သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် ကန် ဒဏ်ခတ်မှု စစ်တပ်ကို ပစ်မှတ်ထားခြင်းဖြစ်


ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေ အပေါ် အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ်တဲ့ ဥပဒေအရ လူပုဂ္ဂိုလ် (၁၃) ယောက်အပေါ် ဒဏ်ခတ် အရေးယူမှု အသစ်တွေ ချမှတ်တဲ့ကြေညာချက်။
ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေ အပေါ် အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ်တဲ့ ဥပဒေအရ လူပုဂ္ဂိုလ် (၁၃) ယောက်အပေါ် ဒဏ်ခတ် အရေးယူမှု အသစ်တွေ ချမှတ်တဲ့ကြေညာချက်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူစာရင်းထဲ ထည့်သွင်းပြီး ဒဏ်ခတ် အရေးယူမှုအသစ် ချမှတ်လိုက်တာဟာ ရခိုင်ပြည်အရေးနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက် အပေါ် စိတ်ပျက်ကြောင်း အမေရိကန်အစိုးရက ပြသလိုက်တာ ဖြစ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောပါတယ်။ ဒါဟာ မြန်မာ စစ်တပ်ကိုသာ ပြစ်မှတ်ထား ချမှတ်တဲ့ ဒဏ်ခတ်မှုဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန် လွှတ်တော်က မနှစ်က အတည်ပြု ပြန်ဌာန်းလိုက်တဲ့ Global Magnitsky Human Rights Accountability Act လို့ခေါ်တဲ့ - ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေအပေါ် အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်တဲ့ ဥပဒေအရ လူပုဂ္ဂိုလ် (၁၃) ယောက်အပေါ် ဒဏ်ခတ် အရေးယူမှု အသစ်တွေ ချမှတ်လိုက်တဲ့အထဲ မြန်မာစစ်အရာရှိ တဦးဖြစ်သူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြာသတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး

အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ လူ့အခွင့်အရေး ထောက်ခံပြီး ကာကွယ်စောင့်ရှောက်ဖို့ အပြင် အကတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် အသုံးချနိုင်တဲ့ နည်းလမ်းအားလုံးတို့ကို အသုံးပြုသွားမှာဖြစ်ပြီး ကြာသပတေးနေ့က ချမှတ်လိုက်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေဟာ အမေရိကန်ပြည်ထောင်စုအပြင် မဟာမိတ်တွေနဲ့ မိတ်ဘက်နိုင်ငံတွေရဲ့ လုံခြုံမှုကို ထောက်ခံဖို့အပြင် စံထားချက်တွေကိုလည်း လေးစားလိုက်နာရာ ရောက်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ဖမ်းဆီးမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့်ဆိုပြီး မနေ့က အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ဆင်ရေးတွေမှာ ကြီးကြပ် တာဝန်ယူခဲ့တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသက လုံခြုံရေးကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က ဝင်ရောက်ခိုက်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ အရပ်သား ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့မှုမှာ တာဝန်ရှိသူအဖြစ် ထည့်သွင်းလိုက်တာပါ။

ဗိုလ်ချုပ်မောင်မောင်စိုးကို အခုလို ဒဏ်ခတ် အရေးယူလိုက်တာဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အပေါ် အမေရိကန်အစိုးရဘက်က စိတ်ပျက်ကြောင်း ပြသလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် အမေရိကန်က စိတ်ပျက်ကြောင်း ပြသလိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်လို့ ကျမ မမြင်ပါဘူး။ ဒီ ဒဏ်ခတ် အရေးယူမှုဟာ ထိပ်တန်း စစ်တပ်ခေါင်းဆောင်အပေါ် ချမှတ်တာမဟုတ်ဘဲ အနောက်ပိုင်းတိုင်းဒေသ အကြီးအကဲ တဦးအပေါ် ချမှတ်တာကြောင့် ဒါဟာ ပစ်မှတ်ထား ချမှတ်တဲ့ ဒဏ်ခတ် အရေးယူမှု ဖြစ်ပါတယ်။”

ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် အခုလို အရေးလိုက်တဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့လည်း Priscilla Clapp က ပြောပါတယ်။

“အခုလို ပိတ်ဆို့အရေးယူလိုက်တဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်မယ်လို့ ကျမ မထင်ပါဘူး။ ဒါပေမယ့် စစ်တပ်နဲ့ ဆက်ဆံရေးတော့ ထိခိုက်နိုင်ပါတယ်။ စစ်တပ်နဲ့ ဆက်ဆံရေးကလည်း အခုချိန်မှာ ထိခိုက်ပြီးသား ဖြစ်နေပါပြီ။”

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာဟာ မြန်မာစစ်တပ်ဖြစ်ပြီး အဲဒီလို အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးမားစွာ ဖြစ်ပေါ်နေတဲ့ကိစ္စကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့လည်း Priscilla Clapp က ပြောပါတယ်။

ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်ပြည်ထောင်စုက အခုလို ဒဏ်ခတ် အရေးယူ လိုက်တာဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး John Sifton က ပြောပါတယ်။

“ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် ဒဏ်ခတ် အရေးယူလိုက်တာဟာ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေအတွက် အပြစ်ပေး အရေးယူခံရနိုင်တယ်ဆိုတာ မြန်မာအစိုးရကို အသိအပေး အကြောင်းကြားလိုက်တဲ့ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ စာရင်းထဲမှာ ထည့်သွင်းခံထားရတဲ့ တခြား မြန်မာစစ်ခေါင်းဆောင်တွေ အများအပြား ရှိနေပါသေးတယ်။ အဲဒီလူတွေဟာလည်း အနာဂတ်မှာ အပြစ်ပေးခံရကောင်း ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒါကတော့ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုပြီး ဘယ်နှစ်ဦး သေဆုံးခဲ့တယ်၊ ဘယ်လို ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်၊ ဘယ်သူတွေက ကျူးလွန်ခဲ့တယ်ဆိုတာကို အတိအကျ သိနိုင်အောင် နိုင်ငံတကာ လေ့လာသူတွေ ဝင်ရောက်ခွင့်ပြုသင့်ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံအများအပြားက အမျက်ဒေါသ ထွက်နေကြတယ်လို့လည်း John Sifton က ပြောပါတယ်။

“မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို အသိအမှတ်ပြု ပြောဆိုခြင်း မရှိတဲ့အပေး အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ဂျပန်၊ ကနေဒါ၊ သြစတေးလျ စတဲ့ နိုင်ငံအများအပြားက မြန်မာနိုင်ငံအပေါ် ဒေါသထွက်နေကြပြီး အဲဒီနိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဒေါသထွက်နေတာပါဘဲ။ အီးယူ ဘက်ကလည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အလားတူ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်လာနိုင်ပါတယ်။ ဒီနေရာမှာ သတိထားသင့်တဲ့ အရေးကြီးတဲ့အချက်တခုက အမေရိကန်အစိုးရနဲ့ အီးယူ စတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းက ဒဏ်ခတ် ပိတ်ဆို့တာ၊ ဝေဖန် ပြောဆိုတာတွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ အပေါ် လုပ်ဆောင်ခြင်းမဟုတ်ဘူး၊ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ မြန်မာစစ်အရာရှိတွေ အပေါ် ချမှတ်ခြင်းဖြစ်တယ်ဆိုတဲ့ အချက်ပါဘဲ။”

သြဂုတ်လအတွင်း ARSA အစွန်းရောက်အဖွဲ့တွေကို လိုက်လံရှင်းလင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်သားတွေဟာ ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်တာ အဓမ္မပြုကျင့်တာတွေ ရှိခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတွေက ပြောဆိုခဲ့ကြောင်းလည်း အမေရိကန် အစိုးရရဲ့ ကြေညာချက်မှာ ကိုးကားဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မောင်မောင်စိုးကိုတော့ အနောက်ပိုင်းတိုင်းမှူးရာထူးက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ ရုတ်တရက် ဖယ်ရှားပြီး သူ့နေရာမှာ ဗိုလ်မှူးချုပ်စိုးတင့်နိုင်ကို အစားထိုး ခန့်အပ်ထားတာ ဖြစ်ပါတယ်။

သမ္မတ Donald Trump ကြာသပတေးနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ အမိန့်အရ ဒဏ်ခတ်မှု ချမှတ်ခံလိုက်ရသူတွေအနေနဲ့ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေရှိရင် ချိတ်ပိတ်ခံရမှာ ဖြစ်တဲ့အပြင် အမေရိကန်နဲ့ နိုင်ငံတကာ ငွေကြေးစံနစ် အသုံးပြုမှု မှာလည်း ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်၊ ဇူလိုင် လဆန်းပိုင်းကတုန်းကလည်း - မြောက်ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မဝယ်ယူဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ တားဖြစ်ချက်ကို ချိုးဖောက်တဲ့အတွက် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG