သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် RCSS နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်


NCA လက်မှတ်ရေးထိုးနေတဲ့ RCSS/SSA ရှမ်းတောင်ပိုင်း တပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်။ (အောက်တိုဘာ ၁၅၊ ၂၀၁၅)
NCA လက်မှတ်ရေးထိုးနေတဲ့ RCSS/SSA ရှမ်းတောင်ပိုင်း တပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်။ (အောက်တိုဘာ ၁၅၊ ၂၀၁၅)

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ကြား အပစ်ရပ်စာချုပ် ထိုးပြီးတဲ့နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS/SSA ရှမ်းတောင်ပိုင်း တပ် နဲ့ အစိုးရတပ်တို့ ၂၀၁၅-၂၀၁၆ နှစ်သစ်ကူးချိန်မှာ လူသေဆုံးတဲ့ အထိ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒေသတွင်း နယ်မြေပိုင်နက် တိတိကျကျ မသတ်မှတ်နိုင်သေး သရွေ့ ဒီလိုစစ်ရေးတင်းမာမှုတွေဖြစ်နိုင်သလို ဒီလိုတိုက်ပွဲဖြစ်ရတဲ့ အတွက်လည်း ရှမ်းပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှုပျက်ပြားစေတယ်လို့ ရှမ်းအရေး လှုပ်ရှားသူတွေကပြောပါတယ်။ မကြာမှီရက်ပိုင်းမှာပဲ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ကလည်း ရှိနေတာပါ။ အခြေအနေ အသေးစိတ် မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဟုတ်ပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA-Nationwide Ceasefire Agreement ) လက်မှတ်ထိုးခဲ့တဲ့ ၂၀၁၅အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်း ပထမဆုံးအကြိမ် အပစ်ရပ်လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ RCSS / SSA နဲ့ အစိုးရ တပ် တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒီလိုအစိုးရနဲ့ အပစ်ရပ်ပါမယ် လို့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက RCSS/SSA ရှမ်းတပ်ဖွဲ့ကို ပထမဆုံးအကြိမ် အစိုးရတပ်ဘက်က လာရောက် တိုက်ခိုက်ခဲ့ လို့ RCSS ဘက်က တပ်သားတစ်ဦး သေဆုံးရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ ပါတယ်။

ဒီဇင်ဘာလ ၃၁ရက်နေ့ က ရှမ်းပြည်နယ် မိုင်းပြင်းမြို့နယ် မိုင်းပူလုံဒေသတွင်းက RCSS နဲ့ မြန်မာအစိုးရတပ် ခလရ ၂၇၈ တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အခြေအနေကို ရှမ်းသံတော်ဆင့် အယ်ဒီတာချုပ် စိုင်းယိင်းဖုန်းမင်း က အခုလိုပြောပြပါတယ်။

“ ၃၁ရက်နေ့ မွန်းလွဲ တစ်နာရီကနေပြီးတော့ တစ်နာရီ လေးဆယ်လောက်အထိ ဒီ မိုင်းပူလုံရွာနားမှာ RCSS နေတဲ့ တပ်စခန်း တခုရှိပါတယ်ခင်ဗျ။ အဲ့တာကို အစိုးရတပ် ခလရ ၂၇၈ ခြေလျင်တပ်ရင်း စစ်ကြောင်းတစ်ခုက မိုင်းပူလုံနားမှာ ရှိတဲ့ RCSS နေထိုင်တဲ့ နေရာပေါ့နော်။ အစိုးရတပ်က လာရောက်တိုက်ခိုက်လို့ မိနစ်လေးဆယ်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်ဘက် တိုက်ခိုက်မှုပေါ့။ အဲ့ဒီ့တိုက်ခိုက်မှုကြောင့် RCSS ဘက်က ရဲဘော်တစ်ယောက် ကျဆုံးတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ အစိုးရတပ် ဘက်က သေကြေ ဒဏ်ရာရ သူ လေးယောက်ထက် မနည်း ရှိတယ်တဲ့။

အစိုးရတပ်ဘက်က RCSS ဘက်က နေရာအသစ် လာချလို့ တိုက်ပွဲဖြစ်ရတယ် လို့ ပြောတယ်ခင်ဗျ။ အဲ့ဒီ့အစိုးရတပ်ဘက်ကပေါ့နော်။ ဒါပေမဲ့ ရွာခံတွေ ကိုမေးကြည့်တော့ နဂိုကတည်းက ခွန်ဆာခေတ်ကတည်းက RCSS ရှမ်းလက်နက်ကိုင် အုပ်စုက အဲ့ဒီ့ရွာနားမှာ ရှိနေတယ်လို့ ကြားသိရပါတယ်ခင်ဗျ။”

တိုင်းရင်းသားဒေသတွေမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိကျတဲ့ နယ်မြေပိုင်နက် သတ်မှတ်ချက် မရှိသေးသရွေ့ ဒီလို တိုက်ပွဲတွေဖြစ်နေ ဦးမှာပဲလို့လည်း ရှမ်းသံတော်ဆင့် အယ်ဒီတာချုပ်က ပြောပါတယ်။

“တကယ်တမ်းပေါ့နော်။ ဒီနေရာချထားရေး မလုပ်နိုင်သရွေ့တော့ တိုက်ပွဲတွေ ကတော့ ဖြစ်နေဦးမှာပဲ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်တဲ့တိုက်ပွဲတိုင်းက ကျနော်တို့ လေ့လာကြည့် တာတော့ RCSS ကလည်း သူတို့နေတဲ့နေရာ၊ သူတို့ လှုပ်ရှားသွားလာတဲ့ နယ်မြေလို့ အမြဲပြောပါတယ်ခင်ဗျ။ ဒါပေမဲ့ အစိုးရတပ်ဘက်ကို ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင်လည်း သူတို့ကလည်း ဒီ RCSS က ခွင့်မတောင်းပဲနဲ့ လက်နက်ကိုင်ပြီး သွားလာတယ် ဆိုပြီးတော့မှ အစိုးရတပ်ဘက်ကလည်း အင်အားသုံး တိုက်ခိုက်တာတွေ အမြဲတမ်း ကြုံလေ့ကြုံထ ရှိပါတယ်ခင်ဗျ။

အပစ်ရပ်စာချုပ်ထိုးပြီးကာမှ အခုလို မြန်မာစစ်တပ်ဘက်က RCSS/SSA တောင်ပိုင်း တပ်ကို လာရောက်တိုက်ခိုက်တဲ့အပေါ် ရှမ်းလူထုရဲ့ ယုံကြည်မှုပျက်ပြားခဲ့ရသလို တချို့ ပြည်သူတွေကြား စိုးရိမ်စိတ်တွေနဲ့ သံသယစိတ်တွေကိုလည်း ပိုခိုင်မာစေ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် က ရှမ်းလူငယ် စိုင်းဆိုင်လင်းက သုံးသပ်ပါတယ်။

“ ကျနော်တို့ ငြိမ်းချမ်းရေးလို့ ပြောလိုက်ရင် ယုံကြည်မှုက အရမ်းအရေးကြီးပါတယ်။ နဂိုကတည်းက ကျနော်တို့မှာ ရှိနေတဲ့ ယုံကြည်မှုတွေ ပျက်ပြား သွားနိုင် တယ်။ နှစ်ဘက်စလုံး ကို ကျနော်တို့ မေတ္တာရပ်ခံချင်တာကတော့ ကျနော်တို့ အခုသွားနေတဲ့ NCA မဟုတ်ပဲ အားလုံးပါဝင် ပူးပေါင်းတဲ့ NCA ကို ကျနော်တို့ သွားစေချင်ပါတယ်။ နောက်ပြီးတော့ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်တခုနဲ့ တပ် ချဲ့နေတာမျိုးတွေ ကျနော်တို့ မဖြစ်စေချင်ပါဘူး။ ကျနော်တို့ ရှမ်းပြည်နယ်မှာ ရှိနေတဲ့သူတွေမှ မဟုတ်ပါဘူး။ မြန်မာတနိုင်ငံလုံးမှာ ရှိနေတဲ့ ပြည်သူအားလုံးက ငြိမ်းချမ်းရေးကို တောင်းတနေပါပြီ။”

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ကိုလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ထဲမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်က အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်ပါတယ်။

အခုလို အပစ်ရပ်အဖွဲ့ RCSS နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့အတွက်ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေး အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာကိုလည်း ရှမ်းပြည်နယ်အရေး လေ့လာသူ စိုင်းယင်းဖုန်းမင်းက အခုလိုသုံးသပ်ပါတယ်။

“ ဒီ RCSS က အစိုးရနဲ့ အနီးစပ်ဆုံး တပ်ဖွဲ့ဖြစ်နေတာတောင်မှ လာရောက် တိုက်ခိုက်တယ်ဆိုတော့ ရှင်းရှင်းပြောလို့ရှိရင် ဒီတိုက်ခိုက်မှုက ယုံကြည်မှု အားနည်းစေတာပေါ့။ ငြိမ်းချမ်းရေးလက်မှတ်ထိုးထားပေမဲ့ အစိုးရတပ်ဘက်က သူတိုက်ချင်တဲ့တပ်ဖွဲ့ကို လာရောက်တိုက်ခိုက်တယ်ဆိုတဲ့ဟာက ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှုက လူထုရော RCSS ကိုယ်တိုင်ကလည်း တဖက်ကလည်း သေနတ်ကိုင် ထားတယ် ယုံကြည်မှု စိတ်ချမှုကလည်း မရှိတော့ အသင့်ပြင်တဲ့အနေအထားမှာ ရှိနေရတာပေါ့ခင်ဗျ။”

ရှမ်းပြည်နယ်တွင်း အပစ်ရပ်မထိုးထားသေးတဲ့ SSPP/SSA မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး နယ်မြေတွင်း စစ်ရေးတင်းမာနေသလို TNLA တအောင်းပလောင်လွတ်မြောက်ရေးတပ်နဲ့လည်း အစိုးရတပ်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် နယ်မြေပိုင်နက်အရေးနဲ့ ပတ်သက်ပြီးလည်း TNLA ကို RCSS ရှမ်းပြည်တောင်ပိုင်းတပ်ဘက်က အစိုးရတပ်နဲ့ ပူးပေါင်းတိုက်စစ်ဆင်ခဲ့တယ်လို့လည်း TNLA က စွပ်စွဲထားပြီး RCSS က ငြင်းချက်ထုတ်ထားပါတယ်။

ဒီလိုနယ်မြေတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေကြား စစ်ရေး တင်းမာမှုဖြစ်ပွားနေတဲ့ အပေါ် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရက်ကောင်စီကလည်း ဝင်ရောက်ဖြေရှင်းပေးနေချိန်လည်းဖြစ်ပါတယ်။

အခုလို RCSS နဲ့ဖြစ်ခဲ့တဲ့ တိုက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနေသလဲဆိုတာကို မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

တချိန်တည်းမှာပဲ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၈)ဖွဲ့၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်တွေ ပါ တက်ရောက်ကြမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကလည်း လာမယ့် ဇန်နဝါရီလ ၁၂ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ အပစ်မရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ် ထားတဲ့ ဒီငြိမ်းချမ်းရေးညီလာခံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအပါအဝင် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရေးတွေကိုပါ ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပမယ့်အရေး သမ္မတက ထုတ်ပြန်ကြေညာထားပါတယ်။

XS
SM
MD
LG