက်တခုက ထောက်ပြတဲ့ အထဲမှာပေါ့နော် အင်းဒင်မှာ အလောင်း ၁၀ လောင်း မြှုပ်ထားတာ တွေ့တယ်ဆိုတဲ့ ကိစ္စ အဲဒီ နှစ်ခုကို ပြောတဲ့အထဲမှာ သူတို့ ထည့်ပြောတာရှိတယ်။ အဲဒါတွေကတော့ ကျနော်တို့ ပြောတဲ့အထဲမှာ ပြန်လည်ချေပတဲ့ အထဲမှာ အကုန်ထည့်ထားပါတယ်။

အင်းဒင်ကိစ္စကိုတော့ ကျနော်တို့ တပ်မတော်ကနေ စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်။ တွေ့ရှိတဲ့ အချက်တွေ အရ ကျနော်တို့လိုအပ်တဲ့ တာဝန်ရှိတဲ့ လူတွေကို တပ်မတော်ပိုင်းရော၊ ရဲပိုင်းရော၊ အရပ်သားပိုင်းရော အရေးယူမှုတွေကို ဆက်ပြီးတော့ လုပ်မယ်ဆိုတာ ကျနော်တို့ ပြောပြတယ်။ ကျနော်တို့က ပြစ်မှုကို ခွင့်လွှတ်ထားတာ မဟုတ်ဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျနော်တို့က ခွင့်ပြုထားတာ မဟုတ်ဘူး။ အထောက်အထားတွေ ရှိလို့ရှိရင် ကျနော်တို့က အရေးယူမယ်ဆိုတဲ့ဟာကို ကျနော်တို့က လက်တွေ့ပြလိုက်တဲ့ဟာကို ကျနော်တို့က ပြောပြတယ်။

နောက် သတင်းထောက် ဖမ်းတဲ့ကိစ္စကတော့ဗျာ အဲဒါကတော့ လ ျှိုဝှက်အက် ဥပဒေ အရ အရေးယူတာ ဖြစ်တယ်။ သတင်းထောက်မို့လို့ အရေးယူတာ မဟုတ်ဘူးပေါ့နော်။ အဲဒီတော့ သူတို့က တရားရုံး ရောက်နေပြီ ဆိုတဲ့ အခါကျတော့ တရားရုံးက နေပြီးတော့ တရားခံ အနေနဲ့ပေါ့နော် တရား ရင်ဆိုင်နေရတာ ဖြစ်တဲ့ အခါကျတော့ သူတို့မှာ အခွင့်အရေး အပြည့်အ၀ ရှိတဲ့ အကြောင်းကို ကျနော်တို့က ပြောပြတယ်။ အဓိက ကတော့ ဒါပါဘဲ။

အင်ကြင်းနိုင်။ ။ အဲတော့ အခု ဒီအပြန်အလှန် အဲဒီ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း ပြောတဲ့နေရာမှာ သံအမတ်ကြီးရဲ့ အမြင်သုံးသပ်ချက် ဘယ်လို ရှိလဲရှင့်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ အမှန်ကတော့ အဆန်းတော့ မရှိဘူးပေါ့နော်။ ဒီဟာတွေကတော့ တောက်လျောက် ပြောနေကြတဲ့ဟာတွေပါဘဲ။ အဓိက ပြောရရင်တော့ဗျာ အခု သူတို့ ဖိအားပေးနေတဲ့အချက်တွေကတော့ ကျနော်တို့ ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ အကြီးဆုံး ပြသနာကတော့ တဖက်နိုင်ငံကို ထွက်သွားသူတွေ ပြန်လည် လက်ခံရေး။ အဲဒီမှာ UNHCR ပါဝင်ခွင့်ကို သူတို့က ဖိအားအတော်များများ ပေးတာပေါ့။ ဟိုတုန်းကလည်း တောက်လျောက် ပေးတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ပြန်လာမယ့် သူတွေက သူတို့က စိတ်ချလုံခြုံမှု ရှိအောင် UNHCR ကို သူတို့က ရှိစေချင်တယ်ဆိုတဲ့ သဘောပေါ့။ အဲဒါကတော့ အကုန်လုံးနီးပါးက အဲဒီကိစ္စကို သူတို့ ပြောတာပေါ့နော်။

