သုံးရလွယ်ကူစေသည့် Link များ

NLD ရွေးကောက်ပွဲဝင်ရေးဆုံးဖြတ်ချက် NCGUB အမြင်


သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇူလိုင် ၁၁၊ ၂၀၁၅။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ ဖြစ်မလာတဲ့အချိန် အခုလို၂၀၁၅ ရွေးကောက်ပွဲ ၀င်တာဟာ NLD ရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ NCGUB အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ တရားမျှတမှုဖြစ်ပါ့မလားဆိုတာကိုလဲ သူ့အနေနဲ့ သံသယရှိနေတယ်လို့ ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့မအင်ကြင်းနိုင်က တင်ပြထားပါတယ။်

၂၀၁၅ ရွေးကောက်ပွဲအတွက် တနိုင်ငံလုံးအတိုင်းအတာအရ မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၂၀၀ ကျော်ထဲက အများစုနေရာတွေမှာ NLD ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာသွားပါတယ်။

တဖက်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့အခြေအနေ ဖြစ်မလာသေးတဲ့အချိန်မှာ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ကြေညာချက်ဟာ NLD ရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့ပြီး ဖွဲ့စည်းခဲ့တဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

ဒီ NLD ကနေပြီးတော့ ဒါ သူတို့ရဲ့ဆုံးဖြတ်ချက်ပေါ့နော်။ ကျနော်တို့အနေနဲ့ ဘာမှမပြောလိုဘူး။ သို့သော်လဲ ရွေးကောက်ပွဲတိုင်းဟာ တရားမျှတဖို့ လိုတယ်။ နောက် ကျနော်တို့ကြားနေရတဲ့ သတင်းတွေအရတော့ မဟန်ဘူး။ မဲဆန္ဒရှင်စာရင်းတွေက စပြီးတော့ ကမောက်ကမဖြစ်နေတယ်။ စစ်လို့အလွယ်ဆုံးပဲ။ ဒီရွေးကောက်ပွဲ မဲစာရင်းဆိုတာ။ အဲဒီကစပြီးမှားနေရင်တော့ အတော်ရင်လေးစရာကောင်းပါတယ်။”

NLD အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်တာဟာ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင် ရေးကို ဆက်ပြီး ကြိုးစားသွားမယ်လို့ မြင်ကြောင်း NCGUB အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ NLD ပုလဲလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေကပြောပါတယ်။

“ဘာလို့လဲဆိုတော့ NLD က လွှတ်တော်လမ်းကို ရွေးလိုက်တာကို။ လွှတ်တော်ထဲမှာ လုပ်ဆောင်ချက်ကို ကြည့်လို့ရှိရင် ကျနော်ကတော့ ပွင့်ပွင့်လင်းလင်း အားမနာတမ်းသုံးသပ်ရရင် အင်္ဂတေလောင်း၊ welding ဆော်၊ သံမှိုစွဲထားတဲ့ ကျောက်တုံးကြီးတခုကို တွန်းရင်တွန်းကြည့်ကြပါလားဆိုပြီး တွန်းခိုင်းကြတဲ့အခါမှာ ကျောက်တုံးပေါ်မှာ ထင်ကျန်နေရစ်တဲ့လက်ရာတွေလောက်ပဲ လွှတ်တော်မှာ မပိုဘူး။ NLD ရဲ့ လက်ရာက တော့ ထင်ထင်ရှားရှားရှိတာပေါ့လေ။ ဒီကျောက်တုံးကတော့ ရွေ့မသွားဘူး။ NLD တွန်းခဲ့တယ်၊ လက်ရာ ထင်ထင်ရှားရှား ကျန်ရစ်ခဲ့တယ်။ သို့သော် ဘယ်အရာမှ တည်မြဲတာမဟုတ်ပါဘူး။ နိုင်ငံရေး ပိုတောင်မှ အနိစ္စ သဘောရှိတာကိုး။ အဲတော့ NLD ဟာ ဆက်ကြိုးစားမယ်၊ ဆက်ကြိုးစားပါအုံးမယ်ဆိုတဲ့ကတိနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်လိမ့်မယ်လို့ ယူဆတယ်။ ဆက်ပြီးတော့ ကြိုးစားမယ်ဆိုတာကိုလည်း မလွဲမသွေယုံကြည်ပါတယ်ခင်ဗျာ့။”

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း မအောင်မြင်ခဲ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရမယ်ဆိုရင် အမြန်ဆုံးပြုပြင်ပြောင်းလဲနိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောသွားပါတယ်။

XS
SM
MD
LG