သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေပုံမြို့နယ် ဒုက္ခသည်စခန်း အခြေအနေ နိုင်ငံတကာ စိုးရိမ်


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းအတွင်းက အခြေအနေတွေဟာ အတော်လေးကို စိုးရိမ်ပူပန်စရာ အနေအထားမှာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုလိုက်ပါတယ်။ စခန်းအတွင်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီပေးတဲ့နေရာမှာလည်း ဒေသခံတွေရဲ့ နှောင့်ယှက်ဟန့်တားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းမှာရှိတဲ့ တောင်ပေါ်ဒုက္ခသည် စခန်း အတွင်းက အခြေအနေတွေဟာ တဖြည်းဖြည်း ဆိုးဝါးလာနေတာကို စုံစမ်း သိရှိရတဲ့အတွက် EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ ဆွဒ်ဇာလန်နဲ့တူရကီနိုင်ငံတို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်တဲ့ အကြောင်း အမေရိကန်သံရုံး ပြောခွင့်ရ အမျိုးသမီး Sarah Hutchinson က ဗွီအိုအေကို ပြောပါတယ်။

“မြေပုံမြို့နယ်၊ တောင်ပေါ်စခန်းအတွင်းရှိတဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အင်မတန်စိုးရိမ်စရာကောင်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာပါ။ မြန်မာအစိုးရအနေနဲ့က အခုလို အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့သူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေ အဟန့်အတားမရှိ ချက်ခြင်းပေးပို့နိုင်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် တောင်းဆိုပါတယ်။”

မိသားစုဝင်ပေါင်း ၇၅၀ ကျော်ဟာ အဲဒီ တောင်ပေါ် ဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ (၁၄) လလောက်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပေမယ့် သူတို့အနေနဲ့ သန့်ရှင်းတဲ့သောက်သုံးရေ မရရှိတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိတာ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ မရတာအပြင် စခန်းအပြင်ကိုလည်း လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် မရကြဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သူတို့တွေဟာ လူမဆန်တဲ့ အခြေအနေတွေအောက်မှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာက လူသားချင်းစာနာတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသခံတွေရဲ့ နှောင့်ယှက် ဟန့်တားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ဒီလုပ်ရပ်တွေဟာ လက်ခံနိုင်စရာကို မရှိပါဘူး။ အခုလို ဒုက္ခရောက်နေတဲ့သူတွေ လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ အလျင်အမြန်ပေးသင့်တယ်ဆိုတဲ့ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ အဲဒီလိုလုပ်ရပ်တွေကို ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မကြာသေးခင်ကပဲ အဲဒီဒေသမှာ သွားရောက်ပြီးတော့ လေ့လာခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့ကိုက်ညီအောင် လုပ်ဆောင်ပါ့မယ်လို့ ဗဟိုအစိုးရကရော၊ ဒေသခံတာဝန်ရှိတဲ့ သူတွေကပါ အကြိမ်ကြိမ် လူသိရှင်ကြား ကတိပေးထားပေမယ့် အခုအချိန်အထိ ထိထိရောက်ရောက် လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။”

စခန်းအတွင်းက ဒုက္ခသည်တွေ လိုအပ်နေတဲ့အကူအညီတွေ အချိန်မီရောက်နိုင်အောင် အစိုးရအနေနဲ့ မဆိုင်းမတွ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စခန်းအတွင်းက ဒုက္ခသည်တွေ အပြင်ကို အနှောင့်အယှက်ကင်းကင်းနဲ့ ဝင်ထွက်သွားလာနိုင်အောင် လုံခြုံရေးတိုးမြှင့်ချထားပေးဖို့လည်း တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းကို နိုင်ငံတကာက အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေချင်ရင် မြေပုံမြို့နယ်အတွင်းက တောင်ပေါ် ဒုက္ခသည်စခန်းမှာ ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေ ပြေလည်အောင် ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ အခုလို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ ကိစ္စတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းလုပ်ဆေင်ဖို့ အဆင်သင့်ရှိနေပါတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
XS
SM
MD
LG