သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာအပေါ် တုံ့ပြန်ချက်ကွဲပြား


ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုရဲ့ အစီရင်ခံစာသစ်မှာ သတ်မှတ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း ဘာသာရေး ခေါင်းဆောင်တွေမှာ သဘောထား အမြင် အမျိုးမျိုး ရှိနေကြပါတယ်။ ဖြစ်ခဲ့တဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေကြောင့် အခုလို သတ်မှတ်ခံရတယ်ဆိုတာကို လက်မခံ ပယ်ချသူရှိသလို သဘောတူသူလည်း ရှိနေတာပါ။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ဘာသာရေးအရ လွတ်လပ်ခွင့် စိုးရိမ်စရာကောင်းတဲ့ အဆင့်ထဲမှာ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆူဒန်၊ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေနဲ့အတူ Tier 1 အဆင့် နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စု သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဘာသာရေး အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ထောင်ဂဏန်းရှိတဲ့ မူဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry က ဒီအစီရင်ခံစာထုတ်ပြန်တဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

ဒီအချက်ကို ၉၆၉ လှုပ်ရှားမှုမှာရော၊ မျိုးစောင့်လှုပ်ရှားမှုမှာရော ဦးဆောင်နေတဲ့ မန္တလေးတိုင်း ဒေသကြီး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အ၀ ရှိတယ်လို့ အခိုင်အမာ ယုံကြည်တဲ့အကြောင်း အခုလို ဗွီအိုအေ ကို မိန့်ပါတယ်။

“သူတို့ တဖက်သတ် တိုင်ကြားတဲ့သူတွေရဲ့ တိုင်စာတွေကိုပဲ ယုံကြည်ပြီးတော့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါ။ တကယ်တမ်းကျတော့ ပကတိအခြေအနေနဲ့ လုံး၀ ဆန့်ကျင်ဘက်ကြီး ဖြစ်နေပါတယ်။ ဘာသာရေးပဋိပက္ခတွေဖြစ်တာ ခွဲခြားဆက်ဆံမှုကြောင့် မဟုတ်ပါဘူးခင်ဗျ။ ဘာသာရေးပဋိပက္ခတွေဖြစ်တာ လူမျိုးတမျိုး၊ ဘာသာတခုကို ပစ်မှတ်ထားပြီးတော့ အဓမ္မ အနိုင်ကျင့်တာတွေ၊ အကြမ်းဖက်တာတွေ လုပ်လို့ပါ။ အဲ့ဒါပါ။ နောက်တခုကတော့ ဦးဇင်းတို့ဘာသာတရားက လူတိုင်းကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါတယ်။ နောက်ပြီးတော့ တခြားတခြားသော နိုင်ငံတွေထက်ကို မြန်မာနိုင်ငံက လွတ်လပ်စွာ ကိုးကွယ်ခွင့် ရပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်မပေးတာ ဘာသာတခုပဲရှိပါတယ်။ အဲ့ဒီဘာသာတခုကတော့ ခရစ်ယာန်ကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်မပေးဘူး။ ဟိန္ဒူကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးဘူး။ ဗုဒ္ဓဘာသာကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးဘူး။ သူတို့တွေကို ရည်ရွယ်ပြီး ပြောတာဆိုရင်တော့ မှန်ပါတယ်နော်။”

မြန်မာနိုင်ငံကို ဘာသာရေးအရ စိုးရိမ်စရာကောင်းတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံရတာဟာ ပြည်တွင်းမှာဖြစ်တဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေကြောင့်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေက လက်ခံထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခတွေ ဖြစ်ဖြစ်နေတာဟာ မြန်မာတနိုင်ငံလုံးနီးပါးနဲ့ မသက်ဆိုင်ဘဲ အစွန်းရောက် လူနည်းစုတစုရဲ့ လုပ်ရပ်ကြောင့် ဖြစ်လာရတာလို့ ရှုမြင်သူကတော့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် တဦးလည်းဖြစ်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ရဲ့ နာယကတဦးလည်းဖြစ်တဲ့ သိက္ခာတော်ရ ဒေါက်တာ စောမာဂျေကြီးက ပြောပါတယ်။

“ဘာသာရေးရဲ့ လွတ်လပ်ခွင့်ကတော့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားပြီးသားပဲ။ အဲတော့ မြန်မာပြည်မှာ ပေါ်ပေါက်နေတဲ့ ကိစ္စတွေကတော့ ဒါကတော့ ဘာသာရေးပဋိပက္ခထက် ဘာသာရေး အသွင်ဆောင်တဲ့ဟာတွေ ဖြစ်တယ်။ ဒီမြန်မာနိုင်ငံမှာ Myanmar Interfaith Group လို့ ခေါ်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့လည်း ရှိပါတယ်။ နောက် ခုနပြောတဲ့ ဟာမျိုးဆိုတာထက် တကယ့်တကယ်တမ်းတော့ မြန်မာပြည်မှာ မပြောလောက်တဲ့ လူနည်းစု အထူးသဖြင့် အစွန်းရောက်တဲ့ လူနည်းစုရဲ့ လုပ်ဆောင်မှုကြောင့် ဘာသာရေးအသွင်ဆောင်တဲ့ ကိစ္စတွေ ပေါ်လာပါတယ်။”

ဟိန္ဒူဘာသာရေးခေါင်းဆောင် တဦးလည်းဖြစ်၊ ဓမ္မပါလ (ဟိန္ဒူ) အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါက်တာ လှထွန်းကတော့ ပြည်တွင်းမှာ ဘာသာရေးအရ ခွဲခြားမှုတွေ ရှိတယ်ဆိုတဲ့ အချက်ကို လက်ခံပြီးတော့ အကြမ်းဖက် အသွင်ဆောင် ပဋိပက္ခတွေဟာ ဘာသာတခုရဲ့အကြောင်းကို အခြားဘာသာဝင်တွေက သေချာ ဂဃဏန မသိတာကနေ နားလည်မှုတွေလွဲပြီး ပဋိပက္ခတွေ ဖြစ်လာတာလို့ သူက သုံးသပ်ပါတယ်။

“ဒါ ခွဲခြားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ မြင်နေရတာပဲလေ အားလုံးက။ ရှိတော့ရှိပါတယ်။ သို့သော်လည်း ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီးတော့ လူတွေမှာ မသိတဲ့အပိုင်းပေါ်မှာ တဘက်ကိုပဲ စွဲစွဲပြီးတော့ သွားနေတဲ့အပိုင်း ကျနော် အဲ့လိုပဲထင်ပါတယ်။ ရှိတာကတော့ ဟိုးအောက်ခြေ grassroots level မှာ ရှိကောင်းတော့ရှိတယ်။ ဒါကတော့ ငြင်းဆိုလို့လည်း မရပါဘူး။ အဲ့ဒါကလည်း လူတွေက ဘာသာတခုနဲ့ တခုအကြောင်းကို မသိလို့ပဲ ဒီလိုမျိုးဖြစ်နေတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တယ်။”

မြန်မာနိုင်ငံတွင်းမှာ ဘာသာရေး ခွဲခြားမှုကတော့ မြို့ကြီးတွေမှာ သိသိသာသာကြီး မရှိပေမဲ့ မူဆလင်ဆိုရင် အစိုးရ အလုပ်အကိုင်ကစလို့ အားကစားနယ်ပယ်အထိပါ ခွဲခြားမှုတွေကတော့ ရှိသင့်သလောက် အခုထိ ရှိနေသေးတယ်ဆိုတာကို တွေ့ရတယ်လို့ အစ္စလာမ်ဓမ္မဗိမာန်က ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့ အစ္စလာမ်ဘာသာဝင်များ အရည်အသွေး၊ အရည်အချင်း ရှိသော်ငြားလည်းပဲ အလုပ်အကိုင်တွေ မရဘူး။ ကျနော်သည်ပင်လျှင် အားကစားနယ်ပယ်မှာ ရွှေတံဆိပ်ဆု ရအောင်လို့ ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့လည်း အခြားအခြားသော မိတ်ဆွေတွေဆီက ကြားရတာကတော့ ဒီအားကစားနယ်ပယ်၊ အနုပညာနယ်ပယ်၊ စာပေနယ်ပယ်လို နယ်ပယ်မှာတောင်မှ ဘာသာရေးကို အကြောင်းပြုပြီးတော့ နှိပ်ချတာ၊ ခွဲခြားတာတွေဆိုတာက ရှိနေပါတယ်ဆိုတာကို ကျနော်တို့ သိနေရပါတယ်။ ဟို အလုပ်အကိုင်ရတာတို့၊ ဒီနိုင်ငံခြားသွားရေးဆိုတာတွေကတော့ ခဏထားလိုက်ဦး။ ပြည်တွင်းမှာကိုက အဲ့ဒီလို ဟာမျိုးလေးတွေက ရှိနေတယ်ဆိုတာကတော့ ဒါ စိတ်မကောင်းဖွယ်ရာ ဒါ အမှန်တရားတခုပါ။”

ဒီလို ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ပေးတဲ့ အနေအထားတရပ် ဖြစ်လာနိုင်တယ်လို့လည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က မနေ့က VOA နဲ့ မေးမြန်းခန်းမှာ ထောက်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စ Yanghee Lee ကလည်း ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေ၊ အမုန်းစကား ပြန့်ပွားမှုတွေနဲ့ ရခိုင်ပြည်နယ်ရှိ မူဆလင်တွေအပေါ် ချုပ်ချယ်ကန့်သတ်တာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရကြောင်း အစိုးရအနေနဲ့ တာဝန်သိစွာနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါရန် သတင်းစာရှင်းပွဲမှာ တိုက်တွန်းခဲ့ပါသေးတယ်။

XS
SM
MD
LG