သုံးရလွယ်ကူစေသည့် Link များ

ပြင်းထန်လာတဲ့ ပြည်ပဖိအား မြန်မာ ဘယ်လိုတုံ့ပြန်မလဲ


နိုင်ငံတော်အတိုင်ပင်ခံ-နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်လင်း -အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံး။ ( စက်တင်ဘာ-၂၀၁၆)

ရခိုင်ပြည်အရေးနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးနေတာတွေနဲ့ ပတ်သက်လို့ မပြတ် ထိတွေ့ဆက်ဆံပြီး တော့ ရှင်းလင်းပြောဆိုသွားမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ၊ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ ကြားနာပွဲလုပ်ပြီး မြန်မာ အစိုးရကို ဝေဖန်ပြောဆိုတာတွေ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲအတွင်း အပြင်းအထန် ဝေဖန်ပြောဆိုတာ တွေ၊ မြန်မာနိုင်ငံပေါ် ဒဏ်ခတ်အရေးယူဖို့နဲ့ ဆက်ဆံရေးပြန်သုံးသပ်ဖို့ အမေရိကန် ပါတီကြီးနှစ်ရပ်က လွှတ်တော်အမတ်တွေ ပေါင်းပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့ USAID အကြီးအကဲတို့ဆီကို စာရေးသား တောင်းဆိုတာတွေ ရှိထားပြီးတဲ့နောက် မြန်မာ သံအမတ်ကြီးက အခုလို ပြောဆိုတာပါ။ လက်ရှိ နိုင်ငံတကာဖိအားတွေအပေါ် သံအမတ်ကြီးရဲ့အမြင်ကို ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းတဲ့အခါ သံအမတ်ကြီး ဦးအောင်လင်းက အခုလို စပြီးပြောပါတယ်။

သံအမတ်ကြီး ဦးအောင်လင်း။ ။ လက်ရှိအခြေအနေကတော့ ကျနော်တို့နိုင်ငံ ရဲ့ပြည်တွင်း မှာဖြစ်ပေါ်နေတဲ့အခြေအနေကို ကျနော်တို့နိုင်ငံအကြောင်းကို ကျနော်တို့သာ အသိဆုံးဖြစ်ပါတယ်လို့ ခံယူထားပါတယ်။ ဒါကြောင့်မို့ ကျနော်တို့နိုင်ငံ ရဲ့ဖြစ်ပေါ် တိုးတက်မှုတွေကို ကျနော်တို့ကနေပြီးတော့ စိတ်ရင်းစေတနာမှန်နဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ရေရှည်ရမယ့် အဖြေရှာမယ့်နည်းလမ်းတွေကို ကျနော်တို့ရှာဖို့လုပ်နေတယ်ဆိုတဲ့ဟာကို ကမ္ဘာကို ကျနော်တို့ အသိပေးမှာဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ သံအမတ်ကြီးအနေနဲ့က အမေရိကန်ပြည်ထောင်စု ဆိုင်ရာ အမေရိကန်သံအမတ်ကြီးဆိုတော့ လက်ရှိ အမေရိကန်ပြည်ထောင်စု ဘက်ကနေပြီးတော့ နိုင်ငံခြားရေးဌာနသော်လည်းကောင်း သို့မဟုတ် အထက်လွှတ်တော် ၊ အောက်လွှတ်တော် အိမ်ဖြူတော် သံအမတ်ကြီးကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဆက်သွယ်ပြီး ပြောဆိုတာများရှိပါသလားခင်ဗျ။

သံအမတ်ကြီး ဦးအောင်လင်း။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တွေကိ တိုက်ရိုက် ဆက်သွယ်ပြီးတော့ ပြောဆိုတာတွေ မရှိပါဘူး ဒါပေမဲ့ ကျနော်တို့ဘက် ကနေပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရယ် အထက်လွှတ်တော်ရယ်ကိုတော့ အမြဲတမ်းအဆက်အသွယ် ကျနော်တို့ရှိနေပါတယ် ဒါ့အပြင်ကို အောက်လွှတ်တော်က အမတ်တွေရဲ့ရုံးတွေနဲ့လည်း ကျနော်တို့ အမြဲအဆက်အသွယ်ရှိပါတယ်။ အိမ်ဖြူတော်နဲ့ လည်း ကျနော်တို့အဆက်သွယ်ရှိပါတယ်။ ရှိပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ပကတိဖြစ်ပေါ်နေတဲ့ အခြေအနေကို အမြဲတမ်းရှင်းပြနေပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ လုံခြုံရေးကောင်စီ ကြားနာပွဲမှာပဲဖြစ်ဖြစ် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲမှာပဲဖြစ်ဖြစ် တခါ လွှတ်တော်အမတ် ၂၂ယောက်က သံအမတ်ကြီး သိပြီးပြီလို့ယူဆပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ USAID အကြီးအကဲဆီကို စာပို့ပါတယ်။ အဲ့ဒီ့စာထဲမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့၊ ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ ရီပတ်ဗလင်ကန်ရော ဒီမိုကရက်လွှတ်တော်အမတ် ၂၂ယောက်က လက်မှတ်ထိုးပြီးတော့ ပို့ပါတယ် ကြည့်ရတာကတော့ အမေရိကန်ဘက်က ပိုပိုပြီးတော့ ဖိအားတွေ တိုးပေးလာနေတဲ့ပုံရှိပါတယ် သံအမတ်ကြီးတို့အနေနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံ အပေါ်မှာ အရင်ကလိုများ သို့မဟုတ် ဒဏ်ခတ်အရေးယူမှုတွေများ ပြန်ရောက် လာလိမ့်မယ်လို့ မျှော်လင့်ထားပါသလားခင်ဗျာ။ အဲ့ဒီ့အတွက်ရော ဘယ်လိုပြင်ဆင် ထားပါသလဲ။

သံအမတ်ကြီး ဦးအောင်လင်း။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော် အစကတည်းက ပြောထားတဲ့အတိုင်းပဲ ကျနော်တို့နိုင်ငံက ဖြစ်ပေါ်နေတဲ့အခြေအနေကို ကျနော်တို့ ပကတိ စိတ်ရင်းမှန်တွေနဲ့လုပ်ပါတယ်ဆိုတာကိုတော့ သူတို့ကို ကျနော်တို့ ရှင်းပြမှာဖြစ်ပါတယ်။ သူတို့အခု ကျနော်တို့အပေါ်ကို မြင်နေတဲ့ဟာကလည်း တကယ့်ဖြစ်ရပ်မှန်ကို နားလည်တဲ့သူက နည်းပါတယ်လို့ ကျနော်ထင်ပါတယ်။ တကယ်ဖြစ်ရပ်မှန်ကို နားလည်တဲ့သူက ကျနော်တို့အပေါ်ကို နားလည်ပြီးတော့ ကျနော်တို့အပေါ် ထောက်ခံမှုတွေ ကို ဆက်လက်ပြီး ပေးနေပါသေးတယ်။ ဒါကြောင့်မို့ ဒီလိုမျိုး အခြေအနေ ကို ဘယ်လိုပဲအခြေအနေပဲဖြစ်နေဖြစ်နေ ကျနော်တို့ဟာဆိုလို့ရှိရင် တကယ်ပဲ အမှန်အကန် ကျနော်တို့ဆောင်ရွက်နေတဲ့ကိစ္စတွေ နောက်ပြီးတော့ ကျနော်တို့ တကယ်ပဲ စိတ်ရင်းစေတနာနဲ့လုပ်နေတဲ့ကိစ္စတွေကို ဆက်လက်ပြီးတော့ ကျနော်တို့ရှင်းပြဖို့ ဆောင်ရွက်သွားပါ့မယ်။ ဒီလိုဆောင်ရွက်သွားတဲ့အခါမှာလည်း သူတို့ကို နားလည်တဲ့အထိကို ကျနော်တို့ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ နိုင်ငံတကာက ဖိအားတွေက ပိုပိုပြီးတော့ တိုးလာတဲ့အခါကျတော့ မြန်မာနိုင်ငံအနေနဲ့ သံတမန်ရေးဘက်မှာ အနည်းငယ်များ အရေးနိမ့်နေတယ်လို့များ သံအမတ်ကြီးတို့ ခံစားမိပါသလား။

သံအမတ်ကြီး ဦးအောင်လင်း။ ။ ဒါကတော့ ခံစားနေတဲ့သူတွေကတော့ မြင်တဲ့သူကတော့ မြင်ပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ရဲ့ ရပ်တည်ချက်အတိုင်းကိုပဲ ဆက်လက်ပြီးတော့ ကျနော်တို့သွားပါ့မယ်။

ကိုကျော်ကျော်သိန်း။ ။ သံအမတ်ကြီးအနေနဲ့ ဖြည့်စွက်ပြီးတော့ ပြောချင်တာများရှိပါသေးသလား။

သံအမတ်ကြီး ဦးအောင်လင်း။ ။ ကျနော့်အနေနဲ့ ဖြည့်စွက်ပြီး ပြောချင်တာကတော့ ကျနော်တို့ရဲ့ နိုင်ငံဟာဆိုလို့ရှိရင် နုနယ်တဲ့ ဒီမိုကရေစီဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းမှာ အမေရိကန်နိုင်ငံရဲ့ အားပေးထောက်ခံမှုကို ကျနော်တို့လိုအပ်ပါတယ်။ ဒီလိုလိုအပ်တဲ့နေရာမှာလည်း ပကတိစိတ်ရင်းကောင်း နဲ့လုပ်နေတယ် ဆိုတဲ့ဟာတွေကိုလည်း ကျနော် အမြဲတမ်း အမေရိကန်အစိုးရသာမက ပြည်သူတွေကိုလည်း ရှင်းပြဖို့ ကျနော့်မှာ တာဝန်ရှိသလို ရှင်းလည်းရှင်းပြနေပါတယ်။ ဒီအတိုင်းပဲ ကျနော်ဆက်လက်ပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်ဆိုတဲ့ဟာလေးကိုတော့ ဗွီအိုအေ နားသောတရှင်တွေကို ကျနော် အသိပေးပါရစေခင်ဗျာ ။

အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်လင်းကို ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထားတာပါ။

XS
SM
MD
LG