သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ မြန်မာ့အရေး စိုးရိမ်မကင်းဖြစ်မှု သံတမန်တွေ သဘောထားတင်ပြ


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Nikki Haley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးနေစဉ် - UN Photo/Evan Schneider
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Nikki Haley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးနေစဉ် - UN Photo/Evan Schneider

မြန်မာ့အရေးကို လုံခြုံရေးကောင်စီအတွင်း ဆွေးနွေးခဲ့တဲ့အထဲမှာ အဖွဲ့ဝင်နိုင်ငံတွေ အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကလည်း သူ့ရဲ့ သဘောထားတွေကို တင်ပြခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်နိုင်ငံတွေရဲ့ ဆွေးနွေး တင်ပြမှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ တင်ပြချက်တွေအကြောင်း ကိုကျော်အောင်လွင်က စုစည်းပြီး ပြောပြပါလိမ့်မယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Nikki Haley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ရခိုင်ပြည်နယ်က အခြေ အနေတွေမှာ အရေးယူ တုန့်ပြန်ဖို့ ပျက်ကွက်တယ်လို့ ဝေဖန်လိုက်ပြီး ရခိုင်ပြည်နယ်အတွင်းက ရက်စက်မှုတွေ အဆုံး သတ်အောင် အမေရိကန်နဲ့အတူ ဒီထက်ပို ဖိအားတွေ တွန်းအားတွေပေးပြီး လုပ်ဆောင်ကြဖို့ကိုလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

“ မြန်မာဘက်က လုပ်ဆောင်မှုတွေကို ကမ္ဘာက စောင့်ကြည့်နေပါတယ်။ လောလောဆယ် ကျမတို့ မြင်ရတာကတော့ ရက်စက်ကြမ်းကြုတ်မှုတွေ ပါပဲ။ သတင်းမီဒီယာကိုလည်း အပြစ်တင်နေပါတယ်။ လွတ်လွတ်လပ်လပ် သတင်းရယူခွင့်က အင်မတန်မှ အရေးကြီးတာပါ။ အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းသမား၂ ဦးလို သတင်းသမားတွေက သတင်းအချက် အလက်တွေ ရနိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သူတွေပါ။ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦးကို အမြန်ခန့်အပ်ဖို့လည်း အတွင်းရေးမှုးချုပ်ကို ကျမတိုက်တွန်းပါတယ်။ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့နဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး ကိုလည်း မြန်မာပြည်ထဲ လာရောက်ခွင့်ပေးဖို့ မြန်မာအစိုးရကို ကျမ တိုက်တွန်း ပါတယ်။ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖေါ်ထုတ်နိုင်ဖို့က သတင်းမီဒီယာနဲ့ ကုလသမဂ္ဂ အရာရှိတွေ မပါဘဲနဲ့ တော့ ကျူးလွန်ခံခဲ့ရတဲ့ သူတွေအတွက် တရားမျှတမှု ဆိုတာ မျှော်လင့်လို့ မရပါဘူး။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာခင်ကဖြစ်ခဲ့တဲ့အခြေအနေတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီအခြေအနေကို အရေးယူ တုန့်ပြန်ဖို့ လုံခြုံရေးကောင်စီမှာ တာဝန်ရှိတယ် ဆိုပေမဲ့ လော လောဆယ်မှာ တာဝန်မယူနိုင်ဘဲ ပျက်ကွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ခဲ့တာတွေနဲ့ ဖြစ်နေတာတွေက အခြေအနေ မကောင်းပါဘူး။လုံခြုံရေး ကောင်စီ အနေနဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေ အတွက် အရေးယူမှုတွေ လုပ်မှ ဖြစ်ပါလိမ့်မယ်။ ဒေါ် အောင်ဆန်းစုကြည် ကိုလည်း သူ့ရဲ့ နိုင်ငံအတွင်းမှာ ဒီလို ကြောက်ဖို့ကောင်းတဲ့ အဖြစ်တွေ ရှိနေတယ်ဆိုတာ အသိအမှတ် ပြုဖို့ လုံခြုံရေးကောင်စီက ဖိအားပေးဖို့ လိုပါတယ်။ အကြောင်းပြချက်တွေ ဘာမှ ထပ်လုပ်လို့ မဖြစ်ပါဘူး။ မြန်မာပြည်က ကြမ်းကြုတ် ရက်စက်မှုတွေ အဆုံးသတ်ရေးကို တောင်းဆိုနေတာထက် ပိုပြီး လုပ်ကြဖို့ နိုင်ငံအားလုံး အမေရိကန်နဲ့ အတူ လက်တွဲပြီး လုပ်ဆောင်ကြဖို့ ကျမတိုက်တွန်းပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် Jonathan Allen ကလည်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Boris Johnsonရဲ့မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ရိုဟင်ဂျာ အရေးကို အာရုံစိုက်ပြီး လုပ်ဆောင် ပြောဆိုတာတွေ ရှိခဲ့တဲ့ အကြောင်းနဲ့ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရေး နိုင်ငံတကာ အသိုင်းအဝိုင်းက အရှိန်မြှင့်ပြီး လုပ်ဆောင်ကြဖို့လည်း လုံခြုံရေး ကောင်စီမှာ ပြောဆိုခဲ့ပါတယ်။

“ နိုင်ငံခြားရေးဝန်ကြီး Boris Johnsonဟာ ကော့ဆက်ဘဇားမှာ ရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခ သည်တွေ ပြန်ပြောပြကြတဲ့ သူတို့ရဲ့ ကြောက်မက်ဖွယ် အတွေ့အကြုံတွေကို နားထောင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က မီးရှို့ခံရ တဲ့ ရွာတွေကိုလည်း ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့ပါတယ်။ ဒုက္ခသည်တွေ သိက္ခာရှိရှိ၊ လုံခြုံစိတ် ချရတဲ့ အခြေနေတွေနဲ့ အိမ်ပြန်နိုင်ဖို့ အရေး မြန်မာအာဏာပိုင်တွေက လုပ်ဆောင်ပြဖို့ ဝန်ကြီး ဂျွန်ဆန်က တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရေး အကူအညီတွေ ပေးနိုင်ဖို့ မြန်မာ အာဏာပိုင်တွေက ကုလသမဂ္ဂကို မြန်မာပြည် ဝင်ခွင့်ပေးရေး နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့က အရှိန်မြှင့် လုပ်ဆောင်ကြဖို့ လိုပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ် Francois Delattre ကလည်း ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရေး သူတို့တောင်းဆိုထားခဲ့တဲ့ အချက်တွေ ဖြစ်မလာသေးလို့ ဒါတွေကိုပဲ လုံခြုံရေးကောင်စီမှာ ဆက်ပြီး တောင်းဆိုခဲ့ရတယ်လို့ ဆိုပါတယ်။

“ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့တုန်းက လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ကြေညာချက်ထဲမှာ ကျနော်တို့ တောင်းဆိုထားတဲ့ အဓိက အချက်တွေကို မှတ်မိကြလိမ့်ဦးမယ် ထင်ပါတယ်။ ပထမအချက်က ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှုတွေ အားလုံး ရပ်ဆိုင်းဖို့ကိစ္စ၊ ဒီအခြေအနေတွေ ရှိမလာသေးပါဘူး။ နောက်တချက်က လူသားချင်း စာနာမှု အပြည့်အ၀ လုပ်ကိုင်ခွင့် ပေးဖို့၊ ဒါလည်း ဖြစ်မလာသေးပါဘူး။ နောက်တချက်က လူ့အခွင့်အရေးတွေ စောင့်ရှောက်က် ထိန်းသိမ်းဖို့၊ ပြစ်မှုကျူးလွန်မှု တွေကို အသေအချာ စုံစမ်းစစ်ဆေး ဖေါ်ထုတ်ဖို့၊ ဒါလည်း မဖြစ်သေးပါဘူး။ ရိုက်တာသတင်း ထောက်၂ ဦး အဖမ်းခံထားရတာကိုလည်း ချက်ချင်းပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်တွေ အကောင် အထည် ပေါ်လာတဲ့အထိ ဖိအားတွေ ဆက်ပြီး ပေးနေဖို့ လိုပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Ma Zhaoxu က ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရာမှာ စိတ်ရှည်သည်းခံဖို့ လိုတယ်လို့ဆိုပါတယ်။

“ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိတ်ရှည်သည်းခံဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးမှုတွေ ပြန်ပြီးရရှိနေပါပြီ။ ရိုဟင်ဂျာ ပြဿနာကို ညတွင်းချင်း ဖြေရှင်းလို့ မရနိုင်ပါဘူး။ ရခိုင်ပြည်နယ်မှာ ဆင်းရဲနွမ်းပါးမှုရဲ့ အခြေခံ အကြောင်းအရင်းကို ဖွံ့ဖြိုးမှုကနေ တဆင့် ဖြေရှင်းနိုင်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ့် သံအမတ်ကလည်း ဒုက္ခသည်တွေ အတွက် သူတို့ဘာတွေ လုပ်ဆောင်နေသလဲ ဆိုတာကို ရှင်းပြပါတယ်။

“ ရခိုင်ပြည်နယ်ကနေ ရောက်လာကြတဲ့ လူတသန်းကျော်အတွက် အကူအညီတွေကို နိုင်ငံတကာကနေ ကူညီပံ့ပိုး နေတာကို ဘင်္ဂလားဒေ့ရှ့် နိုင်ငံက အသိအမှတ်ပြုပါတယ်။ လာမယ့်လတွေ အတွင်းမှာ မုတ်သုံရာသီ မတိုင်ခင် လုပ်သင့်တဲ့ ပြင်ဆင်မှုတွေ အတွက် ကျနော်တို့ အရှိန်မြှင့်ပြီး လုပ်ဆောင်ဖို့ ရှိနေပါတယ်။ ကလေးတွေ အတွက် ပညာသင်ကြားရေးတွေ ကိုလည်း ဆောင်ရွက် ပေးနေပါတယ်။ ကျနော်တို့ရဲ့ ဦးစားပေး ကိစ္စကလည်း လုံခြုံရေးကောင်စီမှာ ပြောခဲ့ကြသလိုပဲ ထွက်ပြေးလာခဲ့ ကြတဲ့ ဒုက္ခသည်တွေ သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာနဲ့ အိမ်ပြန်နိုင်ရေး ပါပဲ။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့လက်တွဲပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စကို ဆောင်ရွက်နိုင်ဖို့ မြန်မာအစိုးရကို ကျနော်တို့ ဆက်ပြီး တိုက်တွန်း နေပါတယ်။မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေ အကောင်အထည် ပေါ်လာတာကို ကျနော်တို့ မတွေ့ရ သေးပါဘူး။ အခုလထဲမှာကိုပဲ ရိုဟင်ဂျာ တထောင့်ငါးရာ ဘင်္ဂလားဒေ့ရှ့်ဘက် ထပ်ပြီး ရောက်လာခဲ့ပါ တယ်”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG