သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူရှောင်ဘို ကျန်းမာရေး ပိုဆိုးလာနေ


တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo
တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo

တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ရဲ့ ကျန်းမာရေးအခြေအနေဟာ သိသိသာသာ ဆိုးလာနေတယ်လို့ သူ့ရဲ့ အသည်းကင်ဆာရောဂါကို ကုသပေးနေတဲ့ တရုတ်နိုင်ငံ၊ ရှန်ယန်းမြို့ ဆေးရုံကပြောပါတယ်။

Liu ရဲ့ ခြေသလုံးကြွက်သားတခုမှာ သွေးခဲတခုရှိနေတယ်လို့ သူတို့သံသယရှိပြီး သူ့ရဲ့ အသည်း လည်ပတ် လုပ်ဆောင်ပုံဟာလဲ ယိုယွင်းလာနေပြီလိ့ု တရုတ် ဆေးတက္ကသိုလ် ၁ ဆေးရုံက ဆရာဝန်တွေရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါ တယ်။ ဆေးကုသမှုခံယူဖို့အတွက် တရုတ်အာဏာပိုင်တွေက Liu ကို ပြီးခဲ့တဲ့ဇွန်လမှာ ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပေမဲ့လဲ တခြားနေရာတွေမှာ ဆေးကုသမှုခံယူဖို့ ခွင့်မပြုခဲ့ပါဘူး။

တရုတ်နိုင်ငံမှာ အသည်းကင်ဆာနဲ့ပတ်သက်ရင် အကျွမ်းကျင်ဆုံး အထူးကုတွေနဲ့ သူ့ကို ကုသပေးနေတယ်ဆိုပြီး တခြားမှာသွားကုခွင့်မပြုတာပါ။ ဒီအပေါ် အပြင်းအထန် ဝေဖန် ပြစ်တင်ခဲ့ကြပါ တယ်။ အသက် ၆၁ နှစ်အရွယ် Liu ဟာ Charter 08 ဆိုတဲ့ ပန်ကြားလွှာကို ပူးတွဲ ရေးသား ဖြန့်ချိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၀၉ ခုနှစ်မှာ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။ အဲဒီပန်ကြားလွှာက တရုတ်ပြည်မမှာ လစ်ဘရယ် ပြုပြင်ပြောင်းလဲရေး တွေလုပ်ဖို့ နှိုးဆော်ထားတာဖြစ်ပါတယ်။ အဲဒီလုပ်ရပ်အတွက် နိုင်ငံတော်အာဏာကို ပုန်ကန်ထကြွအောင် လှုံ့ဆော်တယ်လို့ စွပ်စွဲ ပြီးတော့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်သီတဲ့ဒေသက ထောင်တခုမှာ အကျဉ်းချထားခဲ့တာပါ။ သူ့ရဲ့ဇနီးဖြစ်သူ Liu Xia ကိုလဲ ဘာပြစ်မှုနဲ့မှ စွဲချက်တင်တာမျိုးမရှိဘဲ ဘေဂျင်းမြို့တော်ကနေအိမ်မှာ နေအိမ်အကျယ်ချုပ်ချထားခဲ့ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ Liu ကို ကူညီ ကုသပေးဖို့အတွက် ဂျာမနီနဲ့ အမေရိကန်တို့က ဆရာဝန်တွေကို ရှန်ယန်းမြို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ လာမယ့်သီတင်းပတ်ကုန် ဂျာမနီမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးမှာ Liu ရဲ့ကိစ္စကို ဘေးဖယ်ထုတ်ဖို့ ကြိုးစားတဲ့လုပ်ရပ်အဖြစ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် AI အဖွဲ့အပါအဝင် လူ့အခွင့်အရေး အဖွဲ့တချို့က မြင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG