သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရေးယူ သက်တမ်း တိုးမှု မြန်မာ တုံ့ပြန်


အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ အိမ်ဖြူတော်တွင် တွေ့ဆုံ။
အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ အိမ်ဖြူတော်တွင် တွေ့ဆုံ။
အမေရိကန်အစိုးရက မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုသက်တမ်း တနှစ်တိုး လိုက်တာဟာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး မှာ နောက်ကြောင်းပြန် လှည့် သွားတာမျိုး ဖြစ်နေတယ် လို့ မြန်မာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။ တဖက်မှာလည်း မြန်မာ အစိုးရရဲ့ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေဟာ မရေရာ မသေချာဖြစ်နေသေး တာကြောင့် အမေရိကန်ဘက်က ဖိအားပေး တာဖြစ်တယ်လို့လည်း မြန်မာတချို့က သုံးသပ်ပါတယ်။ မနေ့က အမေရိကန် သမ္မတ အိုဘားမားကနေ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့ တွဲပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်တဲ့ အမိန့် နောက်ထပ် သက်တမ်းတိုးလိုက်တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ဒီလိုစီးပွားရေးပိတ်ဆို့ မှု သက်တမ်းတနှစ်တိုးလိုက်တဲ့ အကြောင်းရင်းထဲမှာ ရခိုင်ပြည်နယ် အရေးကိစ္စဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားကို ဆက်လက်ခြိမ်းခြောက်နေတာ၊ နောက် မြန်မာ စစ်တပ်အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဆက်လက်ပါဝင်နေတာ စတဲ့ အချက်တွေ အဓိကဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် မှာဖေါ်ပြထားပါတယ်။ နောက်ပြီး အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်ရဲ့ပြောဆိုချက်ထဲမှာလည်း မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး ဟာ နောက်ကြောင်းပြန် လှည့်သွားမယ်ဆိုရင် အရေးယူနိုင်အောင် အခုလို သက်တမ်းတိုးလိုက် တာဖြစ်တယ်လို့လည်း ပြော သွားတာပါ။

ဒါပေမယ်လို့ မြန်မာအစိုးရဘက် ကတော့ ဒါဟာ ကျိူးကြောင်းစီလျော်မှုမရှိပဲ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးကို နောက်ကြောင်းပြန်လှည့် သွားတာမျိုး ဖြစ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ အမည်မဖေါ်လိုတဲ့ အကြီးတန်း အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။

" မြန်မာနိုင်ငံကို Engagement လုပ်တဲ့ အမေရိကန်ပေါ်လစီက အာရှနဲ့ ပြန်လည်ပေါင်းစည်းရေးပေါ့။ အထူးသဖြင့် အရှေ့တောင်အာရှ အာဆီယံနဲ့ ပြန်လည် ပေါင်းစည်းရေးဆိုတဲ့ အမေရိကန်ရဲ့ မူဝါဒမှာ ဒါက နောက်ပြန်ဆုတ်သွားတဲ့ သဘောလို့ ကျနော်တို့က စဉ်းစားစရာဖြစ် တယ်ပေါ့နော်။ ဒီ Sanction ချမှတ်လိုက်ခြင်းဟာ ကျနော်တို့ နိုင်ငံ ကို နောက်ကြောင်းပြန်လှန်သွားမှာ စိုးရိမ်တယ် ဆိုသော်လည်းပဲ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးမူဝါဒ ချမှတ်ထားတဲ့ အပေါ်မှာ နောက်ကြောင်းပြန် လှည့်သွားတာလား ဆိုတာ ကျနော်တို့ အနေနဲ့ စဉ်းစားစရာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကတော့ နောက်ကြောင်းပြန် မလှည့်ဘူးပေါ့နော်။"

လက်ရှိမှာလည်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၃ ခုနှစ်ကိန်းဂဏန်းတွေအရ ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့လည်း သူကဆိုပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီနည်း အတိုင်း ပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေချိန်မှာ
ရခိုင်အရေး ကိစ္စဟာ မမျှော်လင့်ပဲကြုံတွေခဲ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတခုဖြစ်တယ်လို့လည်း အကြီးတန်းအရာရှိက ဆိုပါတယ်။

" ဒီရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီးတော့ အားလုံးကောင်းပါပြီဆိုတဲ့ အနေအထားကို ရောက်ဖို့က ကျနော်တို့က ရှုပ်ထွေးနက်နဲတဲ့ နောက်ကွယ်က အကြောင်းတရားတွေကြောင့် ချက်ခြင်း လက်ငင်းဖြစ်လာဖို့ဆိုတာ အများကြီး အခက်အခဲရှိတယ်။ ဒါအတွက်လည်း ကျနော်တို့က နိုင်ငံတကာရော၊ မိတ်ဖက်နိုင်ငံတွေရော အားလုံးရဲ့ အကြံဉာဏ်တွေ၊ အကူအညီထောက်ပံ့မှုတွေ နဲ့ ပြေလည်အောင် ကျနော်တို့ ဆောင်ရွက်နေတယ်။ ကြိုးစားနေတယ်။ ကြိုးစားနေတဲ့ဟာက အမေရိကန်အစိုးရရဲ့ အခု ပြစ်ချက်တစ်ခု ဆိုပြီးတော့ ပြောတဲ့ အတွက် ဒါကတော့ မကောင်းစရာ အကြောင်းတရား တခုလို့ပြောရမှာပါ။"

အသွင်ကူးပြောင်းရေး ကာလကိုဖြတ်သန်းနေရချိန်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍ ပါဝင်နေတာကို အမေရိကန်ပြည်ထောင်စုက ထောက်ပြဝေဖန်နေပေမယ့် ဒီအတွက် အချိန်အတိုင်းအတာ ယူရမယ်ဆိုတာကို သက်ဆိုင် ရာခေါင်းဆောင်တွေကပြောထားပြီးသာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကတော့ မြန်မာစစ်တပ် ရဲ့ ဆောင်ရွက်ချက်တွေကို ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းအထိ အမေရိကန်ဘက်က စောင့်ကြည့်ဖို့ရည်ရွယ်ထားတာကြောင့် အခုလို စီးပွားရေးပိတ်ဆို့မှု သက်တမ်းကို ထပ်တိုးလိုက်တာဖြစ်တယ်လို့မြင်ပါတယ်။

" ကျနော်မြင်တာကတော့ စီးပွားရေးလုပ်ငန်းရပ်တွေနဲ့ပတ်သက်ပြီးတော့ အရပ်ဖက်တွေ ပုံသဏ္ဍာန်တွေ ပေါ်မှာ အမေရိကန်အစိုးရက အလျှော့ပေးခဲ့ တာတွေ၊ တော်တော်များများရှိတယ်။ အရင်က အရေးယူ ပိတ်ဆို့ထား တာတွေ တော်တော်များများ ရှိတာတွေကို ကျနော်တို့ တွေ့ရပါတယ်။ ဒီအကြမ်းဖက် တိုက်ဖျက်မှု၊ ဥပဒေနဲ့ ငွေကြေးခဝါချမှု ဥပဒေတွေ ကို မြန်မာနိုင်ငံမှာ မှန်မှန်ကန်ကန်ပြဋ္ဌာန်းနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ် ဆိုတဲ့ သတင်းတွေအထိ ကျနော်တို့ ကြားသိရပါတယ်။

ဒါကြောင့်မို့ အမေရိကန်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ တဖြေးဖြေး အလျှော့ပေးလာတယ်။ တဖြေးဖြေး ပြုပြင်ပြောင်းလဲမှုတွေကို ပိုမိုဆောင်ရွက်နိုင်အောင် အပြု သဘောဆန်တဲ့ ဆောင်ရွက်မှုတွေရှိမယ်လို့ ကျနော်မြင်ပါတယ်။ အဲ့ ဒါပေမဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အပိုင်းအပေါ်မှာတော့ အမေရိကန်ဟာ ၂၀၁၅ အလွန် ဒီမိုကရေစီခေတ် ကို စောင့်ကြည့် သွားလိမ့်မယ်လို့ ကျနော် ဒီလိုယူဆမိပါတယ်။ "
အခုလို သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှု ဟာ ၁၉၉၇ခုနှစ်ကတည်းက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေမလုပ်ဖို့ သမ္မတ အမိန့်အာဏာနဲ့ တားမြစ်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာတော့ ပြင်ဆင်ချက်နဲ့အတူ သက်တမ်းထပ်ပြီးတော့ တိုးခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG