သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee အကြံပြုချက် မြန်မာအစိုးရပယ်ချ


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၁၆၊ ၂၀၁၅)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၁၆၊ ၂၀၁၅)

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုချက်တွေဟာ ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေအရေးမှာ အစိုးရအပေါ် အကြံပြု ပြောဆိုချက်တွေကို ပယ်ချတယ်လို့ ပြည်ထောင်စု အစိုးရနဲ့ မြန်မာသမ္မတရဲ့ ပြောခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။ မစ္စယန်ဟီးလီရဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေအပေါ် ခြုံငုံသုံးသပ်ချက်နဲ့ ပတ်သက်ပြီး နှစ်ဖက်အသိုင်းအဝိုင်းအကြားက လွှတ်တော် ကိုယ်စားလှယ်တွေကြားမှာလည်း အမြင်မတူမှုတွေ ရှိနေပါတယ်။
အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပြဿနာဟာ နိုင်ငံတကာအတွက်ပါ အရှုတ်အထွေးဖြစ်စေပြီး ကုလ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပါသက်ဆိုင်နေတယ်လို့ ကုလသမဂ္ဂ
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။ ရခိုင်ပြည်နယ်အတွက် အဖြေရှာဖို့ဆိုရင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေကို ဗဟိုပြုဖြေရှင်းရပါလိမ့်မယ်လို့ ပြောဆိုခဲ့သလို ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင်အသိုင်းအဝိုင်းတခုလုံးကို
သိမ်းကျုံး ဒဏ်ပေးတဲ့နည်းနဲ့ အဖြေမရှာဖို့ ပြောဆိုချက်တွေကို ပယ်ချတယ်လို့ မြန်မာအစိုးရရဲ့ ပြောခွင့်ရှိသူဦးရဲထွဋ်က ပြောပါတယ်။

“အဲဒါကတော့ဗျာ၊ သိတဲ့အတိုင်းပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေက လာကတည်းကိုက ဟိုဘက်ကပေးတဲ့ သတင်းအချက်အလက် တွေကို အခြေခံပြီး လာနေတော့ ဒီလိုမျိုး ကောက်ချက်တွေက လွဲတာပဲ။ အဲဒီတော့ ကျနော်တို့ အခုလုပ်နေတာက ရခိုင်ပဋိပက္ခ ခင်ဗျားတွေ့ပါလိမ့်မယ်၊ နှစ်ဘက်လုံးမှာရှိတဲ့ ပြစ်မှုကျူးလွန်တဲ့လူတွေအားလုံးကို နှစ်ရှည်ထောင်ဒဏ် ကျနော်တို့ချမှတ်ခဲ့တယ်။ ဒီကနေ့ ဒုက္ခသည်စခန်းမှာရှိနေတဲ့ ရိုဟင်ဂျာလို့ သူတို့ခေါ်နေတဲ့ ဘင်္ဂါလီတွေရော၊ နောက်တခါ ရခိုင်ဒုက္ခသည်စခန်းတွေရော အားလုံးကို ကျနော်တို့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေ ပေးနေတာရှိတယ်။ ၂၀၁၄ နှစ်ဝက်ပိုင်းကစပြီးတော့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှုအခြေအနေတွေ အများကြီးတိုးတက်လာတာ ရှိတယ်။ အဲဒီတော့ ဒါတွေဟာ သူတို့ အသိအမှတ်ပြုရမယ့်ကိစ္စတွေပဲ။ ဒါတွေကို အသိအမှတ်မပြုဘဲနဲ့ အခုနကလို တဘက်သတ်ကောက်ချက်ဆွဲနေရင်တော့ သူ နောက်တခါ ရခိုင်ပြည်နယ်ကိုလာလို့ရှိရင် ရခိုင်တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လုံးဝ ရမှာမဟုတ်တော့ဘူး။”

လူ့ခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြည်တွင်းမှာ ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ မျိုးစောင့်ဥပဒေ ၄ မျိုးထဲမှာ အပြန်အလှန် နားလည်းသည်းခံမှုနဲ့ အားလုံး သဟဇာတ ဖြစ်ဖြစ်နဲ့ အတူတကွ ယှဉ်တွဲနေထိုင်ကြဖို့ ဒီဥပဒေကြမ်းတွေကို သေသေချာချာလေ့လာသုံးသပ် စေချင်ပါတယ်လို့ ပြောဆိုချက်ပေါ် မှာလည်း ဦးရဲထွဋ်က အခုလို တုံ့ပြန်ပါတယ်။

“ဒီဟာတွေအားလုံးက ဘယ်ဘာသာကိုမှ ဖိနှိပ်ဖို့မဟုတ်ဘူး။ ဘာသာကူးပြောင်းတဲ့အခါမှာ ဘာသာကူးပြောင်းမှုကို အခွင့်ကောင်းယူပြီး တဘက်ဘက်ကနေ ဖိနှိပ်လို့မရအောင်၊ ဒါမှမဟုတ် သူ့ဆန္ဒနဲ့သူ ကူးပြောင်းတာကို မပြောင်းရဘူးလို့ တားလို့မရအောင် နည်းလမ်းတကျဖြစ်အောင် လုပ်တာလေ။ စင်ကာပူလို၊ မလေးရှားလိုနိုင်ငံမျိုးမှာလည်း ဒီ Registration ကိစ္စက ရှိတာပဲ။ တကယ်ကျတော့ အဲဒီဥပဒေကိုသာ ကျင့်သုံးနိုင်မယ်ဆိုရင် ဘာသာပြောင်းတဲ့အပေါ်မှာမူတည်ပြီးတော့ နှစ်ဘက်ကြားမှာ အငြင်းပွားတဲ့ဟာတွေကိုတောင်မှ အကာအကွယ်ပေးနိုင်မှာပေါ့။”

မစ္စ ယန်ဟီးလီရဲ့ မြန်မာပြည်ကိုလာရောက်တဲ့ ၁၀ ရက်ကြာခရီးစဉ်ရဲ့ နောက်ဆုံးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ပြန်ပြောဆိုချက်တွေမှာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ဇောင်းပေးလွန်းတယ်လို့ မြေပုံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ကပြောပါတယ်။

“အစိုးရပိုင်းက ဖြေရှင်းတဲ့အခါမှာတော့ … ၈၂ ခု နိုင်ငံသားဥပဒေနဲ့ နိုင်ငံသားဖြစ်ရေးကို အဓိကဇောင်းပေးပြီးတော့ ..အဓိကလည်းကျတယ်။ အဲဒါကို ဦးတည်ပြီးတော့ ဖြေရှင်းနေပါတယ်။ အတူယှဉ်တွဲနေထိုင်ရေးဆိုတာက အစိုးရကဖိအားပေးလို့ရတာမျိုး မဟုတ်ဘူး။ ဒါက နှစ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေးပေါ်မှာမူတည်ပြီးတော့ သူတို့က နိုင်ငံသားဖြစ်လာတဲ့အခါမှာ ၊ နိုင်ငံသားအရ အခွင့်အရေးရလာတဲ့အခါမှာ ဒါတွေဟာ တဖြည်းဖြည်း ဖြေလျော့သွားလိမ့်မယ်။”

ဒါပေမဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်းကတော့ မစ္စ်ယန်ဟီးလီရဲ့ ရခိုင်ပြည်နယ်အပေါ် သုံးသပ်တင်ပြချက်ဟာ ၂ ဖက် အသိုင်းအဝိုင်းအကြား မျှမျှတတ ပြောခဲ့တာ တွေ့ရတယ်လို့ဆိုပါတယ်။

“အရင်တခေါက်နဲ့နှိုင်းယှဉ်ရင်တော့ ဒီတခေါက်ကတော့လေ၊ သူ့ရဲ့လေ့လာမှုက နှစ်ဘက်လုံးကိုလည်း သူနားထောင်တယ်၊ ပြီးရင် သူတို့ ရခိုင် Action Plan ကို ဖော်ဆောင်တဲ့အခါမှာလည်း နှစ်ဘက်ကွန်မြူနတီက …ဖိတ်ပြီး UN အဖွဲ့အစည်း၊ ပြီးတော့ အင်တာနေရှင်နယ် Norm တွေနဲ့ပါ သူက …အဲဒါ all inclusive ဖြစ်တဲ့ပုံစံနဲ့လုပ်မယ်ဆိုရင် ဒါက အဖြေဖြစ်မှာပေါ့နော်။ အဲလိုမလုပ်ဘဲနဲ့ ရန်ဖြစ်မှာစိုးလို့၊ ရန်လိုမှာစိုးလို့ စိုးရိမ်ပြီးတော့ နှစ်ဘက် ကွန်မြူနတီကို သီးသန့် ခွဲထားတာ segregation သဘောကိုလုပ်ထားတာ အဖြေမဟုတ်ဘူး။ အဲဒါမျိုးတွေလည်း သူရေးထားတာတော့ - ဘာပဲဖြစ်ဖြစ် ကျနော်တွေ့ရတာတော့ သူ့ရဲ့ Report သည် တော်တော်လေးကို နှစ်ဘက်လုံးကို မျှမျှတတ နဲ့ လေးလေးနက်နက်နဲ့ ထားပြီးတော့ အဲဒီအစီရင်ခံစာကို statement ထုတ်သွားတာ တွေ့ရတယ်။”

မစ္စယန်ဟီးလီအနေနဲ့ သူ့ရဲ့ဒုတိယမြောက် မြန်မာနိုင်ငံခရီးအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ ၃ ရက်ကြာနေထိုင်ပြီး မွတ်ဆလင် လူနည်းစုတွေအပေါ်
နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနေတဲ့ အခြေအနေတွေအပါအဝင် ပဋိပက္ခ ဖြစ်ခဲ့တဲ့ နှစ်ဖက်အသိုင်းအဝိုင်းက လူမျိုးစုတွေ၊ ဒုက္ခသည်
စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့တာပါခင်ဗျား။

XS
SM
MD
LG