သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းအပစ်ရပ်နှစ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်း


အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းတပ်ဖွဲ့ ၂ ခုဟာ ပြည်သူတွေရဲ့ တောင်းဆိုချက်အရ တဖွဲ့တည်းအဖြစ် ပူးပေါင်းနိုင်ရေးအတွက် ဆွေးနွေးနေရာမှာ ညှိနှိုင်းဖို့ အချက် တချို့ရှိနေပြီး လောလောဆယ်မှာ လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ရေးကိုသာ အဓိက ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီခေါ် RCSS/SSA တောင်ပိုင်းရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ RCSS/SSA တောင်ပိုင်းတို့ဟာ ၂၀၁၁ ခုနှစ်ကတည်းက နှစ်ဖွဲ့ပူးပေါင်းဖို့ ညှိနှိုင်းတာတွေရှိခဲ့ပေမဲ့ အခုချိန်ထိတော့ မပေါင်းစည်းနိုင်သေးပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းတပ်ဖွဲ့ ၂ ဖွဲ့ပေါင်းစည်းရေးအတွက်ကို ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဌာနချုပ်မှာ ကျင်းပတဲ့ ရှမ်းပြည်တပ်မတော် SSA ရဲ့ ရွှေရတု အခမ်းအနားမှာ ပြည်တွင်း ပြည်ပက ရှမ်းသံဃာတော်တွေနဲ့ လူထုတွေက လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ် SSA တောင်ပိုင်းနဲ့ မြောက်ပိုင်း ပေါင်းစည်းရေးအတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီခေါ် RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ပေါင်းစည်းနိုင်ဖို့အရေးကို ကျနော်တို့ ကြိုးစားနေဆဲကာလပဲ ဖြစ်ပါတယ်။ ကျနော်တို့ မျှော်မှန်းထားတဲ့ လုပ်ငန်းစဉ်အတိုင်း ဘယ်လိုပုံသဏ္ဍန်နဲ့အတူ သွားနိုင်ကြမလဲဆိုတာ ကျနော်တို့ကိုယ်စားလှယ်တော်များနဲ့ တွေ့ဆုံညှိနှိုင်းနေဆဲကာလ ဖြစ်ပါတယ်။”

ညှိနှိုင်းဆောင်ရွက်ရာမှာ နိုင်ငံရေးမူဝါဒအပြင် တပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံနဲ့ စည်းမျဉ်းစည်းကမ်းတွေ ထည့်သွင်း ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဒီလို ညှိနှိုင်းရာမှာ အခက်အခဲတချို့ ရှိနေကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“မဟာမိတ်အဖြစ်နဲ့ ကျနော်တို့ရပ်တည်လာတာ သိပ်မကြာသေးပါဘူး။ အခုကျတော့ ဒီမဟာမိတ်ရေးရာကနေ တဆင့် ကျနော်တို့ဗျူဟာတွေကို တွဲလုပ်နိုင်မယ့် အနေအထားမျိုး၊ မတူတာတွေကို တွဲလုပ်နိုင်တဲ့ အနေအထားမျိုး၊ တက်လှမ်းသွားဖြစ်ဖို့ ကျနော်တို့ကြိုးစားနေတဲ့ အချိန်ကာလမှာတော့ အခက်အခဲတွေတော့ အများကြီးရှိပါတယ်။”

ဒီအခက်အခဲတွေကိုတော့ တဆင့်ခြင်း ကျော်လွှားနိုင်တဲ့ အခြေအနေရှိကြောင်းလည်း ဆက်ပြောပါတယ်။

“သုံးဖွဲ့ပေါင်းစည်းရေးပုံသဏ္ဍန်ကို ကျနော်တို့ ဖော်ဆောင်နိုင်တဲ့ အနေအထားမျိုး ကျနော်တို့က နည်းလမ်းရှာနေတာပါ။ နှစ်ဖွဲ့ဖြစ်ပေမဲ့လည်း အတူတူ ပူးပေါင်းပြီးတော့ ကျနော်တို့ လုပ်ငန်းတွေဆောင်ရွက်နိုင်အောင် ကျနော်တို့ နှစ်ဘက်စလုံးက တာဝန်ရှိတဲ့သူတွေ ကြိုးစားနေဆဲကာလဖြစ်ပါတယ်။ ပြည်သူလူထု လိုလားနေတဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်သွားနိုင်မယ့်အရေးကို ကျနော်တို့ ဦးစားပေး ဆောင်ရွက်နေတဲ့ အချိန်အခါဖြစ်တော့ အခက်အခဲတွေကတော့ တဆင့်ပြီးတဆင့် ကျနော်တို့ ကျော်လွှားလာနေတဲ့ အနေအထားရှိပါတယ်။”

တပ်ဖွဲ့ နှစ်ဖွဲ့ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး SSPP/SSA မြောက်ပိုင်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်ရှိ ပေါင်းစည်းမယ့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းဟာ အရင်က ကွန်မြူနစ်ဝါဒကို လက်ခံတဲ့ ပါတီဖြစ်သလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းကတော့ အမျိုးသားရေးဝါဒကို လက်ကိုင်ထားခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

RCSS/SSA တောင်ပိုင်းဟာ ဘိန်းဘုရင် ခွန်ဆာရဲ့ မော်ထိုင်းတပ်မတော်ခေါ် MTA မှာ ပါဝင်ခဲ့ပြီး၊ MTA လက်နက်ချတော့မှ ခွဲထွက်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ MTA လက်နက်မချမီကာလတွေက ဒီတပ်ဖွဲ့ နှစ်ဖွဲ့အကြား အပြန်အလှန် တိုက်ခိုက်တာတွေလည်း ရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မေလ ၂၁ ရက်နေ့က SSA တောင်ပိုင်းဌာနချုပ် လွိုင်တန်လျန်းမှာ ကျင်းပခဲ့တဲ့ ၅၃ ကြိမ်မြောက် ရှမ်းအမျိုးသားများ တော်လှန်ရေးနေ့ အခမ်းအနားမှာတော့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း RCSS/SSA တောင်ပိုင်းရဲ့ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယောဆတ်က ကြေညာခဲ့ဖူးပါတယ်။ တကယ်တမ်းမှာတော့ တဖွဲ့တည်းအဖြစ် မပူးပေါင်းနိုင်ခဲ့ပေမဲ့ ပေါင်းစည်းရေးကို နှစ်ဘက် တပ်ဖွဲ့တွေအကြား ဆက်လက် ညှိနှိုင်းတာတွေ ရှိခဲ့ပါတယ်။

တပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာတော့ တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT မှာ အဖွဲ့ဝင်ဖြစ်တဲ့ SSPP/SSA မြောက်ပိုင်းဟာ NCCT မူအတိုင်း ဆောင်ရွက်မယ့် အခြေအနေရှိနေပြီး NCCT မှာ မပါဝင်တဲ့ RCSS/SSA တောင်ပိုင်းကတော့ သီးခြားအနေနဲ့ လက်မှတ်ရေးထိုးဖွယ် ရှိနေပါတယ်။ ဒီလအစောပိုင်းက NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဆွေးနွေးပွဲမှာ ရှမ်းတပ်ဖွဲ့ ၂ ဖွဲ့လုံး ပါဝင်တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG