သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း ပဋိပက္ခညှိနှိုင်းရေး UNFC ကိုယ်စားလှယ်အဖွဲ့ ဖွဲ့


RCSS/SSA တပ်ဖွဲ့ဝင်များ။ (Photo -RCSS - SSA News & Information Department)
RCSS/SSA တပ်ဖွဲ့ဝင်များ။ (Photo -RCSS - SSA News & Information Department)

ရှမ်းတောင်ပိုင်းတပ်နဲ့ တအောင်းပလောင် တပ်တို့ကြား စစ်ရေး ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက်ပိုင်းဘက်မှာ အခုရက်ပိုင်း နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေ ခေတ္တရပ်တန့်သွားပေမဲ့လို့ စစ်ရေး တင်းမာနေဆဲဖြစ်ပါတယ်။ ထိပ်တိုက်ဖြစ်နေတဲ့ စစ်ရေးပြဿနာတွေကို ပြေလည်အောင် တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေစုဖွဲ့ထားတဲ့ UNFC ဘက်က ဝင်ရောက် ညှိနှိုင်းဖြေရှင်းပေး နေကြပါတယ်။ ဒေသတွင်းမတည်ငြိမ်တဲ့ အနေအထားကြောင့် ထောင်ချီတဲ့ ရှမ်းစစ်ပြေး ဒုက္ခသည်တွေ နေရပ်ရင်းမပြန်ရဲသေးတဲ့ အနေအထားဖြစ်နေဆဲပါ။ အခြေအနေ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းတောင်ပိုင်းတပ်နဲ့ ပလောင် လွတ်မြောက်ရေးတပ်ဦး PSLF လက်အောက်ခံ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့အကြား တိုက်ပွဲတွေက ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကတည်းက စခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နမ့်ခမ်း မြို့နယ်နဲ့ နမ့်ဆန်၊ မိုင်တုံ၊ ကွတ်ခိုင် စတဲ့ ဒေသတွေမှာ နှစ်ဘက်တပ်တို့အကြား တိုက်ပွဲတွေက အတော်လေးကို ပြင်းပြင်းထန်ထန်ဖြစ် ပွားလာလို့ ထောင်ချီတဲ့ ရှမ်း၊ ပလောင်ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာတွေဆီ ထွက်ပြေးခဲ့ရပါတယ်။

စစ်ရေးက အတော်လေးကို တင်းမာလာတဲ့အနေအထားဖြစ်လို့ လွှတ်တော်သစ် စချိန်မှာပဲ ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က ရှမ်းပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အရေးတကြီးအဆို တင်သွင်းဆွေးနွေးခဲ့ကြသလို ဗုဒဟူးနေ့မှာ တိုက်ပွဲတွေရပ်ဆိုင်းပေးဖို့အဆိုကို အတည်ပြုလိုက်ပါတယ်။ ကျားခေါင်း ကျားဖြူလို ရှမ်းပါတီကြီးတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ဘက်ကလည်း ဒီစစ်ရေးကို ပြေလည်အောင်ဖြေရှင်းကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြီး တိုက်တွန်းခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားထဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကလည်း အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ပွဲတွေဖြစ်နေတဲ့အရေးကို ပြေလည်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို အဓိကထား ဆွေးနွေးနေကြပါတယ်။ ဒီကနေ့မှာတော့ RCSS နဲ့ TNLA တို့ အကြား ပြဿဿနာ တွေကို ပြေလည်အောင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးUNFC ဒုဥက္ကဋ္ဌ ဦးနိုင်ဟံသာ နဲ့ KIA က ဗိုလ်ချူပ် ဂွမ်မော် ပါ ပါဝင်တဲ့ အဖွဲ့ဝင် ၅ ဦး ပါတဲ့ ကော်မတီ တရပ်ကိုလည်း ဒီကနေ့ ဖွဲ့စည်းခဲ့ပါတယ်။

အခုလို စစ်ရေးပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ လွှတ်တော် အပါအဝင် ဘက်ပေါင်းစုံက ဝိုင်းဝန်းကြိုးပမ်းနေကြချိန်မှာပဲ အခုရက်ပိုင်းမှာတော့ တိုက်ပွဲတွေက ခေတ္တရပ်တန့်သွားခဲ့ပါတယ်။ အခုလက်ရှိ နှစ်ဘက်တပ်ကြား စစ်ရေးအခြေအနေကို TNLA ပြောခွင့်ရ မိုင်အိုက်ကျောက်ကပြောပါတယ်။

” နှစ်ဖက်တိုက်ပွဲကတော့ ဒီနေ့ သတင်းကြားတာတော့ မရှိဘူး။ ဒီတစ်ရက် နှစ်ရက် အတွင်းကတော့ နည်းနည်းတော့ ငြိမ်တယ်။ တစ်ဖက်နဲ့ တစ်ဖက် လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာလောက်ပဲ ရှိတယ်။ ဒီနှစ်ဖက်တပ်ကတော့ မူလရှိတဲ့အတိုင်းပဲ စောင့်ဆိုင်းနေတဲ့ အနေအထားပဲ ရှိတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာတဲ့ အနေအထားပဲရှိသေးတယ်။”

တိုက်ပွဲတွေ ရပ်သွားပေမဲ့လို့ အခုလက်ရှိအခြေအနေ မှာတော့ နှစ်ဘက်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေ ဖြစ်လို့ နှစ်ဘက်တပ်ခေါင်းဆောင်တွေ တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံပြီး ပြေလည် လည်အောင် ညှိနှိုင်းဆွေးနွေးကြပါလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က တိုက်တွန်းလိုက်ပါတယ်။

“ဒီကိစ္စကို အတော်လေး အစောကြီးပိုင်းကတည်းက စဉ်းစားပါတယ်။ စဉ်းစားပြီး ကျွန်တော်တို့ လုပ်နိုင်တာကတော့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းနှစ်ခုပေါ့နော်။ တွေ့ဆုံနိုင်ဖို့က ကျွန်တော်တို့အတွက် အများဆုံး စွမ်းဆောင်နိုင်တဲ့ အခြေအနေပဲဖြစ်တယ်။ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးတာပဲ အကောင်းဆုံးပဲ။ ကြာလူတွေလဲ ထားရင်ထားပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စက ကျွန်တော်တို့ ဝင်ဆောင်ရွက်လို့ မရဘူးလေ။ မရဘူး ဆိုတာက မြေပြင်အခြေအနေကို ကျွန်တော်တို့က မသိဘူး။ ကာယကံရှင် အဖွဲ့တွေပဲ သိပါတယ်။ ဒါကြောင့် သူတို့ ကိုယ်တိုင် ဆွေးနွေးတာ အကောင်းဆုံးပဲလို့ ထင်တယ်။”

အခုလို ရှမ်းတောင်ပိုင်းတပ်နဲ့ တအောင်းတပ်တို့ကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ အပြစ်မဲ့ပြည်သူတွေပါ။ စစ်ဘေးဒဏ် သင့်နေရတဲ့ အပေါ် နိုင်ငံရေးအရ နှစ်ဘက်တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာဖို့ ကိုလည်း ဒုက္ခသည်တွေကို ကိုယ်တိုင်သွား ကူညီစောင့်ရှောက်ပေးနေတဲ့ ရှမ်းလူငယ် ကွန်ရက်ဘက်ကလည်း မေတ္တာရပ်ခံထားပါတယ်။ တိုက်ပွဲတွေကြောင့် အသက်ဘေးကလွတ်အောင် ထောင်ချီပြီး ထွက်ပြေးနေရတဲ့ ရှမ်းစစ်ပြေး ဒုက္ခသည်တွေ နေရပ်ရင်း လုံခြုံစိတ်ချစွာ အိမ်ပြန်နိုင်ရေးနဲ့ ရှမ်းပြည်နယ်တွင်းမှာ တိုင်းရင်းသား အချင်းချင်း လူမျိုးရေးအသွင်ဆောင် ပဋိပက္ခတွေဖြစ်လာမှာကို မလိုလားဘူးလို့ ရှမ်းလူငယ် ကွန်ရက်က စိုင်းနော်စိုင်းကလည်း ပြောပါတယ်။

”ကျွန်တော်တို့ မဖြစ်စေချင်တဲ့ အရာက လူမျိုးရေး ပဋိပက္ခလိုမျိုး မဖြစ်စေ ချင်ဘူး။ ဖြစ်သွားမှာလည်း ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်။ ခုက လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ ကိစ္စမှာ လူမှုကွန်ယက်တွေကအစ၊ သတင်းမီဒီယာတွေကအစ လူမျိုးရေး ဆန်ဆန် ပုံစံမျိုး ထွက်လာတော့ ကျွန်တော်တို့လဲ အရမ်းစိုးရိမ်တယ်။ ရှမ်းလူငယ် ကွန်ယက်အနေနဲ့ကတော့ လူမျိုးရေး ပဋိပက္ခ ဆန်ဆန် မဖြစ်စေချင်ဘူး။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်ပေါ့။”

အခု လတ်တလောမှာတော့ ထောင်ချီထွက်ပြေးလာနေတဲ့ စစ်ရှောင် ဒုက္ခသည်တွေအတွက် ရှမ်းပြည်နယ် ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဖွင့်လှစ်ထားပြီး ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလူမှု ကူညီရေး အဖွဲ့အစည်းတွေနဲ့ ဒေသခံရပ်မိရပ်ဖတွေက ဝိုင်းဝန်း ကူညီစောင့်ရှောက် ပေးနေကြပါတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား စစ်ဘေးဒဏ် ကို နှစ်ချီခါးစီးခံခဲ့ကြရပြီး ဒေသခံပြည်သူတွေမှာ အခုလည်း ထပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေပါ ထပ်ဖြစ်တော့ ဒေသခံပြည်သူတွေမှာ စစ်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ သိပ် ကြီးမားနေပြီဖြစ်လို့ ဒေသတွင်းတည်ငြိမ်ရေး ပြေလည်အောင် ညှိနှိုင်းကြပါလို့ လည်း ရှမ်းပြည်သူတွေနဲ့ ဒေသခံရှမ်းလူငယ်တွေက တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG