သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုဘဲလ်ဆုရှင် ကွယ်လွန်ခြင်းအပေါ် ဒေါ်စု ရပ်တည်ချက်ကို သုံးသပ်


နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တရုတ်အစိုးရ အတိုက်အခံ လူရှောင်ဘို အောက်ေ့မဖွယ်အမှတ်တရလွမ်းသူ့ပန်းစည်းများ အမှတ်တရ ပန်းခွေချနေကြစဉ်။
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တရုတ်အစိုးရ အတိုက်အခံ လူရှောင်ဘို အောက်ေ့မဖွယ်အမှတ်တရလွမ်းသူ့ပန်းစည်းများ အမှတ်တရ ပန်းခွေချနေကြစဉ်။

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တရုတ်အစိုးရ အတိုက်အခံ လူရှောင်ဘို ကွယ်လွန်သွားတဲ့ အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝမ်းနည်းစကားပြောကြပေမဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တယောက် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြေလည်ဖို့ ကြိုးစားနေတဲ့ အခုလို အချိန်မျိုးမှာ မြန်မာနိုင်ငံအနေနဲ့ မှတ်ချက်တစုံတရာ ပေးနိုင်ဖွယ် မရှိဘူးလို့ မြန်မာ့အရေး အကဲခတ်တချို့က ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

တရုတ်အစိုးရ အတိုက်အခံ တဦးဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လူရှောင်ဘို ကွယ်လွန်သွားတဲ့အတွက် အလွန်ပဲ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမား အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ထုတ်ဖော် ပြောဆိုနေကြတာပါ။ ဒါပေမဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တော့ လူရှောင်ဘို ကွယ်လွန်သွားတဲ့အပေါ်မှာ တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

တရုတ်အစိုးရနဲ့ ဆက်ဆံရေး ပြေလည်ဖို့ ကြိုးစားနေရတဲ့ ခုလို အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်အစိုးရ အတိုက်အခံတယောက် ကွယ်လွန်တဲ့ ကိစ္စကို ပြောဖို့ဆိုတာ သိပ်တော့မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး အကဲခတ်တဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇော်က ပြောပါတယ်။

"Liu Xiaobo နဲ့ပတ်သက်လို့ ကျမတို့ မြန်မာပြည်က ဘာမှ မပြောတာကတော့ သိပ်ထူးခြားစရာ မဖြစ်ဘူးထင်တယ် ဘာဖြစ်လို့လဲဆိုတော့ အခုကာလက တရုတ်ပြည်နဲ့လည်း ဆက်ဆံရေးကောင်းနေတဲ့ကာလဖြစ်တာကိုးနော်။ အဲ့တော့ တရုတ်ပြည်သိပ်ပြီးတော့ မကြိုက်မယ့်ကိစ္စတွေကို မပြောနိုင်တာလည်း ပါမှာပေါ့။ နောက်ပြီးတော့ Liu Xiaobo ဆိုတာက တရုတ်ပြည်မှာက လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေမှာသာ နာမည်ကြီးတာ တရုတ်ပြည်မှာတော့ သိပ်နာမည်ကြီးတာ မဟုတ်ပါဘူး။ နောက် တရုတ်ပြည်ကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် သူ့နိုင်ငံကိုလည်း အပြောမခံဘူး။ သူများနိုင်ငံကိုပြောလည်း သဘောမတူဘူး။ သူက အနောက်တိုင်းက ပြောနေတဲ့ Liberal Democracy ကပြောနေတဲ့ လူ့အခွင့်အရေး ဆိုတာက စံချိန်စံညွှန်းနှစ်ရပ်နဲ့ပြောတာဖြစ်တယ်ဆိုပြီး သူက လက်မခံတာဖြစ်တယ်။"

တရုတ်အတိုက်အခံ လူရှောင်ဘိုဟာ တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် Tiananmen ဒီမိုကရေစီ အရေးတော်ပုံ အတွင်း တက်ကြွလှုပ်ရှားစွာ ပါဝင်ခဲ့သလို၊ တရုတ်နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေး အတွက် တစိုက်မတ်မတ် စည်းရုံးလှုပ်ရှားခဲ့တဲ့အတွက် အကြိမ်ကြိမ် အဖမ်းခံခဲ့ရသလို၊ ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရတာပါ။ အကျဉ်းထောင်ထဲမှာ ၈ နှစ်ကြာ နေခဲ့ရပြီးတဲ့နောက် အသည်းကင်ဆာ နောက်ဆုံးအဆင့် ခံစားခဲ့ရပြီး ကြာသပတေးနေ့က လူရှောင်ဘို ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သူ ကွယ်လွန်သွားတာဟာ အာရှ နဲ့ နိုင်ငံတကာ က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက်တော့ ဆုံးရှုံးမှုကြီးတရပ်ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါ်ခင်ဥမ္မာ က ပြောပါတယ်။

" တရုတ်နိုင်ငံက ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒီမိုကရေစီလှုပ်ရှားတက်ကြွသူ ပရော်ဖက်ဆာLiu Xiaobo အခုလို ဆုံးပါးသွားတာဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်။ အထူးသဖြင့် ကျမတို့ ဒီမိုကရေစီရေး လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက်က အင်မတန်မှ ကြီးမားတဲ့ဆုံးရှုံးမှုလည်းဖြစ်တယ်။ တရုတ်နိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားကြတဲ့အခါမှာ အထူးသဖြင့် ၈၉ခုနှစ် Tiananmen ကျောင်းသားလှုပ်ရှားမှု ကစပြီးတော့မှ တောက်လျောက် တရုတ်အာဏာပိုင်တွေရဲ့ တပါတီအာဏာရှင်စနစ်ကို ကြိုးစားပြီးတော့မှ ဒီမိုကရေစီစနစ်ကို ပြောင်းဖို့ လုပ်လာတဲ့သူ တယောက်အနေနဲ့ သူ့ရဲ့ပေးဆပ်မှုတွေက အများကြီးပဲ ကျမတို့ ကမ္ဘာတဝှမ်းက ဒီမိုကရေစီရေးမြတ်နိုးသူ ယုံကြည်သူ တက်ကြွလှုပ်ရှားသူတွေအားလုံးရဲ့ စံနမူနာ တယောက်လည်းဖြစ်တယ်ပေါ့နော်။ အခုအချိန်မှာ သူ့ကိုဆုံးရှုံးရတာဟာ အာရှဒီမိုကရေစီရေး လှုပ်ရှားမှုတခုလုံးအတွက် အင်မတန်ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုဖြစ် တယ်လို့လည်း ကျမပြောချင်ပါတယ်ရှင် "

အခုချိန်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ လူရှောင်ဘိုရဲ့ ဇနီးဖြစ်သူ လွတ်မြောက်ရေးအတွက် လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ တရုတ်အစိုးရကို ဝိုင်းဝန်းဖိအားပေးနေတဲ့ အကြောင်း လည်း ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

" သူဆုံးပါးသွားတဲ့အချိန်မှာ ၂၀၁၀ကတည်းကပေါ့ သူ့ရဲ့အမျိုးသမီးကိုလည်း တရုတ်အာဏာပိုင်တွေက နေအိမ်အကျယ်ချုပ်ချထားကြတယ်။ ဆိုတော့ အခုသူအခုလို ဆုံးပါးသွားချိန်မှာ ကျမတို့ဒီလူ့အခွင့်အရေးလှုပ်ရှားသူတွေ Amnesty International က ဦးဆောင်ပြီးတော့လည်း သူ့ကို နေအိမ်အကျယ်ချုပ်ကနေပြီးတော့မှ လွှတ်ပေးဖို့အတွက် တရုတ်အစိုးရကို တောင်းဆိုတဲ့လက်မှတ်တွေလည်း ထိုးနေကြတယ်ရှင့်။ သူ့ကိုလည်း အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်ရှင့် ကျမတို့က။"

အသက် ၆၂ နှစ်အရွယ်၊ တရုတ်နိုင်ငံရေးအတိုက်အခံလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Lui Xiaobo နောက်ဆုံး အဆင့် အသည်းကင်ဆာရောဂါ ခံစားနေရချိန်မှာ သူ့ကို ပြည်ပမှာ ဆေးဝါးကုသခွင်ပြုဖို့ နိုင်ငံတကာ က ဝိုင်းဝန်း တောင်းဆိုခဲ့ကြပေမဲ့ တရုတ်အစိုးရက ခွင့်မပြုခဲ့ပါဘူး။

သူ ကွယ်လွန်မှုအတွက် တရုတ်အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပြီး အနောက်နိုင်ငံတွေက အပြင်းအထန် ပြစ်တင် ဝေဖန်နေကြတာပါ။လူရှောင်ဘိုရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကြောင့် ၂၀၁၀ ခုနှစ်မှာ နိုဘဲလ်ဆု ချီးမြင့်ခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG