သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပယ်ဖျက် ကိုယ်စားလှယ်လောင်း ၁၁ ဦး ပြန်လက်ခံ


ပြန်လည်ရွေးကောက်ခံရမည်ဖြစ်တဲ့ ပယ်ချခံကိုယ်စားလှယ်လောင်းများစာရင်း။ (ဓာတ်ပုံ-UEC)
ပြန်လည်ရွေးကောက်ခံရမည်ဖြစ်တဲ့ ပယ်ချခံကိုယ်စားလှယ်လောင်းများစာရင်း။ (ဓာတ်ပုံ-UEC)

ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တချို့နဲ့ ငြိစွန်းပြီး ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်းတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရေးနဲ့ ပွင့်လင်း မြင်သာတဲ့ ရွေးကောက်ပွဲတခု ဖြစ်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ကန့်သတ်ချက်တချို့ကို ဖယ်ရှားပေးစေ လိုတယ်လို့လည်း နိုင်ငံရေးပါတီ တချို့က ပြောဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်း ၁၈ ဦးတင်ထားတာမှာ ၁၇ ဦး ပယ်ချခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း ၂ ဦးတို့ကို ပြန်ပြီး ယှဉ်ပြိုင်ခွင့်ပေးခဲ့တာပါ။ မောင်တောမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခင်ဇော်မြင့်နဲ့ ရန်ကုန်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒေါ်စိုးစိုးအေးတို့ကို ပြန်ပြီး ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ပါတီရဲ့ဥက္ကဋ္ဌ ဦးကျော်မင်း က ပြောပါတယ်။ ပယ်ချခံထားရတဲ့ပါတီရဲ့ကိုယ်စားလှယ်လောင်း ၁၄ ဦးတို့ရဲ့ မိဘတွေ နိုင်ငံသားဖြစ်ကြောင်း ခိုင်လုံတဲ့အထောက်အထားနဲ့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ကို ထပ်မံ တင်သွင်းထားဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“အခိုင်အမာဆိုတာက မိဘများရဲ့မိဘ၊ အဖေအမေပေါ့၊ သူတို့ရဲ့ဘိုးဘွား၊ ဒီနိုင်ငံမှာ လာနေထိုင်ခဲ့ကြောင်း ရှိတဲ့အထောက်အထားတွေပေါ့။ လူငယ်တွေမှာ မိဘရော၊ အဖိုးအဖွားရော အမျိုးသားမှတ်ပုံတင်ရှိတယ်ဗျာ။ အသက်ကြီးတဲ့အပိုင်းမှာကျတော့ မိဘတွေ၊ အဖိုးအဖွားတွေ ….ဘယ်ရှိမလဲ၊ မရှိဘူး။ ဟိုဘက်မှာ အမျိုးသားမှတ်ပုံတင်မှ မရှိတာ။ လွတ်လပ်ရေးမရခင် ဆုံးသွားတဲ့လူတွေလေ။ မရှိကြဘူး။ ဒါပေမယ့် သူတို့နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားကို အဲဒါတွေရှာဖွေပြီး အားလုံး ကျနော်တို့တင်ထားပါတယ်။ နောက်ပြီးတော့ တချို့တွေက ဝန်ထမ်းမိသားစုတွေဖြစ်တယ်။ တချို့တွေက ၉၀ - ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့လူတွေလည်း ရှိပါတယ်။ အဲဒါတွေ စုံအောင်တော့ တင်ထားပါတယ်။ ဆုံးဖြတ်တာတော့ ကော်မရှင်ရဲ့ တာဝန်ပေါ့ဗျာ။ ဘယ်လိုလာမယ် မပြောတတ်ဘူး။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စုံညီခုံရုံးကနေ ပယ်ချခံ ကိုယ်စားလှယ်လောင်း ၁၈ ဦးတို့ထဲက ၁၁ ဦးတို့ကို ပြန်လည်ခွင့်ပြုကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ မိဘဖြစ်သူတွေ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့စွပ်စွဲချက်နဲ့ ပယ်ချခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီသစ် ပါတီက ဒေါ်စန်းစန်းမြင့်ကိုလည်း ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ ပါတီဥက္ကဋ္ဌ ဦးသိန်းညွှန့်က အခုလိုပြောပါတယ်။

“အဲဒါက နိုင်ငံသား ဟုတ်မဟုတ် သံသယရှိတယ်ဆိုပြီးတော့ ပယ်လိုက်တာ။ ဒါက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က။ အဲဒီတော့ ကျနော်တို့က ရန်ကုန် တိုင်းကော်မရှင်ကို အယူခံတက်တယ်။ အဲဒါကို ရန်ကုန်တိုင်းကော်မရှင်က ပြန်လည် လက်မခံဘူး။ ပ,လပ်လိုက်တယ်။ အဲဒါကြောင့် ကော်မရှင်လုပ်ပိုင်ခွင့် ပြီးဆုံးသွားပေမယ့် ပါတီဥက္ကဋ္ဌအနေနဲ့ ကျနော်ကိုယ်တိုင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ပုဒ်မ ၅၄ အရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဒေါ်စန်းစန်းမြင့်ကို ပြန်လည်ခွင့်ပြုဖို့ တင်ခဲ့တယ်ပေါ့။ အဲဒီ…ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျနော် နေပြည်တော်မှာ ရွေးကောက်ပွဲအတွက် အသံသွားသွင်းနေတဲ့ ၁၈ ရက်နေ့မှာပေါ့ ပြန်လည်ပြီးတော့ သူတို့ခွင့်ပြုတဲ့အကြောင်း အကြောင်းကြားခဲ့တာ။”

ဦးသိန်းညွန့်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီသစ်ပါတီကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခု လက်ရှိအချိန်ထိတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ အခက်အခဲ အနည်းငယ်ရှိနေတာကိုလည်း ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြသွားဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။ ကိုယ်စားလှယ်လောင်းအားလုံးနီးပါး ပယ်ချခံခဲ့ရတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကတော့ လာမယ့် ရွေးကောက်ပွဲမှာ လူနည်းစုတွေ အားလုံးပါဝင်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စဉ်းစားပေးဖို့ ပါတီဥက္ကဋ္ဌဦးကျော်မင်းက တိုက်တွန်း ပါတယ်။

“….ကျနော်တို့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းဖို့ဆိုတဲ့ အချိန်ကာလ တစ်လလောက်ပဲရတယ်။ အဲဒီတော့ - အဲဒီအချိန်မှာ ကျနော်တို့ ပြင်ဆင်ရတာတွေ နည်းနည်း အခက်အခဲတွေ ရှိပါတယ်။ ရှိတဲ့ကြားကနေ အားလုံးလိုလို ပယ်တယ်ဆိုတာက ဥပဒေကြောင့် မဟုတ်ဘဲနဲ့ ကော်မရှင်ရဲ့ လက်..မှာတော့ ဒီ မူဝါဒကြောင့်ပဲလို့ ကျနော်တို့ သုံးသပ်ရတယ်။ အဲဒီတော့ အဲဒီလို ပွင့်လင်းမှုမရှိဘူးပေါ့ဗျာ။ ဒီမိုကရေစီနိုင်ငံတွေမှာ ကျနော်တို့ သိသလောက်ဆိုရင် လူနည်းစုတွေကို မပါ ပါအောင် စည်းရုံးခေါ်၊ လက်တွဲခေါ်တဲ့ပုံစံမျိုး ရှိပါတယ်။ အခုက ကျနော်တို့က လူနည်းစုဖြစ်လို့ နိုင်ငံတော်က လက်ရှိ အသိအမှတ်မပြုချင်တဲ့လူနဲ့ ဆို…..ဖြစ်နေတယ်။ အဲဒါကြောင့်ပယ်ချတာလို့ ကျနော်ထင်တယ်။ အဲဒီတော့ ဒီ ပေါ်လစီတွေက အားရစရာတော့ သိပ်မရှိဘူး။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စုံညီခုံရုံးကနေ ပြန်လည် အတည်ပြုပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ အရင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီတဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ၂ ဦး၊ အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီက ၄ ဦး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီက ၂ ဦး၊ အမျိုးသား ဒီမိုကရေစီပါတီသစ်က ၁ ဦးနဲ့ တသီးပုဂ္ဂလ ၂ ဦး စုစုပေါင်း ၁၁ ဦးတု့ိကို ရွေးကောက်ပွဲ ဝင်ခွင့် ပြန်လည် ခွင့်ပြုလိုက်ပါတယ်။

XS
SM
MD
LG