သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းဖြစ်ရပ်အပြည့်အစုံ ဒေါ်စု မသိဟု ဗြိတိန်ဝန်ကြီးယူဆ


 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ရခိုင်မြောက်ပိုင်း ခရီးစဉ်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ရခိုင်မြောက်ပိုင်း ခရီးစဉ်

ရခိုင်မြောက်ပိုင်းက ဖြစ်ပျက်သွားတဲ့အခြေအနေအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည့်ပြည်စုံစုံသိရှိထားပုံမရဘူးလို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က ပြောခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက်၊ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

တရက်ကြာ မြန်မာနိုင်ငံခရီးစဉ်လာရောက်ခဲ့တဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီးတာနဲ့၊ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ သူနဲ့အတူ သတင်းထောက်အချို့လည်း ပါသွားပြီး၊ အဲဒီမှာတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ့ကို လိုက်လံရှင်းပြရာမှာ မွတ်ဆလင်ရွာသားတွေက သူတို့ကျေးရွာတွေကို သူတို့ကိုယ်တိုင် မီးရှို့ခဲ့တာဆိုပြီး ရှင်းလင်းပြောပြနေတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီပြောဆိုချက်အပေါ်မှာတော့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Boris Johnson က ယုံကြည်ပုံတော့မရပါဘူး။ သူဟာ ဒီမတိုင်ခင်ကပဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို သွားပြီး အဲဒီ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ နိုင်ငံတကာရဲ့ ကြီးကြပ်မှုလိုအပ်တယ်လို့ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အဓိက ပြဿနာကတော့ ရွာသားတွေအနေနဲ့ မီးလောင်ခံရတဲ့ သူတို့နေအိမ်တွေဆီ ပြန်ဖို့ဆိုတာတောင် အတော်လေးကို ထိတ်လန့်တုန်လှုပ်နေကြတာပါ။ ဒီရွာသားတွေဟာ သူတို့အိမ် သူတို့ ပြန်ပြီး မီးရှို့တာလို့ ပြောတဲ့ စကားတွေလည်း ကြားရပါရဲ့။ ဒါပေမယ့် ကျေးရွာသားတွေကတော့ ဒါဟာ လုပ်ကြံပြောတာလို့ ဆိုကြပါတယ်။ ကျနော်ရဲ့ တကယ့်စိုးရိမ်ချက်ကတော့ အခု ဒုက္ခသည်စခန်းတွေကနေ ကြိုဆိုရေးစခန်းသစ်တွေကို ပို့လိုက်မယ့်အခြေအနေပါ။ သူတို့ အဲဒီမှာ နေကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှု လိုတယ်ဆိုတာကို ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့စဉ်မှာ အသေအချာပြောခဲ့ပါတယ်။”

ဒုက္ခသည်တွေကို စီစစ်ပြီး နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ အချိန်သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ပေမယ့် အခုအချိန်အထိ အောင်အောင်မြင်မြင်မရှိသေးပါဘူး။ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအစိုးရတွေကတော့ သူတို့မူရင်းဒေသမှာ နေထိုင်ဖို့ စိတ်ချလုံခြုံမှုရှိမှသာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဖြစ်နိုင်မယ်လို့ ထောက်ပြနေကြတာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့စဉ် ဘာတွေများ ဆွေးနွေးခဲ့သလဲဆိုတာ မေးမြန်းတော့ ဒီအရေးမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

“ရိုးရိုးသားသားပြောရရင် ပြဿနာရှိပါတယ်။ ထိတ်လန့်စရာဆိုးဆိုးဝါးဝါး ဖြစ်ပျက်နေတာတွေ ပြည့်ပြည့်စုံစုံကို ဒေါ်စု တကယ်နားလည်သိရှိမယ်ဆိုတာ မသေချာဘူး။ အခု ကျနော်မြင်တွေ့နေရသလို ရဟတ်ယာဉ်နဲ့ သူ လိုက်ကြည့်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့် သူနဲ့တွေ့တုန်း ကျနော်အတတ်နိုင်ဆုံးပြောခဲ့တာက သူ့ရဲ့ခေါင်းဆောင်မှုပါ။ သူရဲ့ ခေါင်းဆောင်မှုကို ကျနော်ယုံပါတယ်။ သူဘဝမှာ တကယ့်ကို မယုံနိုင်စရာတွေ သူ လုပ်ခဲ့တာပါ။ အခု မြန်မာပြည်မှာ ဖြစ်နေတာတွေ မြင်ရတာ၊ မြန်မာပြည်သွားနေတဲ့လမ်းကြောင်းကို ကြည့်ရတာ အင်မတန်ကို ဝမ်းနည်းစရာပါ။ သူ့အနေနဲ့ အပြောင်းအလဲတွေ လုပ်နိုင်မယ်လို့ကျနော်ယုံကြည်ပါတယ်။ ဒါပေမယ့်လို့ ဒီ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိစွာနဲ့ သူတို့သဘောဆန္ဒအတိုင်း သူတို့နေအိမ်တွေကို ပြန်လာဖို့ဆိုရင်တော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို သူ့အနေနဲ့ ပါဝင်ပတ်သက်ခွင့်ပေးဖို့လိုပါတယ်။”

ARSA လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ နိုင်ငံတကာစွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ ဒုက္ခသည်တွေ ထွက်ပြေးတဲ့ကိစ္စမှာ ARSA ရဲ့ ခြိမ်းခြောက်မှုနဲ့ အခြားအကြောင်းတရားတွေကြောင့်သာ ဖြစ်တယ်လို့ ငြင်းဆန်ခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ အင်းဒင်ရွာ လူသတ်မှုလောက်ကိုသာ ဝန်ခံပြီး၊ ကျန်တဲ့စွတ်စွဲချက်အများစုဟာ တဖက်သက်ပြောဆိုချက်တွေသာဖြစ်တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဒေါ်စုအနေနဲ့ ဒီအခြေအနေတွေကို ပြည့်ပြည်စုံစုံ တကယ်သိရဲ့လားဆိုတာ သံသယရှိပုံရပါတယ်။

“နေပြည်တော်က နိုင်ငံရေးသမားတွေနဲ့ ပြောခဲ့ဆိုခဲ့ ကြားခဲ့ရသမျှတော့ ဆိုးဆိုးဝါးဝါးဖြစ်ပျက်သွားမှုတွေနဲ့ ကြီးကြီးမားမားထိခိုက်ဆုံးရှုံးမှုတွေကို ဒေါ်စုအနေနဲ့ ပြည့်ပြည့်စုံစုံ သိရမယ်လို့ ကျနော်မထင်ဘူး။ ကျနော်တို့ လူသားအချင်းချင်း အခုလို လုပ်ရပ်မျိုးတွေကို ခင်ဗျား အရင်က ကြုံဖူးလား မကြုံဖူးလားတော့မသိဘူး။ ကျနော့်ဘဝမှာတော့ ဒီအခြေအနေမျိုး တခါမှ မမြင်ဖူးဘူး။ ”

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် အဓိကအချက်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။ ရခိုင်မြောက်ပိုင်းအခြေအနေ အစိုးရရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာဝေဖန်မှုတွေ တိုးမြင့်လာချိန်မှာပဲ၊ အင်းဒင်ရွာကိစ္စနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ ပြီးခဲ့တဲ့အပတ် သတင်းထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာမှာ စိုးရိမ်မှုတွေ ပိုတိုးလာပါတယ်။ အခုလာမယ့် သီတင်းပတ်ထဲမှာဆိုရင်ပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာပြည်ကိစ္စ ဆွေးနွေးဖွယ်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG