သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြေးဒုက္ခသည်တချို့ ကျောက်တော်မှာ ဖမ်းဆီးခံရ


စစ်ပြေးဒုက္ခသည်များ (photo-Rakhine Ethnics Congress)
စစ်ပြေးဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်က ရွာသားတွေဟာ သူတို့ဒေသမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ဘေးတိမ်းရှောင်ရာကနေ အခုတော့ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတယ်လို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲဒီ ရှင်းလက်ဝရွာသား လူငယ် တွေအနေနဲ့ စစ်ရေးပဋိပက္ခအတွင်း ဖမ်းဆီးခံရမှာကြောက်လို့ နေရပ်ကနေတိမ်းရှောင်လာကြတာလို့ မြို့ခံတွေကပြောပါတယ်။ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အတွင်းကို စစ်ပြေးတိမ်းရှောင်လာကြတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်၀ ရွာသား (၂၄) ဦးနဲ့ အိမ်ရှင်နှစ်ဦးကို တပ်မတော်ရဲ့တိုင်ကြားချက်အရ ကျောက်တော်ရဲစခမ်းက ဖမ်းဆီးထားတယ်လို့ ကျောက်တော် မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ဗွီအိုအေကိုပြောပါတယ်။

“တိုက်ပွဲအခြေအနေကြောင့်။ သူတို့အသက်အန္တရာယ်လုံခြုံမှုမရှိတာကြောင့် အဲတာကိုလာတဲ့အခါမှာ ဒီအုပ်ချုပ်ရေးမှူး ဆီမှာနေပြီးတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီမှာဧည့်စာရင်းတွေတိုင်တယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးကနေ မြို့နယ်အုပ် ချုပ်ရေးမှူးကိုအကြောင်းကြား အဲဒီလိုမျိုးတောင်းပြီးတော့ သူတို့နေကြတယ်လေ။ မနေ့ကတနေ့လုံးဘဲဗျ မနက်ကနေ ညဉ့်နက်(၁၀)နာရီလောက်အထိ သူတို့ကို ကိုယ်ရေးရာဇဝင်တွေစစ်တယ်။ သူတို့လာတဲ့ဥစ္စာကိုမေးတယ်။ ညသန်းခေါင်ကျော် (၁၂)နာရီခွဲလောက်မှာ ဖမ်းချုပ်တာပေါ့နော်။ (၂၆)ယောက်ပေါ့ အနေ့ကဖမ်းတာက။ အိမ်ရှင်အပါအဝင်(၂၆) ယောက်။ အဲတာကိုကျွန်တော်တို့သွားလိုက်တဲ့အခါ တရားရုံးကိုသွားတယ်။ ရဲစခမ်းတွေ ဘာတွေသွားတယ်။ ရဲစခမ်း မှာမရှိဘူး။ တရားရုံးကိုရမန်ယူပြီးတော့ စစ်တွေကိုပို့လိုက်တယ်။ တရားသူကြီးနဲ့တွေ့လို့မေးမြန်းတဲ့အခါမှာတော့ ၁၇/၁နဲ့ သူတို့ဖမ်းတယ်ဆီးတယ်လို့ပြောတယ်။ တပ်ကဖမ်းခိုင်းတာပေါ့နော်။ ဟို(၃၇၅)ဆိုတဲ့တပ်ရင်းက ဖမ်းခိုင်းတာ ပေါ့။ ဗိုလ်မှူးတယောက်က သူကတရားလိုအဖြစ်အမှုဖွင့်ပြီးတော့ ဖမ်းခိုင်းတာပေါ့နော်။”

အဲဒီ ရှင်းလက်ဝရွာသား စစ်ရှောင်တွေဟာ ဇန္နဝါရီ(၂၆)ရက်နေ့က ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာအထက် ခုံရွာ နဲ့ကောက်ကြီးဝရွာဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်AAတို့တိုက်ပွဲဖြစ်ပွါးခဲ့အပြီး တပ်မတော်ကနေ ရှင်းလက်ဝဒေသကရခိုင်လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကြပ်လာတာကြောင့် နေရပ်ကနေ ကျောက် တော်ဘက်ကိုတိမ်းရှောင်လာခဲ့ကြတာပါ။

အဖမ်းဆီးခံရတဲ့ ရှင်းလက်ဝရွာသားစစ်ရှောင်တွေဟာ ဒေသအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အကြောက်တရားနဲ့ ကျောက်တော်ဘက်ကိုတိမ်းရှောင်လာတယ်လို့ စစ်တွေမြို့ခံဦးဇော်ဝင်းကပြောပါတယ်။

“စစ်ရှောင်တွေနဲ့တွေ့တုန်းကသူတို့ပြောတာတော့ အခက်ခဲတွေနဲနဲ ဖိအားတွေများတယ်။ ကြောက်လန့်ကြတယ်။ အဲဒီရှင်းလက်ဝရွာမှာ သံသယနဲ့အဖမ်းခံထားရတဲ့ လူငယ်တချို့ရှိတယို့ပြောတယ်။ အဲဒီလူငယ်တွေကိုဖမ်းလို့ ငါတို့ တွေကိုလဲ အဲဒီလိုဖမ်းမလား။ အနိုင်ကျင့်မလားဆိုပြီးတော့ ကြောင်လန့်ပြီးတော့ ပြေးလာကြတယ် အဲဒီလိုပြောတယ် ခင်ဗျ။ ဒီကျောက်တော်ကိုရောက်တဲ့စစ်ရှောင်တွေလေ။”

မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့သူ (၂၆) ဦးကို စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှာထိန်းသိမ်း ထားတယ်လို့သတင်းထွက်ပေါ်နေပေမဲ့ သူတို့စခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတာမရှိဘူးလို့ တာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။

“ကျွန်တော်တို့ရဲစခန်းမှာမရှိဘူးခင်ဗျ။ ဖမ်းလဲဖမ်းမထားပါဘူး။ အခုကျွန်တော်တို့ရဲစခန်းမှာလဲမရှိသေးပါဘူးဗျာ။”

ရှင်းလက်ဝရွာသားတွေနဲ့ ကျောက်တော်အိမ်ရှင်အပါအဝင် ၂၆ ဦးကို တပ်မတော် ခမရ ၃၇၅ တပ်ကနေ တရားစွဲဆိုထားတယ် ဆိုတဲ့ ပြောဆိုချက်အပေါ် အတည်ပြုချက်ယူဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူးနဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်က တပ်မတော်ပြောခွင့်ရကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့လဲ ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုက်ပွဲနောက်ဆုံးသတင်းအနေနဲ့တော့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့နဲ့ ၃ရက်နေ့တွေက ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ် ကျောက်တန်းရွာအနီးတဝိုက်မှာ ရခိုင့်တပ်မတော်က ခြုံခို ဗုံးခွဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။တနင်္ဂနွေနေ့က ကျောက်တန်းရွာ အဝင် တံတားအနီးဖြစ်ပွါးတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ AA တပ်ဖွဲ့အနေနဲ့ ကျေးရွာတွေကို အကာအကွယ်ယူ တိုက်ခိုက်တာ ဖြစ်ပြီး တောထဲမှာ တိုက်ခိုက်သင့်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက သတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။

စနေနေ့က ရသေ့တောင်မြို့နယ် ရေဘုတ်နဲ့ကျောက်တန်းရွာအကြား AA ဘက်က ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တော့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို တနင်္ဂနွေနေ့မှာ ဗွီအိုအေကနေ ဆက်သွယ်မေးမြန်းချိန်က အခုလိုပြောထားပါတယ်။

“တိုက်ပွဲဖြစ်တာမဟုတ်ဘူးဗျ။ အရပ်သားကားကိုမိုင်းကြဲတာ။ ကျွန်တော်သုံးသပ်တာကတော့ ကျွန်တော်တို့တပ်တွေ အသုံးပြုတဲ့ကားထင်ပြီးတော့ ဒီကောင်တွေမိုင်းခွဲတိုက်ခိုက်တယ်နဲ့တူတယ်။ တကယ်တန်းဖြစ်တာ အဲဒါအရပ်ကားပါ။ ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာတော့ ကားမှာတော့လူတွေတယောက်မှ မတွေ့ဘူးခင်ဗျ။”

စစ်ရေးပဋိပက္ခ မငြိမ်းသေးတာနဲ့အမျှ အရေအတွက် ၆၀၀၀ ကျော်ရှိနေပြီဖြစ်တဲ့ စစ်ရှောင်ဒုက္ခသည်တွေ စားသောက်နေထိုင်ရေး သာမက ကလေးငယ်တွေရဲ့ ပညာရေးအတွက်လည်း အခက်အခဲကြုံနေကြရပါတယ်။

ဘူးသီးတောင်မြို့နယ်က ကျောင်းသားဦးရေ ၇၇ ဦးရှိတဲ့ ဒုံသိမ်းစစ်ရှောင်စခမ်းက ကျောင်းသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကိုတော့ အကူအညီပေးနေတဲ့ ရခိုင်မျိုးဆက်သစ်လူငယ်ကွန်ရက် ဦးဆောင်သူ ကိုသန်းလှက အခုလိုပြောပါတယ်။

“အဲဒီမှာကျောင်းမှာက အလယ်တန်းအဆင့်မရှိဘူးဗျ။ မူလတန်းအဆင့်ရှိတယ်။ အလယ်တန်းတက်ရတဲ့ ကျောင်းသား ကျောင်းသူတွေက အခက်ခဲတွေဖြစ်တယ်။ ကျောင်းတက်လို့မရဘူးပေါ့။ ကျောင်းတက်လို့မရဘူးဆိုတော့ စာမေးပွဲကို ဘယ်လိုစစ်မလဲပေါ့။ စာမေးပွဲစစ်ဖို့က တခြားနေရာမှာစီစဉ်ပြင်ဆင်ရမယ်။ ဒါမှမဟုတ်ဘူးဆိုရင် အဲဒီမူလတန်းကျောင်း မှာဘဲ စာမေးပွဲစစ်နိုင်အောင်ပြင်ဆင်ရမယ်။ ဒီကလေးတွေက အဝေးမှာစာမေးပွဲသွားဖြစ်မယ်အခါကျရင် ဒါကမပြေဘူး ခင်ဗျ။ ဘယ်မိဘမှလဲမလွှတ်ဘူးဗျ။ အဲတာကြောင့်မို့လို့ ဒီစာမေးပွဲအခက်ခဲကရှိတယ်။”

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် ကျောက်တော် ပုဏ္ဏားကျွန်း ရသေ့တောင် ဘူးသီးတောင် မောင်တော မြောက်ဦးမြေပုံမြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေမှာ AA အဖွဲ့တွေ ရောနှောဝင်ရောက်နေတာကြောင့် မသင်္ကာတဲ့ လူနေအိမ်တွေ ကို စစ်ဆေးသွားဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဇန်နဝါရီလ ၂၈ ရက်စွဲနဲ့ ညွှန်ကြားချက်ထုတ်ပြန်ထားပြီးနောက်ပိုင်း ဒေသအတွင်းမှာ စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG