သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သွားမယ့် မြန်မာ ဒုက္ခသည်တွေ ကြန့်ကြာမှုနဲ့ကြုံ


ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းတစ်ခု။
ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းတစ်ခု။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းနေတဲ့ အခြေအနေက မြန်မာဒုက္ခသည်တွေအပါအဝင် အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေကိုပါ ဂယက်ရိုက်လာပါတယ်။ အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်စခန်းတွေက မြန်မာ ဒုက္ခသည် ၂၀၀ လောက်ဟာ ဒီအောက်တိုဘာလထဲမှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချမယ့် အစီအစဉ်တွေ နှောင့်နှေးခဲ့ရသလို အခြေချနေထိုင်ခွင့် ဗီဇာကံစမ်းမဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းတချို့မှာလည်း ကြန့်ကြာမှုတွေ ရှိနေတာပါ။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပြီးသား ဒုက္ခသည်တွေကို အကူအညီပေးရေး အစီအစဉ်တွေမှာလည်း အခက်အခဲတွေ ရှိလာနေတဲ့အကြောင်းကို ဗွီအိုအေသတင်းထောက် Kane Farabaugh ရဲ့ သတင်းပေးပို့ချက်နဲ့အတူ မနန္ဒာချမ်းကတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ Obamacare လို့ခေါ်တဲ့ တန်ဖိုးနည်း ကျန်းမာရေး အာမခံအတွက် အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းကိစ္စ အစိုးရနဲ့ Republican အမတ်တွေအကြား ညှိနှိုင်းလို့မရ ဖြစ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းထားရတာ အခုဆိုရင် သီတင်းနှစ်ပတ် နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီဂယက်က အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းကနေ အမေရိကန် ပြည်ထောင်စုကို လာရောက် အခြေချနေထိုင်ကြဖို့ရှိနေတဲ့ ဒုက္ခသည်တွေကိုပါ ရိုက်ခတ်လာတာပါ။ ဒီအထဲမှာ ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည် တွေလည်း ပါဝင်ပါတယ်။ ထိုင်းနယ်စပ် တာ့ခ်ခရိုင်မှာရှိတဲ့ အုန်းဖြန်ဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၇၀ ကျော်ဟာ အောက်တိုဘာလ ၄ ရက်၊ ၈ ရက်နဲ့ ၁၄ ရက်တွေမှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာမယ့် အစီအစဉ် ပျက်သွားခဲ့ပြီး ဒီလထဲ နောက်ထပ်သွားမယ့် ဒုက္ခသည်တွေရဲ့ အခြေအနေဟာလည်း မရေရာတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ အုန်းဖြန်ဒုက္ခသည်စခန်းတာဝန်ခံက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“၄ ရက်နဲ့ ၁၄ ရက်နေ့ အမေရိကားကို ထွက်မယ့် အုန်းဖြန်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက ဘာကိစ္စမှန်းကျနော်တို့မသိဘူးပေါ့လေ- သူတို့ ခနရပ်ဆိုင်းထားတယ်။ သူတို့ IOM ကနေအကြောင်းကြားလာတယ်။ ဒီလူတွေဟာ ခန ရပ်နားထားတယ်-တဲ့။ ဘယ်နေ့ ဘယ်ရက်ထွက်ရမလဲ မလာသေးဘူးနော်။ ဆက်စောင့်နေရအုံးမယ်လို့တော့ ပြောတာပဲ။ ၄ ရက်နေ့က ၈ ယောက်နော်၊ ၈ ရက်နေ့က ၂၀၊ ၁၄ ရက်နေ့က ၄၃ ယောက်၊ အားလုံးပေါင်း ၇၁ ယောက်နော်။ အခု နောက်သတင်းထပ်ကြားတာက ၁၈ ရက်နေ့ ထွက်ဖို့က အယောက် ၂၀ ရှိတယ်။ ၂၁ ရက်နေ့မှာက ၃၅ ယောက်၊ ၂၂ ရက်နေ့မှာက ၁၂ ယောက်၊ ၂၅ ရက်နေ့မှာက ၃ ယောက် အားလုံး လူ ၉၀ နော်- အားလုံး ready သူတို့လုပ်ထားပြီးပြီ။ အခုတော့ တစ်ယောက်မှ သွားမဖြစ်သေးဘူး။”
ဒါ့အပြင် အခုလိုဖြစ်ရပ်မျိုး ကြုံဖူးတာဟာ ဒါ ပထမဆုံးဖြစ်ပြီး - အရင်က အမေရိကန်ပြည်ထောင်စုကနေ မြန်မာဒုက္ခသည်တွေကို ခေါ်ယူတဲ့အခါတိုင်း ဒီလို နှောင့်နှေးကြန့်ကြာမှုမျိုး၊ ခရီးစဉ်ပျက်ရတာမျိုးတွေ မရှိခဲ့ဘူးလို့လည်း အုန်းဖြန်ဒုက္ခသည်စခန်းတာဝန်ခံက ပြောပြပါတယ်။

“ခရီးသွားနေတဲ့လူတစ်ယောက်ကတော့ သတ်မှတ်တဲ့ရက်ရောက်တဲ့အချိန်မှာ သူကတော့ သွားချင်တာပေါ့နော်။ သို့သော်လည်းပဲ အခြေအနေ မပြေလည်မှုရှိတဲ့အပေါ်မှာ သည်းခံပြီးတော့ စောင့်ကြတာပေါ့။ ဒီလိုမျိုးတစ်ခါမှ လေး-ငါး-ခြောက်နှစ်အတွင်းမှာ ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးဗျ။ ဒါ ပထမဆုံးအကြိမ်ပဲထင်တယ်။”

ထိုင်းနယ်စပ်တလျှောက်မှာ မြန်မာဒုက္ခသည်တွေ သိန်းနဲ့ချီရှိပြီး - မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာပြီးတဲ့နောက် ဒီဒုက္ခသည်တွေကို နေရပ်ပြန်လည်နေထိုင်းရေး အစီအစဉ်တွေ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရကတွေက လုပ်ဆောင်နေတာပါ။ ဒီအထဲကမှ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အသိအမှတ်ပြုခံထားရသူတချို့သာ တတိယနိုင်ငံတွေကို ထွက်ခွာရမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရကလည်း ဒုက္ခသည်ဦးရေ ၃၀၀၀ လောက်ကို အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချနေထိုင်ဖို့အတွက် ၂၀၁၃ ခုနှစ် ဇွန်လဆန်းက နောက်ဆုံးထားစာရင်းကောက်ယူခဲ့ပါတယ်။ ဒီစာရင်းထဲကမှ အခုလို အသုတ်လိုက် အမေရိကန်ကို ထွက်ခွာဖို့ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အခြေအနေက အမေရိကန် ပြည်ထောင်စုကို ရောက်နှင့်ပြီးသား ဒုက္ခသည်တွေကို အကူအညီပေးရေး အခြေအနေတွေမှာလည်း အခက်အခဲတွေ ကြုံနေရတာပါ။ ဒါကြောင့် ဒုက္ခသည်အခြေချနေထိုင်ရေး အကူအညီပေးနေတဲ့ International Institute က Suzane LeLaurin ကတော့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေတဲ့အတွက် ခိုလှုံဖို့ လာမယ့်သူတွေ အခက်အခဲတွေ့ရတဲ့အထိ ဖြစ်ရတာဟာ အမေရိကန် ပြည်ထောင်စုအတွက် ရှက်စရာကောင်းတဲ့ ဖြစ်ရပ်လို့ ပြောပါတယ်။

"ကျမတို့ တိုင်းပြည်အတွက်တော့ ဒါဟာ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ကမ္ဘာတဝှမ်း ကျမတို့ရဲ့ ဂုဏ်သိက္ခာအတွက်လည်း မကောင်းပါဘူး။ ကျမအထင် အားလုံးက ဖြစ်စေချင်တဲ့ဆန္ဒကတော့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေ အတူထိုင်ပြီး အစိုးရကလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ရေး သဘောတူညီချက်ရအောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။"

သူ အကူအညီပေးနေတဲ့ မစ်ဇူရီပြည်နယ်မှာ လတ်တလောကိုပဲ မြန်မာနိုင်ငံက ဒုက္ခသည်တွေအပါအဝင် အခြေချနေထိုင်ဖို့ အစီအစဉ်တွေ ရပ်ဆိုင်းနေတဲ့သူ ၃၀ ကျော်ရှိပါတယ်။

“ကျမတို့အဖွဲ့အနေနဲ့ ဒုက္ခသည်အဖြစ် အမေရိကန်ကို လာရောက် အခြေချနေ ထိုင်မယ့်သူတွေကို ကူညီပေးနေတဲ့ ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းလောက်က အစိုးရဆီက ရနေတာပါ။”

တကယ်လို့သာ အစိုးရလုပ်ငန်းရပ်ဆိုင်းမှု အခြေအနေ ဆက်ဖြစ်နေဦးမယ် ဆိုရင်တော့ ဒီဒုက္ခသည်တွေကို ကူညီနေတဲ့ အိမ်ငှားစရိတ်၊ ရေဖိုးမီးဖိုး နဲ့ အစားအသောက်ကအစ ကျမတို့ ဝန်ထမ်းတွေ လခ အဆုံး - အကုန်လုံးမှာ အခက်အခဲတွေ ရှိလာမယ်လို့လည်း ဆူဇန် က ပြောဆိုခဲ့ပါတယ်။

အလားတူ ဒီဂယက်က ဒုက္ခသည်အစီအစဉ်မှာတင် မဟုတ်ပါဘူး။ အခြေချ နေထိုင်ခွင့် ဗီဇာကံစမ်းမဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းတချို့မှာလည်း ကြန့်ကြာမှုတွေဖြစ်နေတာပါ။ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကနေ DV ဗီဇာကံစမ်းမဲအကြောင်း သိသင့်တဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ဟောပြောပွဲတွေ ၃ ကြိမ်လုပ်ဖို့ စီစဉ်ထားတာမှာ စက်တင်ဘာလကုန်က တကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး အောက်တိုဘာလထဲ လုပ်ဖို့ စီစဉ်ထားတဲ့ ၂ ခုကိုတော့ ဖျက်သိမ်းတဲ့အကြောင်း U.S. Embassy Rangoon ရဲ့ Facebook စာမျက်နှာမှာ တရားဝင်ကြေညာထားပါတယ်ရှင်။
XS
SM
MD
LG