မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်က အရေးယူဒဏ်ခတ်မှုတွေ ရှိလာတော့မှာဖြစ်တဲ့အတွက် အမေရိကန် အစိုးရ၊ လွှတ်တော် နဲ့ တာဝန်ရှိသူတွေကို မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ရှင်းပြနေတဲ့အကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း က ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှု တွေအကြောင်း မနေ့ စနေ့နေက ဝါရှင်တန် မြို့တော်က မြန်မာသံရုံးမှာ မြန်မာမိတ်ဆွေတွေ နဲ့ ဆွေးနွေးတိုင်ပင်ပွဲမတိုင် ခင် ဗွီအိုအေ နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း သံအမတ်ကြီးက အခုလို ပြောသွားတာပါ။ ကိုငြိမ်းချမ်းက မေးမြန်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ် အရေး မြန်မာအစိုးရ ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်ပရောက်မြန်မာအသိုင်းအဝိုင်း တွေကို အသိပေးတင်ပြလိုတာ၊ ရခိုင်အရေးမှာ မြန်မာနိုင်ငံသားတွေ ရဲ့ နည်းပညာ နဲ့ ငွေကြေး အကူအညီတွေ ဘယ်လို ပေးနိုင်မလဲ ဆိုတဲ့အကြောင်း ရှင်းပြလိုတာ၊ နောက်ပြီး အပစ်အခတ်ရပ်စဲ ရေး စာချုပ် NCA တိုးတက်မှု အကြောင်းရှင်းပြလိုတဲ့အတွက် ဒီဆွေးနွေးပွဲကို ပြုလုပ်ရတာပါ။ နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ ပတ်သက်ပြီး သံအမတ်ကြီးရဲ့ လုပ်ဆောင်မှုတွေကို မေးကြည့်တဲ့အခါမှာတော့
"သံအမတ်ကြီး ဦးအောင်လင်း။ ။ ကျနော့်အနေနဲ့ကတော့ ကျနော်လုပ်တာကတော့ နိုင်ငံတော်ကနေပြီးတော့ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စေတနာသန့်သန့် နဲ့ ဆောင်ရွက်နေတယ်ဆိုတဲ့ဟာကို ကျနော်လုပ်နေတယ်ဆိုတာကို အမေရိကန်အစိုးရရော ၊ လွှတ်တော်ရောကို ကျနော်တို့ ရှင်းပြနေပါတယ်။ ဒါ့အပြင် မြန်မာအသိုင်းအ၀ိုင်းကိုလည်း ကျနော်တို့ နိုင်ငံက ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လပ်နေတယ် တကယ်ပဲ စေတနာသန့်သန့် နဲ့ လုပ်နေတယ်၊ ပြဿနာကို တကယ်ပဲ အကောင်းဆုံးဖြေရှင်းဖို့လုပ်နေတယ်ဆိုတာလေးတွေကို ကျနော်ရှင်းပြဖို့ရှိပါတယ်။
မေး။ ။ ဒီရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရကတော့ ဒီရိုဟင်ဂျာဆိုတဲ့ နာမည်ကိုမသုံးဖို့ပြောထားပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုလုပ်ဆောင်နေတာရှိပါသလဲ။
သံအမတ်ကြီး ဦးအောင်လင်း။ ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကိစ္စဟာ မြန်မာနိုင်ငံက ပြည်သူတွေသာ အသိဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်သူတွေကနေပြီးတော့ လက်ခံနိုင်တဲ့အနေအထားကို ကျနော်တို့အစိုးရက လုပ်နေပါတယ်။ ဒီကိစ္စဟာဆိုရင်လည်း ပြဿနာရှိနေတယ်ဆိုတာကို ကျနော်တို့သိထားပါတယ်။ ပြဿနာဆိုတာက ဒီလို ဒီရိုဟင်ဂျာဆိုတဲ့ နာမည်ကို သုံးခြင်းဖြင့် ပြဿနာပြေလည်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီရိုဟင်ဂျာဆိုတဲ့ နာမည်ကို သုံးမှ ပြဿနာပြေလည်သွားမှာမဟုတ်တဲ့အတွက်ကြောင့် အားလုံးကနေပြီးတော့ ဒီလိုမျိုး နားလည်လက်ခံနိုင်တဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒီ မွတ်စလင်ဘာသာ အသိုင်းအ၀ိုင်းတွေ ဆိုပြီးတော့ သုံးတာဖြစ်ပါတယ်။ ဒါလည်း ပြဿနာဖြစ်နေတဲ့ဟာကို ဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်နေတာဖြစ်ပါတယ်။ နောက်ပိုင်း ဒီရိုဟင်ဂျာဆိုသူတွေက သူတို့ ကိစ္စကို မြန်မာနိုင်ငံသားတယောက်အနေနဲ့ သူတို့အနေနဲ့ မြန်မာနိုင်ငံအရေးကိစ္စကို ပါဝင်ချင်တယ်ဆိုရင်လည်း သူတို့လိုချင်တဲ့ကိစ္စကို သူတို့ကနေ တရားဥပဒေနည်းလမ်းနဲ့ သမိုင်းကြောင်းအရနဲ့ သက်ဆိုင်တဲ့ လူတွေကို ရှင်း ပြပြီး ၊ရှင်းပြလို့ အားလုံးနားလည်မယ်ဆိုရင် လက်ခံနိုင်မယ့်အနေအထားကို သူတို့ကြိုးစားသင့်ပါတယ်။ မြန်မာနိုင်ငံ ပြည်သူတွေကတော့ ကျနော်တို့အခု လက်ခံနေတဲ့အနေအထားကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်ဆိုတာကို ပြောချင်ပါတယ်။
မေး။ ။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ရခိုင်ကိစ္စမှာ ဘယ်လိုတွေဝိုင်းဝန်းကူညီနိုင်ပါသလဲ၊ မြန်မာအစိုးရကိုပဲ ဖြစ်ဖြစ် ၊ ရခိုင်အရေးပတ်သက်ပြီးတော့ ဖြစ်ဖြစ် ဘာတွေများကူညီနိုင်ပါသလဲခင်ဗျ။
သံအမတ်ကြီး ဦးအောင်လင်း။ ။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမှုကို လိုလားတဲ့ နိုင်ငံသားတွေမှန်သမျှကို ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်လဲဆိုတာကို ကျနော်ရှင်းပြပါတယ်။ ရှင်းပြပြီးတော့ ဒီဖြစ်ပေါ်တိုးတက်မှုတွေကို ပါဝင်ချင်တဲ့ ဆန္ဒရှိတဲ့လူတွေကို ပါဝင်နိုင်ဖို့ အခွင့်အရေးပေးထားပါတယ်။ မြန်မာနိုင်ငံကို သွားရောက်ပြီးတော့ သူတို့ရဲ့ နည်းပညာပဲဖြစ်ဖြစ် ၊ အရင်းအနှီးပဲဖြစ်ဖြစ် ဒါမှမဟုတ်ပဲနဲ့ အမေရိကန်နိုင်ငံကနေတဆင့် သူတို့ စေတနာတွေကို ငွေကြေးအားဖြင့် ကူညီမယ်ဆိုရင်လည်း ကျနော်တို့ လက်ခံနေပါတယ်ဆိုတာကိုလည်း ပြောပြနေပါတယ်။
ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံအေ၇း စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပြီး သံအမတ်ကြီး ဦးအောင်လင်း ၊ စစ်သံမှူး ဗိုလ်ချုပ် ချစ်ဆွေတို့နဲ့အတူ အမြင်များကို ဆွေးနွေးခဲ့ကြပါတယ်။