သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုပြဖို့ ဗြိတိန်ဝန်ကြီး တိုက်တွန်း


 ဒေါ်အောင်ဆန်းစုကြည် နှင့် ဝန်ကြီး Johnson (Myanmar State Counsellor Office)
ဒေါ်အောင်ဆန်းစုကြည် နှင့် ဝန်ကြီး Johnson (Myanmar State Counsellor Office)

မြန်မာနိုင်ငံကိုလာ ရောက်တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ခဲ့ပါတယ်။ စစ်တွေမသွားခင် မနက်ပိုင်းကတော့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အပါအဝင် ရခိုင်ပြည်နယ်ရဲ့ အခြေနေတွေကို ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးစာမျက်နှာမှာ ဖေါ်ပြပါတယ်။

ဝန်ကြီး Johnson ဟာ စစ်တွေကနေ လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု နဲ့ ့ပြည်နယ်ဝန်ကြီးတွေနဲ့ ့အတူ မောင်တောမြို့ကို တပ်မတော် ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း မြန်မာနိုင်ငံထဲက ရိုဟင်ဂျာမူစလင် ၆ သိန်း ၈ သောင်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ခွါသွားတဲ့ မကြုံဖူးတဲ့ ဖြစ်ရပ်မျိုး တွေ့ရတာမို့ ဒီလူတွေကို လုံခြုံစိတ်ချစွာ သူတို့ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိရှိ ပြန်ခွင့်ပြုမယ်လို့ မျှော်လင့်ထားသလို နိုင်ငံတကာအသိုင်းဝိုင်းနဲ့ လက်တွဲဆောင်ရွက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရောက်နေစဉ် မစ္စတာ Johnson က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။

“ဒီလူတွေနေရပ်ပြန်ရေးကိစ္စအတွက် မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်စုနဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့တာပါ။ သူမအနေနဲ့ သိပ်ကိုခက်ခဲတဲ့ အကြပ်အတည်း အနေထားမှာ ရောက်နေတာပါ။ သူမဟာ အမျိုးသမီးခေါင်းဆောင်တဦးဖြစ်ပြီး ကျွန်တော်အပါအဝင် လူအများအပြားရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံရသူပါ။ အခုအချိန်မှာတော့ သူမဟာ ဒီလူတွေလိုအပ်နေတဲ့ လုံခြုံ စိတ်ချစွာ နေရပ်ပြန်ရေးအတွက် နိုင်ငံတကာအသိုင်းဝိုင်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ရာမှာ ဦးဆောင်မှုကိုပြသဖို့ လိုနေပြီလို့ ကျွန်တော်ထင်ပါတယ်။”

ဝန်ကြီး Johnson ဟာ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာမှာ ရွာသားတွေနဲ့ သီးခြားတွေ့ဆုံပြီး မေးမြန်းခဲ့သလို နေရပ်စွန့်ခွါသူတွေ ပြန်လက်ခံမယ့် တောင်ပြိုလက်ဝဲက ယာယီလက်ခံရေး စခန်းတွေကိုပါ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG