သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမြစ်ပြုတ်ချေမှုန်းရေးအစား စေ့စပ်ညှိနှိုင်းကြဖို့ ရခိုင်အမတ်တွေတိုက်တွန်း


ရခိုင်ပြည်နယ်လွှတ်တော် (ဓာတ်ပုံ-ဦးညီပု fb)

ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ ကြား အပြင်းအထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်က တိုက်တွန်းတဲ့အဆိုကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြပါတယ်။ စစ်ရပ်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရ ကတဆင့် ပြည်ထောင်စု အစိုးရ ကို တိုက်တွန်းပေးဖို့ ဒီအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်မှာ အမြစ်ပြုတ်ချေမှုန်းရေးလမ်းစဉ်ကို မကျင့်သုံးဘဲ စေ့စပ်ညိနှိုင်းကြပါလို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ မဆုမွန် ဆက်သွယ်စုံစမ်းတင်ပြပေးထားပါတယ်။

ဒေသခံရခိုင်မျိုးနွယ်စု ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အထိ အပြင်းအထန် ဖြစ် ပွားနေတဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြားက တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ်တွင်းက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဦးသန်းနိုင်က ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအဆိုအပေါ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး နောက် လွှတ်တော်တခုလုံးရဲ့ အဆုံးအဖြတ်ရယူရာမှာ ကန့်ကွက်သူမရှိ အတည်ပြု နိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ပြည်သူတွေ စစ်ဘေးဒုက္ခ ရောက်နေကြရတဲ့အတွက် အခုလို ပြည်နယ်လွှတ်တော်ထဲ အခုလို အဆိုတင်သွင်း ဆွေးနွေးခဲ့ကြတာလို့ ရခိုင်ပြည်နယ် မြောက်ဦးကမဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့က ပြည်သူတွေရဲ့ တောင်းဆိုချက်အရပေါ့နော် ဒီစစ်ပွဲကို ရပ်စဲပေးဖို့ နှစ်ဘက် စလုံးကို တိုက်တွန်းတာပါ။ တိုက်တွန်းတဲ့အဆိုကတော့ ရခိုင်ပြည်နယ် အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကနေ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆီကို လွှတ်တော်လုပ်ထုံးလုပ်နည်းဥပဒေတွေနဲ့ သွားမှာပေါ့ နော်။ ကျနော်တို့ အဓိက တိုက်တွန်းတာကတော့ အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို နှစ်ဘက်စလုံးက ရပ်စဲပြီးတော့ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ဆွေးနွေးကြပါ။ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြပါ။ ဒီလိုတိုက်ပွဲတွေနဲ့ အဖြေမထုတ်ကြပါနဲ့။ ပြည်သူတွေ အဓိက ထိခိုက်နစ်နာတယ်။ ဒါကြောင့် အထိအခိုက် အကျအဆုံး မရှိရအောင် စားပွဲဝိုင်းနိုင်ငံရေး ထိုင်ပြီးတော့ သွားကြပါဆိုတဲ့သဘောပါပဲ။"

ရခိုင်ပြည်နယ်တွင်းမှာတော့ မြန်မာအစိုးရစစ်တပ်ဘက်က ဝေဟင်ကရော မြေပြင်ကပါ စစ်တပ်အင်အား အပြည့်သုံးပြီး ရခိုင်လက်နက်ကိုင်တပ် AA ကို ချေမှုန်းနေသလို ရခိုင်လက်နက်ကိုင်တပ်ဘက်ကလည်း အပြင်းထန်ပြန်လည်တိုက်ခိုက်နေတဲ့ စစ်ရေးပဋိပက္ခ တွေပြင်းထန်လာနေတာပါ။

ဒီလိုအခြေအနေဟာ ပြည်သူကို အထိနာစေတာမို့ ဒီလိုအမြစ်ပြုတ်ချေမှုန်းရေး လမ်းစဉ်ကို မကျင့်သုံးပဲ နိုင်ငံရေးအရ ဆွေးနွေးစကားပြောကြပါလို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တိုက်တွန်းပါတယ်။

"အဓိက အစိုးရကိုလည်း အမြဲတမ်းတိုက်တွန်းနေပါတယ်။ AA အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့မှာ တယောက်နဲ့တယောက် အပေးအယူမျှမျှတတနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ ပါဝင်ခွင့်ပေးစေချင်တယ်။ နို့မဟုတ်ရင် တယောက်ကိုတယောက် အပြတ် ချေမှုန်း မယ်ဆိုတာက တော့်တော့်ကို ဖြစ်တယ်ဆိုရင် ပြည်သူတွေ အတော်လေးကို အထိနာ လိမ့်မယ်။ ငြိမ်းချမ်းရေး လုပ်ရမယ့် အဖွဲ့အစည်းတွေအများကြီးရှိတယ် အဲ့ဒီ့အထဲမှာမှ AA ကို ပါဝင်ခွင့်မပေးဘူးဆိုတာကတော့ မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ် ကို သွားနေတဲ့အချိန်မှာ အကုန်လုံး မူဝါဒတွေ တိုင်းရင်းသားတွေ တောင်းဆိုချက်တွေက အတူတူပဲ။ တဖွဲ့ပိုပါလာလို့ တဖွဲ့ကို ပိုပေးရတာမျိုးလည်းမဟုတ်ဘူး။ ဒါဆို ငြိမ်းချမ်းရေး လမ်းကြောင်းထဲကို AA ကို မဆွဲသွင်းနိုင် ရတာလဲ။ ပြည်သူ့ကိုယ်စားလှယ်တယောက် အနေနဲ့ ဖြစ်စေချင်တာက AA ကိုရော တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကို ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို အစိုးရဘက်က ဖိတ်ခေါ်စေချင်တယ်။ ရောက်စေချင်တယ်။ အပေးအယူမျှမျှတတနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားမှာ နားလည်မှု သဘောထားကြီးကြီးနဲ့တယောက်ကိုတယောက် ခွင့်လွှတ်ပြီးတော့ အလုပ်လုပ်ကြမယ်ဆိုရင်တော့ ဒါဟာ ကျနော်တို့အတွက် အကောင်းဆုံးသော မျှော်လင့်ချက်ပါလို့ ကျနော်တို့ ပြောချင်ပါတယ်။"

နေရေးထိုင်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေ တဲ့ စစ်ဘေး ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး ထောက်ပံ့ ပေးဖို့အတွက်လည်း ပြည်နယ်အစိုးရကို တိုက်တွန်းတဲ့အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းဖို့ ရှိတယ်လို့လည်း ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

"အစိုးရအနေနဲ့ ကျနော်တို့ လွှတ်တော်မှာ အတည်ပြုထားတာ ဒီကူညီကယ်ဆယ်ရေး အရေးပေါ်အခြေအနေနဲ့ပတ်သက်ပြီး သဘာဝဘေးဒဏ်ပဲဖြစ်ဖြစ် စစ်ဘေးဒဏ်ပဲဖြစ်ဖြစ် အဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့လွှတ်တော်မှာ အတည်ပြုထားတာ ဘဏ္ဍာငွေရှိပါတယ်။ အစိုးရကလည်း ကူညီတာက တကြိမ်ပဲ ရှိပါသေးတယ်။ ဒီတော့ ရေရှည်အတွက် တကြိမ် နဲ့တော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်အစိုးရဘက်က ဒီ့ထက်ပိုမိုပြီး ကူညီပေးဖို့ တိုက်တွန်းတဲ့အဆို တခုကို ကျနော်တို့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးမှာ တင်ဖြစ်ပါမယ်။"

နဂိုကတည်းကမှ ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးရေး-ဘာသာရေးဆန်တဲ့ အကြမ်းဖက် ပဋိ ပက္ခတွေဖြစ်နေ တာကြောင် ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်နေချိန်မှာပဲ အခုလို တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်နယ်အတွင်း ပြည်သူတွေပိုပြီး အတိဒုက္ခရောက်ရုံ သာမက လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးအရေးယူမှုတွေ ရှိလာနေတဲ့အတွက် နယ်မြေ တည်ငြိမ်ရေးနဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးမှုတို့ ကင်းမဲ့လာတဲ့ အနေအထား ဖြစ်နေတယ် လို့လည်း ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG