သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးအထင်လွဲမှုမျိုးရှောင်ဖို့ စကားလုံးအသုံးအနှုန်း သတိထားသင့်


ဘာသာပေါင်းစုံဆုတောင်းပွဲ (ရိုက်တာ ၂၀၁၇)
ဘာသာပေါင်းစုံဆုတောင်းပွဲ (ရိုက်တာ ၂၀၁၇)

လူမျိုးရေး ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ကိုးကွယ်ယုံကြည်ရာ ဘာသာမတူသူတွေကြား အမုန်းပွားမှုတွေမဖြစ်စေဖို့ သက်ဆိုင်တဲ့ အစိုးရတာဝန်ရှိသူတွေဘက်က စကားလုံး သုံးနှုန်းပြောဆိုမှုတွေမှာ အထူးသတိထားကြဖု့ိ လိုတယ်လို့ ဘာသာရေး ခေါင်းဆောင်တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဘာသာမတူသူတွေကြား အတူယှဉ်တွဲနေထိုင်ရာမှာ မေတ္တာတရား လက်ကိုင်ထားကြဖို့ အပြင် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်မှုတွေကို အထူးသတိထားကြဖို့ကိုလည်း ပြည်သူတွေကို ပန်ကြားပါတယ်။ လတ်တလော သာသနာရေးဝန်ကြီးရဲ့ အစွမ်းရောက်ဘာသာတရားလို့ စကားလုံး သုံးနှုန်းပြောဆိုမှုအပေါ် ကြေညာချက်တွေ ထုတ်ပြန်ပြီးလည်း ကန့်ကွက်ခဲ့ကြသလို သာသနာရေးဝန်ကြီးဌာနဘက်ကလည်း ပြန်လည် ဖြေရှင်းခဲ့ကြရတာလည်းရှိနေပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဘာသာရေးလွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို ဆိုးဆိုးရွားရွား ဖိနှိပ်နေတဲ့ ကမ္ဘာတဝှမ်းကနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း တနိုင်ငံဖြစ်တယ်ဆိုတာကို ၂၀၁၈ ခုနှစ် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာလည်း ဖော်ပြပါရှိထားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုးကွယ်ယုံကြည်ရာဘာသာမတူတွေ စုပေါင်းနေထိုင်ရာ မြန်မာနိုင်ငံမှာ လူမျိုးရေး-ဘာသာရေးအခြေခံတဲ့ အကြမ်းဖက်ပဋိပက္ခတွေ မဖြစ်ပွားစေဖို့ အထူးသဖြင့် အစိုးရပိုင်းတာဝန်ရှိသူတွေ၊ ဘာသာရေးအထင်ကရခေါင်းဆောင်တွေရဲ့ စကားလုံးသုံးနှုန်းပြောဆိုမှုတွေ ဟောပြောမှုတွေကို အထူးသတိထားသုံးနှုန်းပြောဆိုကြဖို့ အရေးကြီးတယ်လို့ ဘာသာရေး ခေါင်းဆောင်တချို့က သတိပေးပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကဦးဆောင် ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့ဝင်လည်းဖြစ် အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်က အမုန်းတရားတွေ ကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေမှုတွေရှိနေတဲ့ မြန်မာနိုင်ငံတွင်း ဘာသာမတူသူတွေကြား မေတ္တာတရားကိုအခြေခံတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်ကြဖို့ အရေးကြီးတဲ့အချိန်ဖြစ်နေပြီလို့ အခုလိုပြောဆိုလိုက်ပါတယ်။

"ဒီဘာသာပေါင်းစုံ ရှိနေတာကလည်း ငြင်းလို့မရတဲ့အချက်ပေါ့နော် ဒီဘာသာပေါင်းစုံကိုလည်းပဲ တတ်နိုင်သလောက် ချီးမြှောက်ရမယ်ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို ပါပါတယ်။ အဲ့တာအပြင် ဗုဒ္ဓရဲ့ ဘာသာတရားတော်မှာလည်းပဲ မတူကွဲပြားမှုများကို ရှုတ်ချခြင်း ကန့်ကွက်ခြင်း မလုပ်တတ်အပြင် အားပေးအားမြှောက်ပြုရမယ် ဆိုတာ အသောကမင်းကြီးရဲ့ ကျောက်စာတိုင် အမှတ်(၁၂)မှာ တခြားသာသနာကို ချီးမြှောက်ခြင်းအားဖြင့် ကိုယ့်သာသနာကို ချီးမြှောက်ရာ ရောက်တယ် တခြားသာသနာများကို နှိမ့်ချရင်တော့ဖြင့် မိမိဘာသာသသနာကို ကျဆုံးအောင် လုပ်တာနဲ့တူတယ်လို့ မင်းမြတ်တပါးက ပြောထားတယ်ဆိုတော့ အဲ့ဒီ့ထုံးလေး နှလုံးမူနိုင်ရင်တော့ ကောင်းတာပေါ့နော်။ သို့သော်လည်းပဲ ဘာသာတရား ခုတုံးလုပ်ပြီးတော့ အမြတ်ထုတ်ခြင်း အဓမ္မဝါဒီတစုကတော့ဖြင့်ရင် အဲ့လိုရိုးသားတဲ့ပြည်သူတွေကို မှိုင်းတိုက်ပြီးတော့ကာ လမ်းလွှဲရောက်အောင် လုပ်နေတာကတော့ ရှိတယ် အဲ့တော့ အဲ့တာကို အကုန်လုံး ဘာသာတရားတွေကို တကယ် ယုံယုံကြည်ကြည် ကိုင်းကိုင်းရှိုင်းရှိုင်း ကျင့်သုံးလိုက်နာနေတဲ့ သူတိုင်းက စည်းစည်းလုံးလုံးနဲ့ ဒါကို ပြန်လည်ပြီးတော့ ကာကွယ်ရမယ်။ သာသနာကို ကာကွယ်ဖို့ရတာ အဲ့ဒီ့နည်းနဲ့ကာကွယ်ဖို့ လိုအပ်ပါတယ်။ မိမိဘာသာ သာသနာ မိမိချစ်မြတ်နိုးတဲ့ ဘာသာ သာသနာကို မိမိက ပြန်လည်ပြီးတော့ကာ တလွဲနေရာမှာ အသုံးချနေတဲ့ အဲ့ဒီ့အဓမ္မဝါဒီတွေဟာ မြင့်မြတ်တဲ့တရားကို မတရားအမှုတွေကို အသုံးချနေခြင်းက ကာကွယ်ရန်လိုအပ်ပါတယ်လို့ ကျနော်ကတော့ အဲ့လိုပဲ မြင်ပါတယ်ခင်ဗျ။"

မြန်မာနိုင်ငံတွင်းက အစိုးရ၊ တပ်မတော်၊ ဘာသာသာသနာကို ဦးဆောင်နေတဲ့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ မိမိတို့သုံးနှုန်းတဲ့ စကားလုံး ဝေါဟာရ အပြောအဆိုတွေကို ဘာသာရေးသက်သက်မဟုတ်ပဲ နိုင်ငံရေးနဲ့ နွယ်ပြီး ရည်ရွယ်ချက်ရှိရှိ စည်းရုံးလှုံ့ဆော်နေတာမျိုးတွေ မဖြစ်အောင် အထူးသတိထားကြဖို့ကိုလည်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ် သိက္ခာတော်ဆရာတော် ဒေါက်တာ Hkalam Samsom ကလည်း သတိပေးပြောဆိုပါတယ်။

"ဒီလိုအချိန်အခါမှာ အထူးသဖြင့်တော့ အာဏာကို ရရှိထားတဲ့ အစိုးရရယ်၊ စစ်တပ်ကရယ်ကိုပိုပြီးမှ သတထားရမယ်လို့ ကျနော် အဲလိုပဲ ခံယူပါတယ်။ သူတို့ရဲ့အသုံးပြုမှုတွေအပေါ်မှာ အဲဒီလိုဘာသာရေးကို အသုံးပြုမပြုရင်တော့ အကောင်းဆုံးပဲ ဖြစ်လာလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။ ဒါပေမယ့် တခါတလေကျရင် ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ ဘာသာရေးကို နိုင်ငံရေးအနေနဲ့သော်လည်းကောင်း၊ စစ်ရေးအနေနဲ့သော်လည်းကောင်း အသုံးပြုခံလိုက်ရတဲ့အချိန်မှာ တဘက်သတ် ဟောပြောတာတွေ၊ အဲဒီ အမုန်းစကားများအပါပေါ့နော- အဲဒီ ဟောပြောတာတွေက ရှိနေတာကို ကျနော်တို့ အခု လက်ရှိမှာ တွေ့နေရတာပေါ့။ ...ဆိုတော့ တကယ်တန်း အနှစ်သာရကတော့ အားလုံး မေတ္တာတရားမှာ အခြေခံတဲ့အပေါ်မှာ သွားရင်တော့ ပြဿနာမရှိဘူးပေါ့။ ဒါပေမယ့် အခုနလို အသုံးချခံလိုက်ရတဲ့ အချိန်မှာကျတော့ ပြင်းထန်မှုတွေ၊ ပဋိပက္ခတွေကို ဦးတည်သွားတဲ့ အခြေအနေမှာရှိတာပေါ့။ -ဆိုတော့ ကျနော်တို့ ခရစ်ယာန်ဘက်က အမြင်ကို ပြောမယ်ဆိုရင်တော့ သည်းခံခွင့်လွှတ်ခြင်းတို့၊ မေတ္တာတရားတို့ဆိုတာ လုပ်ဆောင်နေတယ်၊ အနာဂတ်မှာလည်း အဲလိုပဲသွားမှာပဲလို့ ကျနော်က အဲလို ယုံကြည်တယ်။"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ရက်နေ့က ကရင်ပြည်နယ် မြိုင်ကြီးငူဆရာတော်ရဲ့ အန္တိမဈာပနအခမ်းအနားမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဆရာတော်ကြီးတွေကို လျှောက်ထားချက်ထဲ အစွန်းရောက်ဘာသာတရားလို့ သုံးနှုန်းပြောဆိုခဲ့မှုအပေါ် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းပေါင်းစုံက ကန့်ကွက်ခဲ့ကြပြီး ဥပဒေကြောင်းအရ အရေးယူပေးဖို့ ပြည်ထောင်စုအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဘက်က အစွန်းရောက်ဘာသာရေးလို့ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းခဲ့တာမဟုတ်ဘဲ ဘာသာအသီးသီး၏ ဘာသာရေးအယူအဆပြင်းထန်သူများလို့ ညွှန်းဆိုသုံးနှုန်းခဲ့တာသာဖြစ်ကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့က ပြန်လည်ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG