မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့် အဆင့်အတန်းက နိမ့်ကျနေဆဲ ဖြစ်တယ်လို့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ သတင်းအချက်အလက် ရယူခွင့်၊ သတင်းရေးသား ဖော်ပြခွင့်တို့မှာ အတိုင်းအတာ တခုအထိ လွတ်လပ်လာပေမဲ့လည်း လက်နက်ကိုင် ပဋိပက္ခတွေ၊ ဘာသာရေး တင်းမာမှုတွေနဲ့ ဆက်နွယ်တဲ့ သတင်းရေးသား ဖော်ပြနိုင်မှုမှာတော့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ဝါရင့် သတင်းသမားတွေက ထောက်ပြပါတယ်။ မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။
ပြင်သစ်အခြေစိုက် နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာတလွှား သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အညွန်းကိန်းအရတော့ မြန်မာနိုင်ငံက အဆင့် ၁၄၃ နဲ့ သတင်းလွတ်လပ်ခွင့် အဆင့်နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ ဆင်ဆာတည်းဖြတ်မှု သိပ်မရှိတော့ပေမဲ့ လွတ်လပ်စွာ ရေးသားပြောဆိုမှုတွေကို အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့လည်း နယ်စည်းမထား သတင်းထောက်များအဖွဲ့က ထောက်ပြပါတယ်။
မြန်မာစာနဲ့ ထုတ်ဝေတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာတော့ အစိုးရ၊ တပ်မတော်တို့အပေါ် ဝေဖန်တဲ့သတင်းတွေ ဖော်ပြဖို့ ရှောင်ရှားကြသလို၊ ကိုယ့်ဘာသာ ဆင်ဆာတည်းဖြတ်မှုတွေ ရှိနေတယ်၊ ဒါ့အပြင် ဘာသာရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီးလည်း အတော်လေး သတိထားနေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ RSF က ထောက်ပြပါတယ်။ အစိုးရသစ် လက်ထက် နိုင်ငံပိုင် သတင်းစာတွေ အခြေအနေကလည်း အားရစရာ မရှိသေးဘူးလို့ ဝါရင့် သတင်းစာဆရာ ဒေါ်အေးအေးဝင်းက ထောက်ပြပါတယ်။
“အခုလောလောဆယ်မှာကတော့ သတင်းအဖြစ်နဲ့ကတော့ ပုဂ္ဂလိကမီဒီယာတွေလိုတော့လေ သတင်းအဖြစ်တွေနဲ့ သွက်သွက်လက်လက်တွေ သိပ်အားရလောက်အောင်တော့ မရှိသေးဘူး။ ဥပမာ ဒီနေ့ဆိုရင် သတင်းစာထဲမှာ ဆောင်းပါးကကို သတင်းစာထဲမှာ ၁၀ ခုမက ပါတယ်ထင်တယ်။ သတင်းစာထဲမှာ ဆောင်းပါးတွေ အရမ်းထည့်နေတာ။ သတင်းစာအဖြစ်နဲ့ကတော့ ဆောင်းပါးတွေချည်းပဲ ဖတ်ချင်တာမဟုတ်ဘူး။ သတင်းဖတ်ချင်တာကိုး။ သတင်းစာဆိုတော့လေ။ ဆောင်းပါးတွေ အဲ့လောက် အများကြီး ထည့်တာတော့ ဘာကြောင့်လဲတော့ သိပ်မသိဘူး။ အဲတော့ ဒီဟာလည်း ပုံစံက နောက်တော့ ကျသွားမလားတော့ မသိဘူး။”
ဘာသာရေးဆိုင်ရာ တင်းမာမှုတွေကို သတင်းရေးသား ဖော်ပြမှုတွေမှာကတော့ နိုင်ငံပိုင် သတင်းဌာနတွေရော ပုဂ္ဂလိက သတင်းဌာနတွေမှာပါ တခြား နိုင်ငံတကာနဲ့ မတူတဲ့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဝါရင့် သတင်းစာဆရာ ဒေါ်အေးအေးဝင်းက ပြောပါတယ်။
“သတင်းအနေနဲ့ သတင်းဘက်က ကြည့်မယ်ဆိုရင်တော့ ထူးခြားတဲ့ ဖြစ်ရပ်တခုဆိုတာ သတင်းအဖြစ်နဲ့ report လုပ်ကြတာပဲ။ သတင်းရေးသားကြတယ်။ သူများနေရာမှာဆိုရင်တော့ ဒီလိုဖြစ်သွားတယ်ဆိုရင်လည်း ရေးလိုက်ကြမယ်။ ဒါပေမဲ့ အခုအခါမှာကျတော့ အစိုးရရော၊ ပုဂ္ဂလိကရောမှာ သူက ချည်နှောင်ထားတဲ့ဟာ နည်းနည်းရှိသွားတယ်။ ရေးလိုက်လို့ရှိရင်များ အပြစ်ဖြစ်မလား။ ပိုပြီး ဆွသလိုဖြစ်မလားဆိုပြီး သတိရှိသွားတဲ့ သတိအနေအထားမှာရှိတော့ သိပ်ပြီး လွတ်လွတ်လပ်လပ် မရေးနိုင်ဘူး ဆိုပြီးတော့ ရွေးချယ်တဲ့ သတင်းမီဒီယာတွေလည်း ရှိမှာပေါ့။ ဒါကတော့ အမြင်ပေါ် မူတည်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီဘာသာရေး ပဋိပက္ခက အင်မတန်မှကို ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက်ကြောင့် သတင်းသမားတွေရော အစိုးရဆိုရင်လည်း သူ အများကြီး သတိထားမှာပဲ။ ဒီသတင်းမျိုးက သတင်းဖြစ်ပေမဲ့လည်း ကိုယ်ရေးလိုက်တော့မှပဲ ဆူဆူပူပူဖြစ်မလားဆိုတာကို အရမ်း ဆင်ခြင်ပြီးတော့ သတိပိုထားနေကြရင်တော့ အလုပ်လုပ်ရတာ အကြောင်းအမျိုးမျိုးရှိပါတယ်။ အပြစ်တင်လို့လည်း မရဘူးပေါ့။ ဗမာပြည် အခြေအနေက ပုံမှန်ကို ဒီနေရာမှာတော့ မဟုတ်သေးဘူး။ ဒီဘာသာရေး တင်းမာမှုနဲ့ ပတ်သက်ရင်လေ။”
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲပဋိပက္ခသတင်းတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်ဘက်က သတင်းအချက်အလက် ရယူခွင့်ကလည်း အကန့်အသတ်နဲ့ ရှိနေပြီး ဘာသာရေးဆိုင်ရာ သတင်းတွေ ရေးသားဖော်ပြဖို့ကတော့ သတင်းထောက်တွေအနေနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေပြန်တယ်လို့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။
“နံပါတ်တစ်ကတော့ စဉ်းစားစရာတော့ လုံခြုံရေးကတော့ နံပါတ်တစ်ပေါ့နော်။ တခြားသော အချက်အလက်တွေလည်း ရှိတယ်။ ဒါပေမဲ့ ပထမအချက်ကတော့ လုံခြုံရေးလိုမျိုးနဲ့ ဆိုရှယ်မီဒီယာလိုမျိုးကနေ ဝိုင်းပြီးတော့ ဟို ဆဲ ကြတယ်။ နောက်တခုက ဆိုရှယ်မီဒီယာပေါ်ကနေတဆင့် ခြိမ်းခြောက်ကြတယ်။ အဲဒါတွေက တကယ် အပြင်မှာအထိကို အကျိုးသက်ရောက်မှု ရှိမလားလို့ အဲလောက်အထိကို စိုးရိမ်မှုတွေ ရှိတယ်။ ဒီလို အကြောင်းအရာမျိုးကို တခါတလေမှာ စပြီးတော့ မလိုက်ခင်ကတည်းက ဘယ်လိုခေါ်မလဲ အတွင်းကျကျ မလိုက်ခင်ကတည်းကိုက လက်ရှောင်လိုက်ကြတာတွေ ရှိတာကိုး။”
ပြင်သစ်အခြေစိုက် နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF ရဲ့ ၂၀၁၆ ခုနှစ် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ ကမ္ဘာတဝှမ်းက သတင်းလွတ်လပ်ခွင့် အခြေအနေ သိသိသာသာ ကျဆင်းလားပြီး၊ လွတ်လပ်စွာ သဘောထားအမြင် ဖလှယ်မှုတွေကို အားမပေးဘဲ၊ ဝါဒဖြန့်ချိမှုတွေကို အသားပေးတဲ့ ခေတ်တခေတ်ကို ဝင်ရောက်လာနေတယ်လို့ ဖော်ပြပါတယ်။ Eritrea နိုင်ငံကိုတော့ ကမ္ဘာမှာသတင်းလွတ်လပ်ခွင့် အဆင့်အတန်း အနိမ့်ဆုံးအဖြစ် သတ်မှတ်ထားပြီး၊ ဆီးရီးယား၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကိုလည်း အနိမ့်ဆုံး စာရင်းသွင်းခဲ့တာပါ။ သတင်းစာလွတ်လပ်ခွင့် အဆင့်အတန်း အမြင့်ဆုံးအဖြစ် ဖင်လန်နိုင်ငံကို သတ်မှတ်ပြီး၊ သူ့နောက်မှာတော့ နယ်သာလန်နဲ့ နော်ဝေတို့ ရှိနေကြပြီး၊ အင်တာနက်မှာ စောင့်ကြည့်ထောက်လှမ်းမှုတွေ ရှိတယ်ဆိုပြီး ဝေဖန်ခံရတဲ့ အမေရိကန်ကတော့ အဆင့် ၄၁ နေရာမှာ ရှိနေပါတယ်။