သုံးရလွယ်ကူစေသည့် Link များ

အသက် ၆၂ နှစ်အရွယ်၊တရုတ်နိုင်ငံရေးအတိုက်အခံလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ ကွယ်လွန်သွားပါပြီ။

တရုတ်ဆေးတက္ကသိုလ်ရဲ့ The First ဆေးရုံကနေ အသက် ၆၂ နှစ်အရွယ် Lui Xiaobo ဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ကြောင်းအတည်ပြုလိုက်ပါတယ်။ သူ့မှာ အသည်းရောဂါဖြစ်ပွားနေတယ်ဆိုတာကို မေလက စစ်ဆေးသိရှိခဲ့ရပြီးနောက် ဇွန်လမှာ လူသိရှင်ကြားကြေညာခဲ့ပါတယ်။

Liu Xiaoboဟာ တရုတ်နိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးနဲ့ လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် စည်းရုံးလှုပ်ရှားခဲ့သူအဖြစ် ထင်ပေါ်ကျော်ကြားပေမဲ့၊ တရုတ်အစိုးရအတွက်တော့ ကသိကအောက်ဖြစ်စေခဲ့ပါတယ်။

Liu Xiaobo အနေနဲ့ တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ နှောက်ယှက်မှုနဲ့ စောင့်ကြည့်ထောက်လှမ်းတာတွေကို ထပ်ခါတလဲလဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာLiu Xiaobo ကို နိုဘဲလ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခဲ့ပါတယ်။ တရုတ်နိုင်ငံထဲမှာနေထိုင်တဲ့ တရုတ်နိုင်ငံသားတယောက်အနေနဲ့ ပထမဆုံး နိုဘဲလ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရတာဖြစ်သလို၊ အထိန်းသိမ်းခံနေစဉ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရရှိသူ ၃ ဦးအနက် တဦးလည်းဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက ၁၉၃၅ ခုနှစ်နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Carl von Ossiestzky နဲ့ မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးဟာလည်း အထိန်းသိမ်းခံနေရစဉ် နိုဘဲလ်ဆုရရှိခဲ့တာဖြစ်ပါတယ်။

Liu Xiaobo ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ၊ Changchun ပြည်နယ်၊ Jilin မြို့မှာ ပညာတတ်မိသားစုကနေ မွေးဖွားခဲ့တာပါ။ Lui Xiaobo ဟာ ခေတ်သစ်တရုတ်ပြည်ရဲ့ ကြမ်းတမ်းတဲ့ခရီးကို ဖြတ်သန်းခဲ့ရပါတယ်။

၁၉၈၉ ခုနှစ် တရုတ် Tiananmen ဒီမိုကရေစီအရေးတော်ပုံ၊ လှုပ်ရှားမှုစတင်ချိန်မှာ၊Liu Xiaobo က New York မြို့ရှိ Columbia တက္ကသိုလ်မှာ ပညာသင်ယူနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ သူပြည်တော်ပြန်တဲ့အချိန်မှာ ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေက ကျောင်းသားတွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဖြိုခွဲခဲ့ရာမှာ၊ ရာနဲ့ချီသေဆုံးခဲ့ရပါတယ်။ သွေးထွက်သံယိုမှုတွေ ရှောင်ရှားနိုင်ဖို့အတွက် Liu Xiaobo နဲ့ တခြားလှုပ်ရှားသူကျောင်းသာတွေက လုံခြုံရေးတပ်ဖွဲ့တွေနဲံ ညှိနှိုင်းပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြကျောင်းသားတွေကို ဘေးကင်းစွာခေါ်ထုတ်နိုင်ခဲ့ပါတယ်။

Tiananmen အရေးတော်ပုံအပြီး၊Liu Xiaobo ကို Tiananmen လှုပ်ရှားမှုကို နောက်ကွယ်ကြိုးကိုင်တဲ့လက်မည်းကြီးလို့ စွပ်စွဲပြီး၊ ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို ရာဇဝတ်ပြစ်မှုတွေကနေ ကင်းလွတ်ခွင့်ပေး၊ နိုင်ငံရပ်ခြားခရီးသွားခွင့်တွေပေးခဲ့ပေမဲ့၊ သူ့ရဲ့ တက္ကသိုလ်မှာစာသင်ပေးတဲ့ရာထူးကိုတော့ စွန့်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် နေအိမ်အကျယ်ချုပ်နဲ့လည်း မကြာခဏ အထိန်းသိမ်းခံခဲ့ရပါတယ်။ သြစတြေးလျနိုင်ငံကနေ နိုင်ငံရေးခိုလှုံခွင့် ကမ်းလှမ်းခဲ့ပေမဲ့ သူလက်မခံခဲ့ပါဘူး။

Tiannamem အရေးတော်ပုံနောက်ပိုင်း၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအတွက် ဆက်လက်ပညာပေးလှုပ်ရှားခဲ့တာကြောင့် Liu Xiaobo သုံးကြိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း၊ သူဝါသနာပါတဲ့ စာရေးဆရာလုပ်ရင်း၊ ဘဝတူစာရေးသူတွေနဲ့ သတင်းသမားတွေ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုနိုင်ရေး၊ အထောက်အကူဖြစ်အောင်၊ ICPC ခေါ် လွတ်လက်တဲ့ တရုတ်ကလောင်ရှင်များအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ Liu Xiaobo ကို ICPC အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် သုံးကြိမ်တိုင် ရွေးချယ်ခဲ့ကြပါတယ်။

၂၀၀၈ ခုနှစ်မှာ Liu Xiaobo ဟာ Charter 08 လို့ခေါ်တဲ့ လွတ်မြောက်ရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲ ကြေညာချက်မူကြမ်းကို ကူညီရေးသားပြုစုခဲ့ပါတယ်။ ဒီကြောညာချက်မူကြမ်းကို နိုင်ငံတကာလူ့အခွင့်အရေးနေ့လည်းဖြစ်၊ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၆၀ ပြည့်တဲ့နေ့လည်းဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ဖို့ စီစဉ်ခဲ့ကြပါတယ်။ အဲဒီအကြိုနေ့မှာ Lui Xiaobo ကို နိုင်ငံတော်အချုပ်အခြအာဏာပုန်ကန်မှုကိုအားပေးအားမြှောက်ပြုမှုနဲ့ ဖမ်းဆီးတရားစွဲဆိုပြီး၊ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ပါတယ်။

၂၀၁၁ ပြည့်နှစ်အောက်တိုဘာလမှာ Liu Xiaobo ကို ငြိမ်းချမ်းရေးနိုဘဲလ်ဆုချီးမြှင့်ခဲ့ပါတယ်။ နိုဘဲလ်ဆုချီးမြှင့်ပွဲအခမ်းအနားကို Liu Xiaobo တက်ရောက်ခွင့်မရရှိခဲ့တဲ့အတွက် နော်ဝေးနိုင်ငံ နိုဘဲလ်ဆုချီြးှမင့်ရေးကော်မတီက သူ့ကို ဂုဏ်ပြုပြီး ထိုင်ခုံလွတ်တလုံးကို ဆုယူတဲ့စင်ပေါ်မှာ ထားရှိပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့၊Liu Xiaobo ကို နိုင်ငံရေးမိန့်ခွန်းတွေ၊ ငြိမ်းချမ်းစွာထုတ်ဖေါ်ပြောဆိုလို့၊ အရေးယူတယ်ဆိုတာဟာ နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့၊ လူ့အခွင့်အရေးစံနှုန်းတွေကို ချိုးဖေါက်တာဖြစ်တယ်လို့ အပြစ်တင်ရှုတ်ချခဲ့ပါတယ်။

EU ဥရောပသမ္မဂ္ဂ၊ ဂျာမနီ၊ ပြင်သစ်နဲ့ တခြားနိုင်ငံတွေကလည်း အလားတူ စိုးရိမ်မကင်းဖြစ်ရတယ်လို့ဆိုကြပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့အစည်းအတော်များများအပါအဝင်၊ တောင်အာဖရိကသမ္မတဟောင်း ကွယ်လွန်သူ Nelson Mandela နဲ့ နိုဘဲလ်ငြိမ်းရေးဆုရှင် ၁၅ ဦးကလည်း Liu Xiaobo ကို လွှတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်၊ ပြည်ပရောက် တိဗက်ဘုန်းတော်ကြီး Dalai Lama ကတော့ လွတ်လပ်စွာထုတ်ဖေါ်ပြောခွင့်ကို အကောင်အထည်ဖေါ်ခဲ့ရုံနဲ့ လူတယောက်ကိုထောင်ချတာဟာ၊ နိုင်ငံတကာလူ့အခွင့်အရေးသဘောတူစာချုပ်ရဲ့ အခြေခံမူတွေနဲ့ ဆန့်ကျင်နေတာဘဲလို့ ၂၀၀၉ ခုနှစ်က သုံးသပ်ဖူးပါတယ်။

အကျဉ်းကျနေတဲ့Liu Xiaobo ဟာ ကျန်းမာရေးအခြေအနေယိုယွင်းလာပြီး၊ မကွယ်လွန်ခင် သီတင်းပတ်အနည်းငယ်အလိုကျမှသာ ဆေးရုံကိုပြောင်းရွှေ့ပေးခဲ့တာဖြစ်ပါတယ်။ သူ့မိသားစုကLiu Xiaobo ကို အမေရိကန်ပြည်ထောင်စု သို့မဟုတ် ဂျာမနီနိုင်ငံမှာ ဆေးဝါးကုသနိုင်ရေး ခရီးသွားခွင့်ပြုဖို့ တရုတ်အာဏာကိုင်တွေကို တိုက်တွန်းတောင်းဆိုခဲ့ပေမဲ့၊ သူတို့ရဲ့ ပန်ကြားချက်ကို လက်မခံခဲ့ပါဘူး။

အသက် ၆၂ နှစ်အရွယ် တရုတ်ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် Liu Xiaobo ဟာ ဇူလိုင်လ ၁၃ ရက်၊ ကြာသပတေးနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

XS
SM
MD
LG