ဆယ်နှစ်ကျော် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့တဲ့ အီရန်နိုင်ငံရဲ့ နျူကလီယား လက်နက်အစီအစဉ်တွေကို ဖြေရှင်းဖို့ ရှားရှားပါးပါး အခွင့်အရေးတရပ်ရပြီလို့ ရုရှားသမ္မတ Vladimir Putin က ပြောကြားလိုက်ပါတယ်။
ရုရှားသမ္မတပူတင်က အီရန်သမ္မတ Hassan Rouhani နဲ့ တယ်လီဖုံး ဆက်သွယ်ပြီး ကြေငြာချက်ကို ပြောကြားခဲ့တယ်လို့ ရုရှားအစိုးရက တနင်္လာနေ့မှာ ပြောကြားလိုက်တာဖြစ်ပြီး ညှိနှိုင်းဆွေးနွေးပွဲမှာ ရုရှားရဲ့ အခုလို ကြိုးစားမှုကို အီရန်သမ္မတက ကြိုဆိုလိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ နျူကလီယားလက်နက်အစီအစဉ်တွေ ဆက်လုပ်နေမှုအတွက် ဂျနီဗာမှာ ဗုဒ္ဓဟူးနေ့ရောက်ရင် နောက်တချီ ဆွေးနွေးပွဲ ထပ်ကျင်းပမှာဖြစ်ပြီး ဒီ ၆ နိုင်ငံဆွေးနွေးပွဲမှာ ရုရှားလည်း ပါဝင်တာဖြစ်ပါတယ်။ အီရန်ဘက်ကတော့ သူတို့ရဲ့နျူကလီယား အစီအစဉ်တွေဟာ ငြိမ်းချမ်းတဲ့လုပ်ငန်းတွေအတွက်သာ ရည်ရွယ်တာဖြစ်ပြီး လက်နက်ထုတ်ဖို့ မဟုတ်ဘူးလို့ ထပ်တလဲလဲ ငြင်းဆိုနေတာပါ။
ကမ္ဘာ့အင်အားကြီး နိုင်ငံ ၆ နိုင်ငံ ထဲမှာပါဝင်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ဂျာမဏီနိုင်ငံတွေက အီရန်အစိုးရရဲ့ ယူရေနီယမ် သန့်စင်မှုလုပ်ငန်းကို ရပ်တံ့စေချင်ကြတာပါ။ အီရန်ကလည်း သူ့ရဲ့ စီးပွားရေးကို ထိခိုက်စေတဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျော့ပေးလာအောင် ကြိုးစားနေတာဖြစ်ပါတယ်။