သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေးဆွေးနွေးဖို့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်သုံးဦး မြန်မာနိုင်ငံသွားရောက်လို


 နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်သုံးဦး
နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်သုံးဦး

ရိုဟင်ဂျာတွေ အရေး ဒေါ်အောင်ဆန်းစုကြည်ကို နားချ ဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်လိုကြောင်း နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးတွေက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် မြန်မာ စစ်တပ်ရဲ့ နှိပ်ကွက်မှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆန့်ကျင် ပြောဆိုဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။

ရိုဟင်ဂျာတွေ အပေါ် မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သတ္တိရှိရှိ ဆန့်ကျင် ပြောဆိုဖို့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးတွေက တောင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်တွေက ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ မြောက်အိုင်ယာလန်က နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် Mairead Maguire က အခုလို ပြောဆိုပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို ပြောချင်တာကတော့ သူမကို ကမ္ဘာက သိပ်ချစ်ကြတာကြောင့် သူမရဲ့ သြဇာက သိပ်ပြီး ကြီးမားပါတယ်ဆိုတဲ့ အကြောင်းပါ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျစဉ်ကာလက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို တောင်းဆိုချိန်မှာ သူမရဲ့ တောင်းဆိုချက် အတွက် ကျမတို့ တုံ့ပြန် ဆောင်ရွက်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဟာ လူတိုင်း ပိုင်ဆိုင်ပါတယ်။ ရိုဟင်ဂျာတွေ အနေနဲ့လည်း သူတို့ရဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့်၊ ဘေးကင်းလုံခြုံရေး အခွင့်အရေးတွေ ရှိပါတယ်။ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား ၁၃၅ မျိုးလိုဘဲ ရိုဟင်ဂျာတွေမှာလည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေး ရှိပါတယ်။ ကျမတို့ အနေနဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့် ရဖို့ ကြိုးစား သွားမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကမ္ဘာ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိစေဖို့၊ မြန်မာ စစ်တပ်က လုပ်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ဆန့်ကျင်ပြောဆိုနိုင်မယ့် သတ္တိ ပိုင်ဆိုင်ပါစေကြောင်း ကျမတို့ မျှော်လင့်ပါတယ်။"

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်ကြတဲ့ အီရန်က Shirin Ebadi ၊ ယီမင်က Tawakkol Karman နဲ့ မြောက်အိုင်ယာလန်က Mairead Maguire တို့ဟာ စနေနေ့ကစပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာအမျိုးသမီးများအရေးနဲ့ ပတ်သက်ပြီး အတူရပ်တည်တာကို ပြသဖို့ တပတ်ကြာ သွားရောက်ခဲ့ကြတာပါ။ ဒီကနေ့ ခရီးစဉ် အဆုံးသတ် အဖြစ် ဘင်္ဂလားဒေရှ့်နိုင်ငံ မြို့တော် ဒက္ကားမှာ သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မျိုးနွယ်စု တခုအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ဆောင်ရွက်နေတယ်လို့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးတွေက ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စကို အရေးယူ ကိုင်တွယ်ရေး နားချဖို့ အတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့လည်း အစီအစဉ် ရှိတယ်လို့ ယီမင် နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် Tawakkol Karman က ပြောဆိုပါတယ်။

"မြန်မာနိုင်ငံကို သွားရောက်ဖို့ အစီအစဉ် ရှိပါတယ်။ ကျမတို့ရဲ့ ညီအမ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားချက်၊ ပန်ကြားချက်တွေ အကြိမ်ပေါင်းများစွာ ပို့ခဲ့ပါတယ်။ ဒါပေမယ့် စာမပြန်ပါဘူး။ ကျမတို့ အနေနဲ့ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်ထံကိုရော၊ နောက် ရိုဟင်ဂျာ ဒေသကိုပါ သွားရောက်ပြီး သူမနဲ့ ဆွေးနွေး ပြောဆိုဖို့ နားချဖို့ လာရောက်ခွင့်ပြုဖို့ အခု ထပ်ပြီး ပန်ကြားပါတယ်။"

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ မူဆလင် ၆ သိန်းခွဲကျော် ထွက်ပြေးခဲ့ကြရမှုနဲ့ ဆက်စပ်ပြီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေ၊ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုတို့လို အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေကို စုစည်းခဲ့ပြီးနောက် စစ်တပ်ရဲ့ နှိမ်နင်းမှုက လူမျိုးစု အလိုက် ရှင်းလင်းမှု အဖြစ် ပြောဆိုထားတာပါ။ မြန်မာ အစိုးရဘက်ကတော့ ဒီစွပ်စွဲချက်တွေ အားလုံးကို တစိုက်မတ်မတ် ငြင်းဆိုနေတာပါ။ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်ဝါဒီတွေကို တရားဥပဒေနဲ့ အညီ ချေမှုန်းတာလို့ မြန်မာ အစိုးရက ပြောဆိုထားတာပါ။ အီရန်နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် Shirin Ebad ကတော့ အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်လို လူမျိုး အနေနဲ့ သူမ နိုင်ငံထဲမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်နေတာတွေ၊လူအများအပြား ပါဝင် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို မျက်ကွယ်ပြုထားတဲ့ အတွက် သိပ်ကို ဝမ်းနည်းရပါတယ်။"

ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာ ၆ သိန်းခွဲကျော် ဌာနေပြန်ရေး လုပ်ငန်းစဉ်ကလည်း မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြား သဘောတူထားပေမယ့် အခုအချိန်ထိ မစနိုင်သေးပါဘူး။ ဒုက္ခသည်တွေ ဌာနေပြန်ရေးဟာ ဘေးကင်းလုံခြုံမှု ရှိဖို့ ဆန္ဒနဲ့ အညီ ဌာနေပြန်နိုင်ရေး အတွက် မြန်မာ အစိုးရဘက်က လုံခြုံရေး အာမခံပေးဖို့ တောင်းဆိုနေကြတာပါ။ ရိုဟင်ဂျာ အရေး ဖိအားပေးတဲ့ အနေနဲ့ဥရောပ သမဂ္ဂ ဘက်ကလည်း မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ပြီးခဲ့တဲ့ တနလာၤနေ့က သဘောတူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG