သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ နှစ်ပတ်လည် အခမ်းအနားများ စတင်ကျင်းပ


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။
၁၉၈၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ငွေရတု အခမ်းအနားကို ဒီကနေ့မှာပဲ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က MCC ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ စစ်အစိုးရအဆက်ဆက်မှာ ၈ လေးလုံး အရေးတော်ပုံကို ဖိနှိပ်ကန့်သတ်ထားခဲ့ပေမဲ့ ဒီနှစ်မှာတော့ ငွေရတု အခမ်းအနားနဲ့ တိုက်ဆိုင်နေပြီး ၈ လေးလုံး အရေးတော်ပုံဟာ မြန်မာ့သမိုင်းမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ နောက်လူတွေ သိရအောင် သမိုင်းအမှန်ကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

“တော်လှန်ရေး ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော…..”

အခုကြားခဲ့ရတဲ့ အသံတွေကတော့ ၈ လေးလုံး ငွေရတု အခမ်းအနား ဖွင့်ပွဲမှာ ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာ ၈ လေးလုံး အရေးတော်ပုံ ဖြစ်ရပ်တွေ ကို ပြသခဲ့တဲ့ မှတ်တမ်းနောက်ခံဗွီဒီယိုက အသံပဲ ဖြစ်ပါတယ်။ ၁၉၈၈ မှာ အဖိအနှိပ်ခံ ပြည်သူ တွေက တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်ရင်း ဖြစ် ပွားခဲ့တဲ့ ဒီမိုကရေစီ တောင်းဆိုခဲ့တဲ့ အရေးတော်ပုံကြီးကို စစ်အစိုးရ လက်ထက်မှာ ဘယ်လိုပဲ ပုံ ဖျက်ခဲ့ ဖျက်ခဲ့ ၈ လေးလုံးရဲ့ သမိုင်းကတော့ ရှင်သန်နေဆဲ ဖြစ်တယ်လို့ ၈ လေးလုံး အရေးတော်ပုံမှာ ကိုယ်တိုင် လှုပ်ရှား ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ပွဲမှာ ပြောလိုက် ပါတယ်။

“ပြီးခဲ့တဲ့ ၂၅ နှစ်တုန်းကတော့ အိပ်ယာဝင်ပုံပြင်လို လေသံသဲ့သဲ့နဲ့ ပြောခဲ့ရတဲ့ ကလေးတွေ မျက်စိထဲမှာ ဝိုးတဝါးဖြစ်ခဲ့ရတဲ့ အခု သူတို့ လူလားမြောက်တဲ့ အချိန်မှာ အမှန်အတိုင်း သိပါစေ။ ကျနော်တို့ တတ်နိုင်သမျှ တကယ့် မှတ်တမ်းမှတ်ရာတွေနဲ့ ပြခန်းတွေ ထားပါတယ်။ အဲ့ဒါက အတိတ်အတွက်ပါ။ အတိတ်ကိုကြည့်ပြီးတော့ ပစ္စုပ္ပန်မှာ ရပ်နေတဲ့ နောက်မျိုးဆက်တွေဟာ အနာဂတ်နိုင်ငံကို ဒီလောက် ပေးဆပ်ခဲ့ရပါလား။ ဒီလောက် အရင်းအနှီးတွေ ကြမ်းတမ်းခဲ့ပါလားလို့ သူတို့ သိသွားရင် တန်ဖိုးထားတတ်မယ်လို့ ကျနော် ထင်ပါတယ်။”

၈ လေးလုံးရဲ့ သမိုင်းအမှန်တွေကို နောက်မျိုးဆက်တွေ သိနိုင်အောင်နဲ့ ၈ လေးလုံးမှာ ပြည်သူတွေ အရင်းအနှီး ကြီးကြီးနဲ့ ဘယ်လိုပေးဆပ်ခဲ့ရတယ် ဆိုတာတွေကို သိနိုင်အောင် မော်ကွန်း မှတ်တမ်းတွေနဲ့ ဒီ ၈ လေးလုံး ငွေရတု မှာ ပြသထားတယ်လို့ ကိုမင်းကိုနိုင် က ပြောပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုတစ်ရပ်လုံးရဲ့ ဒီမိုကရေစီ တိုက်ပွဲ ခရီးရှည်ဟာ ဒီနေ့ထိ မပြီးဆုံးသေးပေမဲ့ စစ်တပ်က ဦးဆောင်ပြီး ပြောင်းလဲပေးခဲ့ရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီးလမ်းမှာ စစ်တပ်ဟာ လူထုနဲ့အတူ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေး ကာလတွေကို ဖြတ်သန်းဖို့ ပူးတွဲ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ရွှေညဝါဆရာတော်ကြီးက ဗွီအိုအေနဲ့ သီးခြားမေးမြန်းမှုမှာ မိန့်ပါတယ်။

“တို့က လက်စားချေခြင်း တုံ့ပြန်ခြင်းတွေကို လက်ရှိ ဆုပ်ကိုင်ထားလို့လည်း မဖြစ်သေးဘူး။ ငါတို့ အဲ့ဒီလို ဆုပ်ကိုင်ထားမယ်ဆိုရင် ငါတို့ တစ်ဦးချင်းအရတော့ ကိုယ့်မာန ကိုယ့်အတ္တနဲ့ကိုယ်တော့ အရသာရှိတယ်လို့ ထင်ရပေမဲ့ တိုင်းပြည်ရဲ့ ရှေ့သွားနှုန်းကျတော့ ငါတို့ အများကြီး နာတယ်ကွ။ အဲ့တော့ ကိုယ့်အတ္တတွေ၊ ကိုယ့်မာနတွေ၊ ကိုယ့်အာဃာတတွေ၊ ကိုယ့်နှောင်ဖွဲ့တွေ၊ လက်စားချေလိုမှု တုံ့ပြန်မှုတွေကို ခဝါချပြီးတော့ မတူတဲ့လူတွေရဲ့ မတူတဲ့ သဘောထားတွေကို အကုန်လုံး ဘေးဖယ်ထားလိုက်ပေါ့။ တူတာတွေကို ညှိပြီးတော့ အခု ၈ လေးလုံးဆိုတဲ့ ဒီ ၂၅ နှစ်မြောက် ငွေရတုကြီးကနေ ပြီးတော့ ငြင်းဆန်မှုတွေ၊ ရုန်းကန်မှုတွေ၊ မညီညွတ်မှုတွေ၊ စည်းလုံးရေး ပျက်ပြားမှုတွေနဲ့ Statement ထုတ်တဲ့အခါ ဘာမှ ရေရေရာရာ မရှိဘူးဆို့ ဥစ္စာမျိုးတွေ ငါ မကြားချင်ဘူး။”

ဒီမိုကရေစီ တိုက်ပွဲကာလ တလျှောက်နဲ့ သွေးထွက်သံယိုမှုတွေ ဆိုးဆိုးရွားရွား
ဖြစ်ခဲ့တဲ့ ကာလတွေမှာ လူအခွင့်အရေး ဆိုတာကို ကောင်းကောင်းမပြောနိုင် ခဲ့ပေမဲ့ အခုအခါမှာတော့ ပြည်သူတွေအနေနဲ့ ရှေ့ကာလတွေကို သင်ခန်းစာယူပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို တန်ဖိုးထား လိုက်နာဖို့ လိုတယ်လို့လည်း ၈ လေးလုံးပွဲကို တက်လာတဲ့ လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ) က ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

“ကျနော် ၈ လေးလုံးတုန်းကဆိုရင် လမ်းပေါ်မှာထွက်ပြီး လူ့အခွင့်အရေးအော်ပေမဲ့ လူ့အခွင့်အရေး ဆိုတာကို သေချာ မသိခဲ့ဘူး။ ဒါပေမဲ့ အခု ၂၅ နှစ် အချိန်ရောက်တဲ့အခါကျတော့ ပြည်သူလူထုကြားထဲမှာ လူ့အခွင့်အရေးကို တန်ဖိုးထားမှု တွေ အသိအမြင်တွေ ပိုမိုပြီး များပြားလာတယ်။ ဒီလိုမျိုး အခြေအနေမျိုးမှာ ကျနော်တို့က အခုလို သွားနေတဲ့ လူ့အခွင့်အရေး အသိအမြင် ကြွယ်ဝမှုကိစ္စကို ကျနော်တို့ ရပ်ထားလို့ မရဘူး။ အဲ့ဒီနေရာမှာ ကျနော်တို့ အစိုးရရဲ့ တာဝန်တွေ အများကြီး လိုအပ်ပါတယ်။ အစိုးရအနေနဲ့ အရင်တုန်းက ဖြစ်ခဲ့တာကို ကျနော်တို့ သင်ခန်းစာယူပြီးတော့ နောက်တခါ ဒါတွေ မဖြစ်ဖို့အတွက် ကျနော်တို့ လုပ်ဆောင်ဖို့ လိုအပ်မယ်။”

၁၉၈၈ ငွေရတု ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ငွေရတုအခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က MCC ခန်းမမှာ ဒီနေ့ သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၈ ရက်နေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်သလို ကျဆုံးသွားခဲ့တဲ့ ၈၈ က ပြည်သူတွေအတွက်လည်း သံဃာတော်တွေကို ဆွမ်းကပ်လှူမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို လူပေါင်း ၃၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးတွင်းမှာတော့ အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ အနာဂတ် ပြည်ထောင်စု၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ မြန်မာနိုင်ငံအရေးနဲ့ ဒီမိုကရေစီ အင်အားစုများ အခန်းကဏ္ဍ၊ တိုင်းပြည် ပြန်လည် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ သီးခြားဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာ့သမိုင်းမှာ အထင်ရှားဆုံး ဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးနောက်ပိုင်း လူထုလူတန်းစားပေါင်းစုံ ပါဝင်ခဲ့ကြတဲ့ ၈ လေးလုံး အရေးတော်ပုံကြီး အောင်ပွဲရတဲ့အထိ လမ်းကြောင်းမသွေဖီဘဲ ၈ လေးလုံး စိတ်ဓာတ်အပြည့်နဲ့ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ မန္တလေးမြို့မှာ ကျင်းပတဲ့ ၂၅ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ အခမ်းအနားမှာ ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင် က အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။

၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့် အခမ်းအနားကို မန္တလေးမြို့သူမြို့သားတွေ ဦးစီးပြီး ၃ ရက်တာ ကျင်းပကြမှာ ဖြစ်ပါတယ်။ မန္တလေးမြို့က လူထု ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား ပထမနေ့နဲ့ ပတ်သက်လို့ မဆုမွန် က ဆက်သွယ်မေးမြန်း တင်ပြ ထားပါတယ်။

အထက်မြန်မာပြည် မန္တလေးရဲ့ ၂၅ နှစ်မြောက် ၈ လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို မန္တလေးမြို့ ၃၁ လမ်းနဲ့ ၈၄ လမ်းထောင့် ဓမ္မသာလခန်းမမှာ ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့က မန္တလေးမြို့ခံတွေက ဦးစီးပြီး စတင် ကျင်းပခဲ့ကြပါတယ်။ ပထမရက်မှာတော့ လူထု ဒီမိုကရေစီ အရေးတော်ပုံဆိုင်ရာ ဟောပြောပွဲ ကျင်းပခဲ့ပြီးတော့ ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင် က ၈ လေးလုံး လူထုအရေးတော်ပုံကြီးအတွင်းမှာ မန္တလေးရဲ့ လူထုတော်လှန်ရေးနဲ့ ပတ်သက်ပြီး အမှတ်တရ အဖွင့် အမှာစကား ပြောကြား ခဲ့ပါတယ်။

“မန္တလေး ၈ လေးလုံး ကာလတုန်းက ကျနော်က ရန်ကုန်မှာ စာနယ်ဇင်း သမဂ္ဂတို့ ဘာတို့ လုပ်နေတဲ့အခါကျတော့ ကျနော် မန္တလေးနဲ့ ဆက်သွယ်ရေး အမြဲတမ်းရှိတယ်။ မန္တလေးက လှုပ်ရှားမှုတွေ၊ ၈ လေးလုံး လှုပ်ရှားမှုတွေကို ကျနော် တော်တော်များများလည်း သိတယ် ကြားခဲ့တယ်ပေါ့ဗျာ။ ဒါက တစ်ခုပေါ့။ နောက်တခုက ၈ လေးလုံး လူထုလှုပ်ရှားမှုကြီး နဲ့ ပတ်သက်လို့လည်း ကျနော်က သပိတ်ပေါင်းစုံ ညီလာခံကြီး လုပ်ဖို့တို့ နောက်တခါ သူတို့အခေါ် အဲ့ဒီအချိန်တုန်းက သပိတ်လွှတ်တော်တို့ ဘာတို့ ခေါ်ရေးတို့ဆိုတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော် ဆက်သွယ်လုပ်ခဲ့ဖူး တာတွေ ရှိပါတယ်။ အဲ့ဒီသံယောဇဉ်ကြောင့် ကျနော်က ဒီ မန္တလေး ၈ လေးလုံး ၂၅ နှစ်ပြည့်တဲ့အခါကျရင်တော့ ကျနော် တက်ဖို့ကောင်းတယ်လို့ ယူဆတဲ့အတွက် ကျနော် လာတက်ပါတယ်။”

မန္တလေးမြို့မှာ ကျင်းပတဲ့ ၈ လေးလုံး လူထုအရေးတော်ပုံ အခမ်းအနားက သမိုင်းမှတ်တမ်း စုဆောင်းရေးနဲ့ သမိုင်းဝင် မော်ကွန်းတင် ပြခန်း တင်ဆက်နိုင်ရေး ပူးပေါင်းကူညီပေးသူ ကိုလှိုင်ဘွား ကလည်း ၈ လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ၈ လေးလုံး ကာလတုန်းက အဲ့ဒီတုန်းက ရခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေပေါ့ အဲ့ဒီဟာတွေ ပြတယ်။ ကျနော်တို့ စာစောင်တွေ၊ အဲ့ဒီတုန်းက ထုတ်ဝေခဲ့တဲ့ ဂျာနယ်တွေပေါ့နော်။ ကျနော်တို့ကိုယ်တိုင် ထုတ်ဖြစ် တုန်းကတည်းက ဖြတ်သန်းခဲ့ရတာပေါ့နော်။ အဲ့ဒီတုန်းကတော့ ကျနော်က ၁၀ တန်းအောင်ပြီးခါစ အချိန်မှာ ငယ်လည်း ငယ်ပါသေးတယ်။ အခု ၂၅ နှစ်ပြည့် အခမ်းအနားမှာ အခုလို ပါဝင်ခွင့်ရတာတော့ လုပ်ခွင့်ရတာတော့ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ သွားရမယ့် အလုပ်တွေလည်း တကယ်တမ်းကျတော့ မပြီးသေးပါဘူး။ ဒါက အောင်ပွဲလည်း မဟုတ်သေးပါဘူး။ အထိမ်းအမှတ်တခု လုပ်တဲ့အနေနဲ့ လုပ်ကြတာပါ။”

မြန်မာ့သမိုင်းမှာ ၁၃၀၀ ပြည့် အရေးတော်ပုံပြီးရင် ဒုတိယမြောက် အရေးတော်ပုံဖြစ်တဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသား ပြည်သူ အားလုံးပါဝင်ပြီး စစ်အာဏာရှင်ကို တော်လှန်ကြတဲ့ ၈ လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီးလည်း ဦးဝင်းတင် က အောင်ပွဲရတဲ့အထိ ဆောင်ရွက်ကြဖို့ မျိုးဆက်သစ်တွေကို မန္တလေးအခမ်းအနားမှာ အမှာစကား ပြောကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အန်ကယ်လ်တို့ ဒီ ၈ လေးလုံးကာလကို ကျနော်တို့ ဒီ မန္တလေးလူထုက မမေ့မလျော့ အခုလို ၂၅ နှစ်မြောက်နေ့ အထိမ်းအမှတ်ပြုပြီးတော့ အခုလို တခမ်းတနား ဘက်ပေါင်းစုံကနေပြီးတော့ စီစဉ်တဲ့အတွက် ကျနော်တို့ ဝမ်းသာတယ်။ အားလည်းရပါတယ်။ စိတ်ဓာတ်လည်း အများကြီး တက်ပါတယ်လို့ လူထုကို ကျနော် ပြောပါတယ်။ ဘာဖြစ်လို့ ဒီလို ဖြေရလဲဆိုတော့ ဒီ ၈ လေးလုံးနေ့ ဆိုတာ ကျနော်တို့အတွက် မမေ့ကောင်းတဲ့ နေ့လည်းဖြစ်တယ်။ နောက် ကျနော်တို့ မြန်မာပြည်မှာ အရေးတော်ပုံရယ်လို့ အမည်ခံတဲ့ဟာ မြန်မာ့သမိုင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ လောက်အတွင်းမှာ ဒါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ နော် ဒီ ၈ လေးလုံးဆိုတဲ့ပွဲဟာ ဒုတိယပွဲဖြစ်ပါတယ်။ မြန်မာပြည်သူတရပ်လုံး ပါဝင်ခဲ့တယ်။ လယ်သမားတွေ ပါဝင်တယ်။ အလုပ်သမားတွေ ပါဝင်တယ်။ တောနေ၊ မြို့နေ လူထုတွေ ပါဝင်တယ်။"

"ဒီမိုကရေစီနဲ့အတူ လူ့အခွင့်အရေးတို့ လွတ်လပ်ပွင့်လင်းမှုတို့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးတို့ နော် နောက် တိုင်းရင်းသား အရေးတို့ နောက်ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့ ဆိုတဲ့ တောင်းဆိုချက်တွေက ဒီ ကျနော်တို့ အခု ၂၅ နှစ်တိုင်သော်ငြားလည်း အရေးတော်ပုံကြီးက မပြည့်စုံသေးဘူး။ ဒါကြောင့် ကျနော်တို့က ဒီအရေးတော်ပုံကြီးကို ပြီးတယ်လို့ သတ်မှတ်လို့ မရသေးဘူး။ အဲ့ဒါကြောင့် ကျနော်တို့ဟာ ဒီအရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီးတော့ မပြီးဆုံး သေးတဲ့ တာဝန်တွေကို ဆက်ပြီးတော့ သယ်ဆောင်သွားရမယ်။ ဆက်ပြီးတော့ တိုက်ပွဲဝင်ကြရမယ်။ အဲ့လို ယူတဲ့ နေရာမှာ ကျနော်တို့ဟာ ဘာပဲပြောပြော အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့တော့ ဒီလို အရေးတော်ပုံကနေပြီးတော့ အရေးတော်ပုံ လုပ်ငန်းတွေ ဘာတွေ ကျနော်တို့ တွန့်ဆုတ်ဖို့တို့ တိမ်းချော်ဖို့တော့ မဖြစ်သင့်ဘူး။ ကျနော်တို့ လုပ်ရမယ့်ဟာက အာဏာရှင်စနစ် ဆန့်ကျင်ရေး တာဝန်တွေကိုတော့ ဆက်လက်ပြီးတော့ သယ်ဆောင်သွားရမယ့်ဟာ ရှိပါတယ်လို့”

အမျိုးသားရင်ကြားစေ့ရေး၊ ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာရေးနဲ့ ငြိမ်းချမ်းရေး ဦးတည်ချက် ၃ ရပ်နဲ့ ကျင်းပနေတဲ့ အထက်မြန်မာပြည် မန္တလေးရဲ့ ၈ လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုသဘင် အခမ်းအနားကို သြဂုတ်လ ၆ ရက်ကစ ကျင်းပမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၇ ရက်နေ့မှာ လူထု ဒီမိုကရေစီ အရေးတော်ပုံဆိုင်ရာ အနုပညာ တင်ဆက်မှာဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ် တင်းတင်းပြည့်တဲ့နေ့မှာတော့ မန္တလေး လေးပြင်လေးရပ်က ဆရာတော်၊ သံဃာတော်တွေကို အရုဏ်ဆွမ်း ကပ်လှူကြမှာဖြစ်ပြီး သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲနဲ့လည်း အလှူဒါန ပြုကြမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း နိုင်ငံရေးဆွေးနွေးပွဲကို ဆက်ကျင်းပမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၆ရက်နေ့ကနေ သြဂုတ်လ ၈ရက်နေ့အထိ မန္တလေးက စာပေ အနုပညာရှင်တွေရဲ့ လက်ရာဖြစ်တဲ့ လူထု ဒီမိုကရေစီ အရေးတော်ပုံဆိုင်ရာ ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်းတွေကို သမိုင်းဝင် မော်ကွန်းပြခန်းအဖြစ် ပြသမှာ ဖြစ်ပါတယ်။
XS
SM
MD
LG