အခုက ဘယ်လို ဖြစ်နေလဲ ဆိုလို့ ရှိရင် သူတို့က မြန်မာဘက်ကနေ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေတော့ လုပ်နေတယ် ပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာ ဆိုတဲ့ နေရာမှာ ပြန်လည်လက်ခံရေး စခန်းတွေ လုပ်တယ်။ နောက်တခါ ခေတ္တ ယာယီထားမယ့် စခန်းတွေ လုပ်တယ်။ အဲဒီကနေပြီးတော့မှ ကျေးရွာ ပြန်ဆောက်ဖို့ ကိစ္စတွေ ဘာတွေ ဒါတွေက ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေပေါ့။ သို့သော်လည်းပဲ ကျန်တဲ့ လုံခြုံရေးပိုင်း ဆိုင်ရာ သူတို့တွေကို အကာအကွယ်ပေးဖို့ သူတို့တွေ စိတ်ချလုံခြုံစွာနဲ့ နေနိုင်ဖို့ နောက် ရေရှည်မှာ သူတို့ ပြောတဲ့ အထဲမှာ တချို့ပါတာပေါ့လေ သူတို့ရဲ့ စားဝတ်နေရေး အတွက် ဘယ်လို လုပ်မလဲ ဆိုတဲ့အပိုင်းတွေ အနေနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိဖို့အတွက် ပြင်ဆင်ထားမှုဆိုတာ မရှိဘူးဆိုတဲ့ အပိုင်း သူတို့ထောက်ပြတဲ့ သဘောပေါ့ဗျာ။

ဆိုတော့ တရုတ်တို့ ရုရှားတို့ကတော့ ထုံးစံအတိုင်းပေ့ါဗျာ အရင် ပြောတဲ့အတိုင်းဘဲ ကျနော်တို့ မြန်မာနိုင်ငံက ဘင်္ဂလားဒေရှ့်နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်။ ဒီကိစ္စတွေက တိုးတက်မှုတွေ ရှိတယ်။ ဒါတွေ အသိအမှတ်ပြုရမယ်။ ကျနော်တို့ လိုအပ်နေတဲ့ အပိုင်းကိုဘဲ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပံ့ပိုးပေးရမယ် ဆိုတဲ့ဟာပေါ့နော်။ ဒီလမ်းကြောင်းနဲ့ သူတို့က ပြောသွားတာဘဲ။ ကျနော်တို့ လုပ်ဆောင်နေတဲ့ အချက်တွေကို အသိအမှတ်ပြုဖို့ ဒါတွေကို သူတို့ ပြောသွားတဲ့ သဘောပါ။

အင်ကြင်းနိုင်။ ။ ဒီ ဘင်္ဂလားဒေရှ့်နိုင်ငံသံအမတ် ပြောသွားတဲ့ အပိုင်းကျတော့ သံအမတ်ကြီး ဘယ်လို မြင်လဲရှင့်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ဘင်္ဂလားဒေရှ့်ကတော့ သူပြောတဲ့ အထဲမှာ အဓိက ပြောသွားတာ ဆိုလို့ ရှိရင်တော့ ကျနော်တို့ကို သူ ခါတိုင်း ပြောနေတဲ့အတိုင်းဘဲ လက်တွေ့ကျနော်တို့ အကောင်အထည် ဖော်ဖို့ ပေါ့လေ။ နှစ်နိုင်ငံ သဘောတူထားတဲ့ အချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က လက်တွေ့ အကောင်အထည်ဖော်ဖို့။ ဆိုလိုတဲ့ နေရာမှာတော့ ပြန်လည်လက်ခံတဲ့ နေရာမှာ ဝင်လာတဲ့လူတွေကို လုံခြုံ စိတ်ချစွာနဲ့ အဆင်ပြေစွာနဲ့နေနိုင်အောင် သူတို့ လုပ်ပေးဖို့ လိုတယ်ဆိုတဲ့အကြောင်းတွေ။

နောက်တခုကတော့ သူတို့ အနေနဲ့က ပြောနေတဲ့ ဟာတွေကတော့ပေါ့ ဘင်္ဂလားဒေရှ့်ဘက်က ခါတိုင်းလည်း ပြောတဲ့ဟာပေါ့လေ ဒီခွဲခြားဆက်ဆံမှုတွေ ဒီဟာတွေကြောင့် ကျနော်တို့က ဒီလိုတွေ ထွက်ပြေးလာတာ ဖြစ်တဲ့အတွက် အခြေခံ ပြသနာရဲ့ အရင်းအမြစ်ကို ကျနော်တို့က ရေရှည်အတွက် လုပ်ဖို့ လိုတယ် ဆိုတဲ့အကြောင်း။ အဓိကတော့ ဖိအားပေးတဲ့ သဘောပါဘဲ။ လုံခြုံရေး ကောင်စီကလည်း ဒါကို ဆက်ပြီးတော့ ကျနော်တို့ကို ဖိအားပေးဖို့ ခါတိုင်းလိုဘဲ သူပြောသွားတာပါဘဲ။

အင်ကြင်းနိုင်။ ။ ဆိုတော့ ဒီနေ့ လုံခြုံရေး ကောင်စီရဲ့ အစည်းအဝေးရဲ့ ထူးခြားချက် ပေါ့နော်။ ဒီ မြန်မာနဲ့ ပတ်သက်ပြီး ဖိအားပေးတဲ့ ပုံစံမျိုး တွေ့ရလား။ ဘယ်လို မြင်မိလဲရှင့်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ဖိအားပေးတဲ့ ပုံစံတော့ မရှိပါဘူး။ ဒါ ပုံမှန် ကျနော်တို့ Update လုပ်မယ်ဆိုတဲ့ တိုးတက်ဖြစ်ပေါ်မှု အခြေအနေတွေကို လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေကို သိနေအောင် ကုလသမဂ္ဂ သက်ဆိုင်တဲ့ ဌာန တွေကရော၊ သက်ဆိုင်တဲ့ နိုင်ငံတွေ ကျနော်တို့နဲ့ ဘင်္ဂလားဒေရှ့် တို့ကရော အခြေအနေလေးတွေကို ပြောပြ၊ ပြီးတော့ သူတို့က နားထောင် ပြီးတော့ပေါ့လေ အခြေအနေတွေကို သုံးသပ်မယ်ဆိုတဲ့ သဘောပါဘဲ။ ဟို ထပ်ပြီးတော့ ဖိအားပေးမယ်ဆိုတဲ့ သဘောမျိုးတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ကိုယ်တိုင်က တိုးတက်မှုတွေ နှစ်နိုင်ငံ ဘင်္ဂလားဒေရှ့် နဲ့ နှစ်နိုင်ငံ ကျနော်တို့ သဘောတူစာချုပ်ချုပ်ပြီးတော့ ပြန်လည် လက်ခံရေး အတွက် ကျနော်တို့က ပူးတွဲ အဖွဲ့တွေ ဖွဲ့ပြီးတော့မှ ကျနော်တို့ လုပ်ဆောင်နေပြီလေ။ ကျနော်တို့ ဘက်က ပြင်ဆင်ထားတာတွေလည်း သံတမန်တွေလည်း ကျနော်တို့ ပြထားတာဘဲ။ ကျနော်တို့ လုပ်စရာ ရှိတာ လုပ်နေတာဘဲ ။ အဲဒီတော့ တိုးတက်မှုတွေ၊ ကျနော်တို့ဘက်က လုပ်ဆောင်နေတာတွေ ရှိတဲ့ အခါကျတော့ အဲဒီဟာကို ထပ်ပြီး ဖိအားပေးစရာလည်း မရှိပါဘူး။ ဒီအတိုင်း ကျနော်တို့ လုပ်နေတာကို အားပေးဖို့ဘဲ ကျနော်တို့ ဘာလိုလဲ သူတို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ကြည့်ပြီးတော့ အားပေးဖို့ဘဲ အဓိက ဒါပါဘဲ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG