သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရဲ့ ဖေဖော်ဝါရီ မိန့်ခွန်းအပေါ် အမြင်တချို့


လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အာမခံချက်ရှိအောင် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ လုပ်ဆောင်နေတယ်လို့ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံကို ပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့သလို အခု ဆန္ဒပြနေတဲ့ ကျောင်းသားတွေလည်း သူတို့လိုချင်တဲ့ ဆွေးနွေးမှုတွေ လုပ်နေပြီမို့ ကျောင်းပိတ်ရတာမျိုးဖြစ်မလာအောင် ချီတက်မှုတွေ ရပ်တန့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့နှစ်အဖြစ် သတ်မှတ်ထားတဲ့ ၂၀၁၅ ခုနှစ်ရဲ့ ဒီဖေဖော်ဝါရီလ မိန့်ခွန်းအပေါ် တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကဲခတ်တွေနဲ့ ကျောင်းဆရာတွေက ဘယ်လို ရှုမြင်ကြတယ်ဆိုတာကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတွင်း ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် အင်အားစုတွေနဲ့ ဆွေးနွေးပွဲ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု နောက် ကျောင်းသားတွေ လိုလားနေတဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး တောင်းဆိုချက်တွေအပါအဝင် လက်ရှိနိုင်ငံတွင်းက ထူးခြားတဲ့ နိုင်ငံရေး အနေအထားတွေနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီလ (၁)ရက် နိုင်ငံပြောကြားမိန့်ခွန်းမှာ အဓိက ထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“အခုလာမယ့် ဖေဖော်ဝါရီလဟာဆိုရင် ကျနော်တို့မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပြသတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ပင်လုံကနေ အစပြုခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ကိစ္စကို ဖြစ်စဉ်တခုအနေနဲ့ကြည့်မယ်ဆိုရင် ကျနော်တို့လက်ထက် အထိ ဆက်လက်လုပ်ဆောင်နေရတဲ့ လုပ်ငန်းစဉ်တရပ်အဖြစ် ရှုမြင်ရမှာလည်းဖြစ်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အခက်အခဲတချို့ ရှိနေသည့်တိုင် အဆင့်ဆင့်ဖြစ်ထွန်းမှုတွေ ရှိနေပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ဖို့ ပြင်ဆင်နေတာ သက်သေထူလျှက် ရှိပါတယ်။”

ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာပါ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်အောင် ပြင်ဆင်နေပါပြီဆိုတဲ့ သမ္မတရဲ့ တိုင်းရင်းသားအရေး အဓိကထား ပြောဆိုချက်အပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ဒုဥက္ကဋ္ဌ (၁) ဦးနိုင်ဟံသာက ငြိမ်းချမ်းရေးဖော်ဆောင်နေမှုမှာ အခက်အခဲများစွာ ရှိနေတုန်းပဲလို့ ပြောပါတယ်။

“သမ္မတက အဲဒီလိုအဆိုပြုတော့ အန်ကယ်လ်တို့ဘက်က လာမယ့်နိုင်ငံရေးဆွေးနွေးပွဲရဲ့ ရလဒ်များနဲ့အညီ-ပေါ့.. အကောင်အထည်ဖော်ရန်-ဆိုပြီးတော့ အဲဒီလောက်ပဲ အဖြေပေးတယ်။ အဲဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ မရေရာဘူးလို့ပဲ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ စက်တင်ဘာဆွေးနွေးပွဲကတည်းကိုက အမြင်တွေက အများကြီးကွာဟသွားတယ်။ အဲဒီကွာဟတဲ့ကိစ္စကို ပြန်ညှိနှိုင်းဖို့ဆိုတဲ့နေရာမှာ တပ်မတော်ရဲ့သဘောထားကို မသိရသေးဘူး။ …တော့ ထူးနိုင်မှာ မဟုတ်သေးဘူး။”

နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေရဲ့အသံ ပိုပြီးတော့ပါဝင်စေချင်လို့ တိုင်းရင်းသား ဝန်ကြီးတွေကို ပါဝင်စေခဲ့တာလို့ ပြောဆိုသလို လွှတ်တော်ရဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးချက်အပေါ် သမ္မတရဲ့ သဘောထားကို နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

“ကျနော့်အနေနဲ့တော့ လက်မခံဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးပါတာ အစိုးရကို၊ ပြည်ထောင်စုအစိုးရကို ကိုယ်စားပြုတဲ့… က ပိုပြီးများတယ်လို့ ကျနော်ကတော့ ယူဆတာပေ့ါဗျာ၊ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တောင်းဆိုတဲ့အချိန်မှာ သမ္မတက ၁၂ ဦးတွေ့ဆုံပွဲကို လုပ်တယ်။ ပြည်ထောင်စုလွှတ်တော်က (၆) ဦးတွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုတဲ့အချိန်မှာ အစိုးရကနေ (၄၈) ဦး တွေ့ဆုံဆွေးနွေးပွဲကို လုပ်တယ်။ အပြန်အလှန် ဘော်လီဘောပုတ်နေတဲ့သဘောမျိုးတွေ တွေ့နေရတယ်။ တမင်ပဲ ဘော်လီဘောပုတ်သလို ဟန်ဆောင်ပြပြီးတော့ အချိန်ဆွဲနေတာလား၊ နိုင်ငံရေးအရ ကြန့်ကြာအောင်လုပ်နေတာလား၊ အဲဒီအချက်ကိုတော့ ကျနော် စိုးရိမ်မိတယ်ဗျ။”

နောက်ပြီးတော့ သမ္မတ မိန့်ခွန်းထဲ အထူးအလေးထား ပြောဆိုသွားတဲ့အချက်ကတော့ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်လို့ ကျောင်းသားတွေရဲ့ လိုလားတောင်းဆိုချက် ဆန္ဒထုတ်ဖော်မှုတွေပဲဖြစ်ပါတယ်။ လိုလားချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်လို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ ကျောင်းတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး စာမေးပွဲရွှေ့ဆိုင်းရမှာ ကျောင်းတွေပိတ်ရမှာကို ကျောင်းသားမိဘတွေက မလိုလားဘူးလို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ-ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက

စိန်ရတုခန်းမမှာ အစိုးရအဖွဲ့အပါအဝင် လေးပွင့်ဆိုင်ဆွေးနွေးနေတဲ့ ကျောင်းသားအဖွဲ့ (ဓာတ်ပုံ-မာတင်ဆွေ)
စိန်ရတုခန်းမမှာ အစိုးရအဖွဲ့အပါအဝင် လေးပွင့်ဆိုင်ဆွေးနွေးနေတဲ့ ကျောင်းသားအဖွဲ့ (ဓာတ်ပုံ-မာတင်ဆွေ)

“ကျောင်းသားတွေ တောင်းဆိုတဲ့အချက်တွေသည် ဖြေရှင်းမပေးသမျှပေါ့နော်- … ဒီလိုလုပ်လို့လည်း မရတော့ဘူးခင်ဗျ၊ ခင်ဗျ။ ဒီကျောင်းသားတွေ စာမေးပွဲမဖြေရဘူးဆိုရင် နံပါတ်၁ အများကြီး နစ်နာမှာက ဘယ်သူတုန်း၊ ကျောင်းသား ကျောင်းသူတွေ ပေါ့နော်၊ ကျောင်းသားကျောင်းသူတွေနဲ့ တိုက်ရိုက်သက်ဆိုင်တာက ဘယ်သူတွေတုန်းဆိုတော့ ကျောင်းသားမိဘတွေ၊ အဲလို နစ်နာအောင်လုပ်မယ်ဆိုရင်တော့ ဒါက အလားအလာ မကောင်းဘူးပေါ့နော်။”

၂၀၁၅ခုနှစ်ဟာ နိုင်ငံရေးအရ ထူးခြားတဲ့နှစ်ဖြစ်သလို ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေရှိနေတယ်ဆိုတာကိုလည်း သမ္မတက ပြောခဲ့ပြီး ပြည်သူအများ စိတ်ရှည်သည်းခံမှုနဲ့ တာဝန်သိစိတ်ရှိဖို့ အရေးကြီးတယ်ဆိုတာ ပြောကြားခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေဘက်ကလည်း စစ်မှန်တဲ့ဆွေးနွေးမှုတွေကနေ ရလာဒ်ကောင်းတွေထွက်လာဖို့ က အစိုးရနဲ့ တိုင်းရင်းသားတွေ နိုင်ငံရေး အင်အားစုတွေကြား ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ယုံကြည်မှုရှိဖို့ လိုတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

XS
SM
MD
LG