အကျဉ်းကျနေတဲ့ တရုတ်အတိုက်အခံ တက်ကြွလှုပ်ရှားသူ၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် Liu Xiaobo ကို ဆေးဝါးကုသပေးဖို့ အမေရိကန်နဲ့ ဂျာမနီနိုင်ငံတွေက ကင်ဆာရောဂါ အထူးကုတွေ လာရောက်အကူအညီပေးကြဖို့ တရုတ်နိုင်ငံက ဆေးရုံတခုက ဖိတ်ခေါ်လိုက်ပါတယ်။
ဆေးပညာရှင်အဖွဲ့နဲ့ တိုင်ပင်ပြီးနောက် အသက် ၆၁ နှစ်အရွယ် Liu Xiaobo မိသားစုရဲ့ မေတ္တာရပ်ခံချက်အရ ဖိတ်ခေါ်လိုက်တာလို့လည်း တရုတ်နိုင်ငံ အရှေ့မြောက်ဖက် Shenyang ဒေသက ဆေးရုံက ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။
အသည်းကင်ဆာ နောက်ဆုံးအဆင့်အထိ ခံစားနေရကြောင်း မေလထဲမှာပဲ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆေးရုံမှာ ကုသခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဆေးဝါးကုသမှု ခံယူနိုင်အောင် ပြည်ပကို ထွက်ခွာခွင့်ပေးဖို့ ဂျာမနီနိုင်ငံက တိုက်တွန်းခဲ့ပြီး ၂ ရက်အကြာမှာပဲ အခုနောက်ဆုံး ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
တရုတ်အာဏာပိုင်တွေကတော့ ပြည်ပကိုသွားနိုင်လောက်အောင် ကျန်းမာရေးမကောင်းဘူးလို့ ပြောဆိုထားပေမဲ့၊ Liu Xiaobo ရဲ့ မိတ်ဆွေတဦးလည်းဖြစ် အတိုက်အခံတက်ကြွလှုပ်ရှားသူ တဦးလည်းဖြစ်တဲ့ Hu Jia ကတော့ မကြာသေးခင်က YouTube အင်တာနက် ဗွီဒီယိုတခုမှာ တွေ့ရတဲ့အထဲမှာတော့အ အခြေအနေဟာ တည်တည်ငြိမ်ငြိမ်ရှိနေတာ တွေ့ရကြောင်း ပြောဆိုခဲ့တာပါ။
နိုင်ငံခြားအစိုးရတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဆေးကုသမှုခံယူဖို့ Liu Xiaobo ရဲ့ ဆန္ဒအတိုင်း ဘယ်နိုင်ငံကိုမဆို ထွက်ခွာခွင့်ပြုဖို့ တောင်းဆို ထားကြပါတယ်။ ကဗျာဆရာ၊ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ Liu Xiaobo ဟာ တရုတ်နိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားတဲ့ စာတမ်းတခုကို ပြုစုခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေ ဖမ်းဆီးတာခံခဲ့ရပြီး၊ အတိုက်အခံတွေကို အရေးယူရာမှာ သုံးလေ့ရှိတဲ့ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးမှုပုဒ်မနဲ့ ထောင်ဒဏ် ၁၁ နှစ် အပြစ်ပေးခံခဲ့ရတာပါ။
၂၀၁၀ ပြည့်နှစ်မှာတော့ သူ့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုတွေအတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အာဏာပိုင်တွေရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေအောက်မှာ သူနဲ့ ဇနီးဖြစ်သူ Liu Xia တို့ ၂ ဦး စလုံးဟာ ရင်းနှီးတဲ့မိတ်ဆွေတွေ၊ မီဒီယာတွေနဲ့လည်း အဆက်အသွယ် မရတဲ့အတွက် Liu Xiaobo ရဲ့ ကျန်းမာရေးအခြေအနေမှန်နဲ့ ပတ်သက်လို့ရော၊ ပြည်ပကို သွားရောက် ဆေးကုဖို့ ဆန္ဒရှိ-မရှိ ဆိုတာကိုရော အတိအကျ မသိနိုင်ပဲ ဖြစ်နေပါတယ်။