သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမားရဲ့ မြန်မာခရီးစဉ် အပေါ် အမြင်တချို့


မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေ နဲ့ တွေ့ဆုံပြီး မြန်မာ့ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုတွေ ရှေ့ တိုး ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းခဲ့တာ တွေ့ရတယ်လို့ အများက သုံးသပ်ကြ ပါတယ်။ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီး လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသူတွေရဲ့ အမြင်တွေကိုတော့ မအင်ကြင်းနိုင်က စုစည်း တင်ပြပေးထားပါတယ်။

သြဇာကြီးတဲ့ အမေရိကန် သမ္မတတဦး အနေနဲ့ မြန်မာ့အရေး အချိန်ပေးဆောင်ရွက်မှု ဟာ ထူးခြားတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

" အိုဘားမား သူ့သမ္မတ သက်တမ်းမှာ မြန်မာပြည်ကို နှစ်ကြိမ်အထိ လာတယ် ဆိုတဲ့ဥစ္စာက ထူးလည်း ထူးခြားတယ်။ နောက်တခုက အစိုးရအဖွဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ အတွက်ရော ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံ ခေါင်းဆောင် အတွက်ရော နှစ်ဖက်စလုံးအတွက် အကျိုးရှိတယ်လို့ ထင်တယ်။ ပထမတခုက အစိုးရအတွက်ဆိုရင် အဲ့လိုပေါ့ အမေရိကန်သမ္မတက နှစ်ကြိမ်အထိ လာတယ်ဆိုတော့ သူတို့ရဲ့ပြုပြင်ပြောင်းလဲရေး လုပ်နေတာကို အားပေးတယ်ဆိုတဲ့ သဘောလည်းပါတယ်။ နောက်တခု က သူတို့အမြဲတမ်း ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ စောင့်ကြည့် နေတယ်။ သူတို့ကိုယ်တိုင် နောက်ထပ် အသိအမှတ်ပြုမှုရဖို့ ဆိုရင် ဘာတွေ လိုအပ်လဲဆိုတာ လာပြီးတော့ ပြောဆိုပေးတဲ့ သဘောလည်း ပါတဲ့အခါကျတော့ အစိုးရ အတွက်လည်း ကောင်းတယ်။ နောက် ဒုတိယတခု ကတော့ ဒေါ်အောင်ဆန်း စုကြည် နဲ့ အတိုက်အခံတွေကို လာပြီးတော့ တွေ့တယ် ဆိုကတည်းက ဒီမြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သူတို့တွေဟာ ဒီအတိုင်း မနေပါဘူး စောင့်ကြည့်နေပါတယ်။ သူတို့ အမြဲတမ်း အားပေးသမှု ပြုနေပါတယ်ဆိုပြီးတော့ လာပြီးတော့ ပြောသွားတဲ့အတွက် ကျတော့ ကောင်းပါတယ်။"

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ရေး အတွက် နိုင်ငံခေါင်းဆောင်တွေ နဲ့တွေ့ဆုံခဲ့တဲ့ အပြင် လူမှုလူ့အဖွဲ့အစည်းအသီးသီးနဲ့ သာမက ကျောင်းသား လူငယ်တွေနဲ့ ပါတွေ့ဆုံခဲ့တဲ့ သမ္မတ ဘားရက် အိုဘားမားဟာ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ အရေးပါမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ နမူနာယူဖို့ မှာကြားချက်ကနေ သိနိုင်တာမို့ ဂုဏ်ယူတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးကပြောပါတယ်။

"သမ္မတကြီး အိုဘားမား မြန်မာနိုင်ငံကို လာသွားတာ အရမ်းကောင်းပါတယ်။ ကျနော်မြင်တဲ့ဟာကတော့ နောက်ပြီး သမ္မတ အိုဘားမား ပြောသွားတဲ့ စကားတွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ အငြင်းပွားစရာ တချက်မှ မရှိပါဘူး။ အထူးသဖြင့် ကျနော်တို့ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ကျနော်တို့ရဲ့ ညီအကိုလည်းဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုမင်းကိုနိုင်ဟာ ၈၈ပါ။ ဒါကို တကူးတက နံမည်ကို ထည့်ပြောသွားတဲ့ အတွက်ကြောင့်မို့လို့လည်း အရမ်းကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ တနည်းအားဖြင့် ၈၈မျိုးဆက်တွေရဲ့ နိုင်ငံရေး အခန်းကဏ္ဍတခုကို အမေရိကန်သမ္မတ အိုဘားမားက အသိအမှတ်ပြု ပြောဆိုသွားတယ်လို့ပဲ ကျနော် နားလည်ပါတယ်။"

မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှေ့ဆက်မသွားပဲ ရပ်တန့်နေတယ် ဆိုတာ သမ္မတ အိုဘားမားက သဘောပေါက်တယ် လို့ ပြောကြားခဲ့တာဟာ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘောနဲ့ တထပ်တည်းဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ပန်းတိုင်ရောက်ဖို့ ရွေးကောက်ပွဲကျင်းပဖို့ အရေးကြီး သလို ရွေးကောက်ပွဲမတိုင်ခင် တရားမျှတမှုရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်အောင်ပြင်ဆင်ပေးဖို့ လိုအပ်တယ်လို့လည်းပြောပါတယ်။

ဦးစည်သူအောင်မြင့်ကတော့ ဘာဘဲပြောပြော မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲဖို့ ပြည်သူတွေက အဓိကကျတယ်လို့ဆိုပါတယ်။

" အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေက ပြည်ပ နိုင်ငံတွေပဲလေ။ တကယ့် တကယ် ဒီအထဲမှာ အပြောင်းအလဲက ရှေ့ကိုရောက်ဖို့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေ ဒီ့ထက်ပိုပြီး ဖြစ်လာဖို့ ဆိုတာက ပြည်တွင်းက အတိုက်အခံနဲ့ ပြည်သူလူထုတွေ အကုန်လုံး ကြိုးစားကြဖို့လိုတယ်။ အစိုးရ ဆိုလည်း အစိုးရဘက်က ကြိုးစားဖို့လိုတယ်။ တကယ်တော့ ကျနော်တို့ကိုယ်တိုင် ကြိုးစားမှပဲ အပြောင်းအလဲက ပြောင်းလဲပြီး မြန်ဆန်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်မယ်ဆိုတာတော့ ကျနော် တဦးချင်းကတော့ အဲ့လိုပဲ နားလည်တယ်။"

သမ္မတအိုဘားမားဟာ သြစတြေးလျနိုင်ငံက G20 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ သောကြာနေ့က မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG