ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ မူဆလင်တွေ အစုလိုက် သတ်ဖြတ်ခံရမှုဟာဆိုရင် လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Francois Delattreက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာ အစိုးရက ဖမ်းဆီးထားတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး ဖြစ်တဲ့ ကိုသက်ဦးမောင် ခေါ် ဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးတို့ကို ပြန်လွှတ်ပေးဖို့ကိုလည်း ပြင်သစ် သံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကနေ့ အင်္ဂါနေ့ မြန်မာ့အရေး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံ သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးဖို့ ပြောဆိုလိုက်တဲ့ ကုလသမဂ္ဂ နိုင်ငံရေးရာ ဒုတိယ အကြီးအကဲ Miroslav Jenca ကလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလ လုံခြုံရေး ကောင်စီမှာ ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတန်း အဖွဲ့ဝင် ၅ နိုင်ငံ က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက် ဆွေးနွေးခဲ့ကြရာမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ပူးပေါင်းမှုနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒအလျောက် သိက္ခာရှိစွာ၊ နေရပ်ရင်းပြန်ရေး၊ လူသားချင်း စာနာမှု အကူအညီတွေ အမြန်ဆုံးပံ့ပိုးရေး နဲ့ အဖမ်းဆီးခံ ရိုက်တာ သတင်းထောက် ၂ ယောက် အမြန်ဆုံးလွှတ်ပေးရေးအတွက် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချနိုင်ရေး ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။