သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲတွေကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဒေသမှာ ခရီးသွားလုပ်ငန်းတွေ ပိုမိုကျဆင်းလာခဲ့သလို သင်္ကြန်ကာလသွားရောက်မယ့်ခရီးစဉ်တွေလည်း ဖျက်သိမ်းတာတွေ ရှိနေပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ဒီနှစ် မကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ဖြစ်တဲ့ မြောက်ဦးမြို့ကို ပြည်တွင်း၊ ပြည်ပ ခရီးသည်တွေ လာရောက်တာနည်းပါးနေပြီး ခရီးသွား လုပ်ငန်းဟာ အရင်ကထက်ကျဆင်းလာနေတာပါ။

လက်ရှိ မြောက်ဦးမြို့ ခရီးသွားလုပ်ငန်းအခြေအနေကို ဒေသခံဧည့်လမ်းညွှန် ဦးမြင့်ကျော်က အခုလို ပြောပါ တယ်။

“ ခရီးသွားက အရင်ကထက် ကျဆင်းသွားတာပေါ့။ ဘာခရီးသွားမှ မရှိတော့ဘူး အဲလို ဖြစ်သွားတယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ အကုန်လုံးကျဆင်းသွားပါတယ်။ ဖေဖော်ဝါရီလကုန်လောက်က စပြီးတော့ အဲလိုဖြစ်လာတာပေါ့။”

မြောက်ဦးမြို့က ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ဝန်ထမ်းတစ်ဦးကတော့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် ဧည့်သည်အလာနည်းပါးခဲ့ရာက အခုအခါ မလာသလောက်ဖြစ်သွားကြောင်း ပြောပါတယ်။

“ အခုက နည်းပါတယ်ခင်ဗျ။ ခရီးသွားတွေက မဝင်သလောက်ပါပဲခင်ဗျ။ ပြည်တွင်းရော၊ ပြည်ပရော မဝင်ဘူး။ စစ်ဖြစ်မှ မဝင်တာမဟုတ်ပါဘူး။ အရင်တုန်းကလည်း သိပ်မဝင်ပါဘူး။ ကျနော်တို့ ဒီ မောင်တောဘက်မှာ ဖြစ်ကတည်းက ဒီဘက်မှာ အလာနည်းသွားတာပေါ့နော်။ အခုဆိုရင်တော့ မရှိသလောက်ဖြစ်သွားတာပေါ့နော်။”

ဒေသတွင်း မတည်ငြိမ်တာတွေကြောင့် မြောက်ဦးမြို့ကို သွားမယ့် သင်္ကြန်တွင်း ခရီးသွား အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သန်းဌေးနဲ့ ရောင်းရင်းများ မြန်မာပြည်အနှံ ဘုရားဖူးခရီးသွားလုပ်ငန်းက ဦးချက်ကြီးက ပြောပါတယ်။

“ ကျနော်တို့က ရောင်းတော့ ရောင်းတယ်၊ ရောင်းပြီးတော့ ဘုရားဖူးတွေက ပိုက်ဆံပြန်ပြီးတော့ လာထုတ်တယ်။ တခြားခရီးစဉ် ပြောင်းသွားတယ်ပေါ့ဗျာ။ စောစောပိုင်းက မြောက်ဦးမှာ ပစ်တယ်၊ ခတ်တယ်ဆိုတော့ လူတွေကလည်း ကြောက်တယ်ထင်ပါတယ်။ ပုံစံကြည့်ရတာ။ အဲဒီလိုပါ။ တကယ်တမ်းဆိုရင် ဖြစ်သွားရင် ကျနော်တို့လည်း မကောင်းဘူး။ ဘုရားဖူးတွေလည်း ဒုက္ခရောက်တာပေါ့။ အဲဒါကြောင့်မို့ မြောက်ဦး၊ ကျောက်တော်ဘက်ကို မသွားဘူး။ ”

ငပလီဘက် ခရီးစဉ်ကတော့ ပုံမှန်အတိုင်း သွားရောက်တာရှိကြောင်း ပြောပါတယ်။

ရန်ကုန်မြို့က ရခိုင်မိသားစုတွေလည်း ရခိုင်ပြည်မှာ ခံစားနေရတဲ့ စစ်ဘေးအခြေအနေကို စာနာတဲ့အနေနဲ့ နှစ်စဉ်ကျင်းပတဲ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေးကို ဖျက်သိမ်းခဲ့ကြပါတယ်။

ဒီလို ဖျက်သိမ်းလိုက်တဲ့အကြောင်းကို ပွဲတော်ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဒေါ်မြမေက အခုလို ပြောပါတယ်။

“ သုဝဏ္ဏကွင်းမှာ ရခိုင်သင်္ကြန်ပွဲတော်ကိုတော့ မကျင်းပဖြစ်တော့ဘူးဆိုတာကိုတော့ မနေ့က အစည်းအဝေးမှာ တရားဝင်ဆုံးဖြတ်ပြီး သတင်းစာမှာလည်း ပါနေပါပြီရှင်။ ကျမတို့ ရခိုင်ပြည် ထဲမှာလေ ကိုယ့် ရခိုင်တွေက အရမ်းကို စိတ်မကောင်းစရာတွေ ဖြစ်နေတယ်လေ။ သူတို့နဲ့ ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်တယ်ဆိုတာကို ပြသချင်တာရယ်။ နောက် လုံခြုံရေး အခြေအနေ ကိုလည်း စိုးရိမ်စိတ်ရှိတယ်ပေါ့ဗျာ။ သင်္ကြန်ဆိုတာက နည်းနည်း သောက်စား မူးယစ်ကြတာ များတယ်လေနော။ အဲတော့ တစုံတခု ပြောမှားဆိုမှား တစ်ယောက်ယောက် အပြုအမူလေးတွေ မှားသွားပြီဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ ရှောင်ရှားတဲ့ သဘောလည်း ပါပါတယ်ရှင့်။ သိပ်တော့ ကြီးကြီးကျယ်ကျယ်ပြဿနာရယ်တော့ မရှိပါဘူး။”

ရခိုင်ရိုးရာ နံသာသွေးပွဲနဲ့ ဘုရားရေသပ္ပါယ်တာကို ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ကျင်းပမှာဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ကတည်းက လူမျိုးရေးပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဘူးသီးတောင်၊ မောင်တောဒေသ ARSA ခေါ် မွတ်စလင်လက်နက်ကိုင်အဖွဲ့ တိုက်ခိုက်တာတွေ ဖြစ်ခဲ့သလို၂၀၁၈ခုနှစ်နဲ့ ၂၀၁၉ မှာတော့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင်တပ်မတော်ရဲ့ တိုက်ခိုက်တာတွေ ပြင်းထန်လာခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ မြောက်ဦး၊ ကျောက်တော် အပါအဝင် မြို့နယ် ၅မြို့နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကလည်း မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေ ခရီးမသွားသင့်ကြောင်း မတ်လ ၂၉ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG